Monday, July 30, 2007

ကိုယ့်အထွာနဲ့ ကိုယ်ပေါ့


“ဟိုမှာကြည့်စမ်း ကိုအောင်၊ ရှေ့နားက စုံတွဲက မမသင်းတို့ မဟုတ်လား”

“ဟုတ်မယ်ထင်တာဘဲ”

“ဟုတ်ပါတယ် ကိုအောင်ကလဲ မျက်စိက ဒီလောက်တောင် မကောင်းဘူးလား၊ လာ ခပ်သွက်သွက်လျောက်”

“အေးကလည်း မလောနဲ့ကွာ၊ တွေ့မှာဘဲဟာကို”

ဒီလိုနဲ့ ကိုအောင်ထွန်းတို့ ဇနီးမောင်နှံဟာ စင်္ကာပူ ဆန်တိုစာကမ်းခြေမှာ အပန်းဖြေ လမ်းလျောက်ရင်းနဲ့ ရန်ကုန်က အသိမိတ်ဆွေ ဒေါ်သင်းသင်းနဲ့ သူ့အမျိုးသားတို့ကို ဆုံတွေ့ခဲ့ကြတယ်။

“ဟယ် မမသင်းတို့ပါလား မတွေ့တာတောင်ကြာပြီ။ အားလုံး နေကောင်းကြလား”

“ဟယ် အေးအေးတို့၊ ကြည့်စမ်း ကြည့်စမ်း တစ်ခါတည်းကိုမှဘဲ ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် ဖြစ်နေပြီ။ အရင်ကနဲ့ တခြားစီဘဲ၊ အခုဘာတွေလုပ်နေကြလဲ”

“အို မမကလဲ သူများကိုကြီးဘဲ မပြောနဲ့လေ၊ မမကလည်း အရမ်းကို လှနေတာဘဲ၊ မနာလိုတော့ဘူး။
အခု အေးကတော့ ပင်နီဆူးလား ပလာဇာက မြန်မာဆိုင် တစ်ခုမှာ ၀င်ကူလုပ်နေတယ်၊ ရောက်တာကလည်း မကြာသေးတော့ နောက်ပြီး ဘာသာစကားကလဲ အခက်အခဲရှိတာနဲ့ ကိုအောင်ရဲ့ အသိမိတ်ဆွေနဲ့ ပတ်သက်ပြီး အဲဒီဆိုင်မှာဘဲ ၀င်လုပ်နေတာ”

“အို ညည်းမို့လို့ မြန်မာဆိုင်မှာ ၀င်လုပ်တယ်၊ ဘယ်နှယ့်တော် ဒင်းတို့က များများခိုင်းပြီး၊ နဲနဲပေးတာ၊ စင်္ကာပူက တရုတ်တွေထက်တောင် ပိုဆိုးသေးတယ်အေ့။ မလုပ်နဲ့။ တခြားအလုပ်ရှာပေါ့။ ဘာဖြစ်လဲ ကိုယ်က ပီအာ (အမြဲနေခွင်ရသူ) ဘဲဟာကို၊ ဘာမှ အောက်ကျမခံနဲ့”

“ဟုတ်တော့ ဟုတ်ပါတယ်လေ။ ဒါပေမဲ့လည်း အေးက အင်္ဂလိပ်စာ သိပ်မရတော့ နည်းနည်း စိုးရိမ်လို့။ ဒါနဲ့ မမတို့ အခုဘယ်မှာ နေကြလဲ”

“တို့က အခု အော့မိုကိုက ကွန်ဒုံး..အဲမဟုတ်ပါဘူး...ကွန်ဒိုမီနီယံမှာ ၀ယ်ထားတယ် စင်္ကာပူဒေါ်လာ မီလီယံဝက်လောက် ကျတယ်လေ။ နောက်ပြီး ညည်းအစ်ကိုက ရထားစီးရတာ အဆင်မပြေလို့ဆိုပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကဘဲ ကားဝယ်လိုက်တယ်။”

“မမတို့များ ဒီလောက်အဆင်ပြေနေတာတောင် ကိုယ့်ညီမကိုတောင် သတိမရဘူးပေါ့”

“အို..မဟုတ်ရပါဘူး ...အေးရယ်၊ မမကိုယ်တိုင်ကလည်း ကုမ္ပဏီအလုပ်တွေနဲ့ ရှုပ်နေလို့၊ ပြီးတော့ နင့်အစ်ကိုကလည်း စနေ၊ တနင်္ဂနွေပါမကျန် အလုပ်က များနေတာနဲ့ ဘယ်သူ့ကိုမှ မဆက်သွယ်ဖြစ်တာ၊ ဒီတပတ်တော့ မမအလုပ်သိပ်မရှုပ်ဘူး၊ အေးအေး အားရင် အိမ်ကို လာလည်ပါလား”

“အင်း.. ကောင်းသားဘဲ၊ ဒါပေမဲ့ ဆိုင်နဲ့ ညှိရအုံးမယ်။ အေးက စနေ၊ တနင်္ဂနွေ အလုပ်ဆင်းရလို့။ မမဖုန်းနံပါတ် ပေးထားလေ။ အေး ပြန်ဆက်မယ်”

“ဟုတ်ပြီလေ...အေးသဘော။ မလာခင် ဖုန်းဆက်လိုက်လေ၊ ကဲဒါဆို သွားကြမယ်။
ကိုအောင် သွားမယ်နော်”

“ဟုတ်ကဲ့ မမသင်း။ နောက်တော့မှ တွေမယ်။”

ဒီလိုနဲ့ အေးအေးတို့ ဇနီးမောင်နှံဟာ ကမ်းခြေဘက်ကို လမ်းဆက်လျောက်ခဲ့ပါတယ်။

“တွေ့လား ကိုအောင်၊ မမသင်းတို့တောင် အိမ်ဝယ်၊ ကားဝယ်ကုန်ပြီး၊ အေးတို့မှာ အခုထိ သူများအိမ်ငှားနေရတုန်း၊
နည်းနည်းပါးပါးလေးလဲ အားစိုက်ပါအုံး။ အေးလည်း ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်လှပြီ။”

“ဖြစ်လာမှာပေါ့ အေးရယ်၊ ဆန္ဒတွေ မစောလွန်းပါနဲ။ ကိုယ့်အထွာနဲ့ ကိုယ်ဆိုတာ မမေ့နဲလေ”

“အေးသိပါတယ်။ အေးက ပိုကြိုးစားဖို့ ပြောတာပါ။ ပြီးတော့ ကိုအောင်ဘက်က မိသားစုတွေကို ထောက်နေတာကိုလည်း နဲနဲလျော့တော့ပေါ့၊ သူတို့လည်း သူတို့ဖာသာ လုပ်ကိုင်စားပစေပေါ့၊ သူများကြီးဘဲ အားမကိုးစေနဲ့လေ၊ အဲလိုမှမလုပ်ရင် အေးတို့ ..ဒီတသက် ကိုယ်ပိုင်ကား ဘယ်လိုလုပ်ပြီး စီးနိုင်မှာလဲလို့။”

“တော်ပါအေးရယ်၊ ကဲ အပန်းဖြေကြစို့ကွာ၊ လာ ဟိုဘက်နားသွားကြအောင်”

“တွေ့လား သူ့အမျိုးအကြောင်းပြောပြီဆိုရင် စကားလမ်းကြောင်းကို ပြောင်းတယ်။ သိပ်စိတ်ဆိုးတာဘဲ သိလား”


+++

ပုံပြင်လေးကတော့ ဒါပါဘဲဗျာ။

တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုး တချို့ဟာ မရှိတာကို အရှိလုပ်ချင်ကြသလို၊ မကြွားသင့်တာကို ကြွားချင်ကြတာကို လက်တွေ့ ကြုံဖူးကြပါလိမ့်မယ်။ ဒီနေရာမှာ တချို့လား၊ အများစုလားဆိုတာ ကျွန်တော် မခန့်မှန်းတက်တာကိုတော့ ၀န်ခံပါရစေ။

အရှည်ကြီးကို မစဉ်းစားပါနဲ့ဦး၊ စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ အိမ်ဖော်တောင် ဘာနဲလာလည်းလို့ မေးရင် -- Silk Air နဲ့လာတယ်လို့ဖြေကြတယ်။ ဘယ်တော့မှ မြန်မာ့အဲဝေးလ်နဲ့ လာတယ်လို့ ပြောလေ့မရှိသလို စီးဖို့လည်း စိတ်ကူးမရှိကြဘူး။ သြော်....ဒုက္ခ ဒုက္ခ ... ကြွားရတဲ့ ဒုက္ခ။

ဒီနေရာမှာ အယူအဆတစ်ခုကို တင်ပြပါရစေ။
အနောက်နိုင်ငံတွေက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ပိုင်ဆိုင်မှုထက် အသုံးချဖို့အတွက် ခံယူကြတယ်။
အရှေ့တိုင်းနိုင်ငံများက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ငါ့ဥစ္စာ ငါ့ပိုင်ဆိုင်မှုဆိုပြီး ခံယူကြတယ်။

ဒါ့ကြောင့်လည်း အသုံးချဖို့ထက် အဲဒီပိုင်ဆိုင်မှုတွေကို စောင်ရှောက်ထိန်းသိမ်းရင်းနဲ့ဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်လွန်စေတယ်တဲ့။
အဲဒီ အယူအဆ မှားတယ် မှန်တယ်ဆိုတာ မိမိဖာသာ စိတ်ကြိုက် ဆုံးဖြတ်ပါ။

နိဂုံးချုပ်အရ ဤပုံပြင်ကိုထောက်၍ ..... အထူးသဖြင့် လူပျိုများအတွက်...

မိမိအထွာကို မိမိသိကြပါစေ။ (သန်ရာ သန်ရာ ဘာသာ မပြန်ပါနဲ့)
မိမိအပေါ်မှာ အထူးနားလည်ပြီး ကိုယ်ချင်းစာစိတ်မွေးနိုင်တဲ့ အိမ်ထောင်ဘက်တွေ ရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။..

++ ခံစားချက်များကို ဖော်ပြရေးသားခြင်းဖြစ်ပြီး မည်သည့်အဖြစ်အပျက်ကိုမှ မှီညမ်းထားခြင်းမရှိကြောင်း ၀န်ခံပါသည်။++

No comments: