Saturday, July 21, 2007

သာဓုပါ သာအေးရာ

ဒီရက်ပိုင်းတွေထဲမှာ အလှူဒကာတွေ တော်တော်များနေတော့ ဟိုကကျွေးလိုက် ဒီကကျွေးလိုက်နဲ့ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတဲ့ ကျွန်တော်တစ်ယောက်တော့ ချဖို့နေနေသာသာ ခန္ဓာကိုယ်အလေးချိန်က တိုးပြီးရင်းတိုးနေတော့ တာပါဘဲဗျာ။

ဒီနေ့လည်း နေ့လည်ပိုင်းလောက် မြို့ထဲမှာ ပြသနေတဲ့ “သင်နှင့် ကျန်းမာရေး” ပြပွဲကို သွားဖို့ဆိုပြီး အိမ်ကထွက်ခဲ့တယ်။ ဟိုရောက်တော့ ကျန်းမာရေးအကြောင်းသိကောင်းစရာများကို လေ့လာရင်း အမြည်းကျွေးသော စားသောက်ပစ္စည်းတွေကို ထုံးစံအတိုင်း အားမနာ လျာမကြိုး စားခဲ့တယ်။ ပြီးတော့ စင်္ကာပူအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြသတဲ့ ပြခန်းမှာ အခမဲ့ ကျန်းမာရေးစစ်ဆေးနေတာ တွေ့တာနဲ့ ကျွန်တော်လည်း ….ဘာရမလဲ…အလကားဆိုတော့….. ၀င်တန်းစီရင်း သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ကိုယ်ခန္ဓာကျန်းမာရေးစံနှုန်းစစ်ဆေးတာတွေကို လုပ်ခဲ့တယ်။ အဖြေထွက်လာတော့ ကြည်လိုက်တဲ့အခါ ကျွန်တော်ရဲ့ ကိုယ်အလေးချိန်ဟာ သာမန်ထက် ကျော်လွန်နေတာတွေ့ရတော့မှ ကျွန်တော့်ကို ကျွန်တော် သံဝေဂရမိတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကနဲလာပြီးကတည်းက မလုပ်ဖြစ်ဘဲ အစားဘဲ စားပြီးရင်း စားနေတာလည်း အကြောင်းတစ်ခုဘဲလို့ သတိထားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အစားအသောက်ကို စပြီး ဆင်ခြင်ဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ဆုံးမရင်း ပြပွဲကပြန်ထွက်လာခဲ့တယ်။

အဲဒီတော့မှာ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပြီး သူကဒီနေ့ ညစာကျွေးမယ်ဆိုလို့ ချိန်းဆိုထားတဲ့ အက်စ်စပန်နစ် ပြဇာတ်ရုံနေရာကို သွားခဲ့တယ်။ သူငယ်ချင်းအားလုံးပေါင်း လေးယောက်ဆိုတော့ ဈေးနှုန်းလည်းချို နေရာလည်း ကောင်းတဲ့ စားသောက်ဆိုင်ကို လိုက်ရှာကြတယ်။ ထိုင်းအစားအစာကို မစားရတာလဲကြာပြီဆိုတော့ ကျွန်တော်ကဘဲ အကြံပေးလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်တို့အားလုံး ပြဇာတ်ရုံဘေးနားက “Thai Express” စားသောက်ဆိုင်မှာ စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ရောက်တော့ အထဲမှာမထိုင်ဘဲ ဟိုဟိုဒီဒီလည်း ကြည့်လို့ရအောင်ဆိုပြီး အပြင်ခုံမှာထိုင်ကြတယ်။

စားစရာမှာမယ်ဆိုတော့ သူငယ်ချင်းအားလုံးကလဲ မင်းသဘောဆိုတာနဲ့ ကျွန်တော်လည်း ကိုယ်လဲကြိုက်စေ ---အာပတ်ပြေ ---သူတို့လည်းကြိုက်စေဆိုတဲ့အတိုင်း ထိုင်းအလွမ်းပြေ အောက်ပါ အတိုင်း မှာလိုက်သတည်း….

ကြက်သားအုန်းနို့ဟင်း၊ ပင်လယ်စာ အစပ်ဟင်း၊ သင်္ဘောသီးထောင်း၊ ပဲပြားကြော်သုတ်၊ ထုံရမ်းကွန့်၊ ကန်စွန်းအချိုကြော်၊ ပြီးတော့ အချိုပွဲအတွက် သရက်သီးအုန်းနို့စမ်းကောက်ညင်း၊ ငှက်ပျော အုန်းနို့ရေခဲမုန့်၊ ထောပတ်သီးဖျော်ရည်၊ သီးစုံရေခဲမုန့်တွေကို မှာလိုက်တယ်။

ဗိုက်စာနေကြပြီဆိုတော့ ကျွန်တော်တို့လည်း အားပါးတရ ဇူစကာပုဏ္ဏားအတိုင်း လက်ကျန်မရှိ အကုန်ကွိလိုက်ပါတယ်။ ခုနတုန်းက ကိုယ့်ကိုယ်ကို ဆုံးမထားတဲ့ ဆုံးမစကားတွေက စားနေရင်း ခေါင်းထဲတော့ ပေါ်လာတယ်။ ဒါပေမဲ့လည်း အခုစားတာက အမြဲတမ်းစားရတာမဟုတ်တော့ဗျာ ….. ကိုယ့်ကိုယ်ကိုဘဲ ဖျောင်းဖြရင်း အကုန်လုံး ကျွန်တော်က ဦိးဆောင်ပြီး တွယ်လိုက်ပါတော့တယ်။
ကျွန်တော့် သိစိတ်ကတော့ --- ဒီလိုပုံစံမျိုးနဲ့ဆို ဘယ်လိုလုပ်ပြီး ကိုယ်အလေးချိန်ကို သွားချမလဲ ----လို့ ထပ်ခါတလဲလဲ ကြိမ်းဝါးနေတော့တာပါဘဲဗျာ။

ကျွန်တော်ကတော့ ဘာဘဲပြောပြော သူများက စေတနာအပြည့်နဲ့ကျွေးတာဆိုတော့ အထမြောက်အောင်တော့ စားရမှာပေါ…ဟဲဟဲ…။ စားပြီးပြီဆိုတော့ ထုံးစံအတိုင်း စိတ်ထဲကတော့ ဆုပေးလိုက်ပါတယ်…ဗျာ။

“သာဓုပါ သာအေးရာ -----မောင်မင်းကြီးသားတစ်ယောက် --- ဒီထက်ပိုပြီး အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့ပြီး ရည်မှန်းထားသော အိမ်ထောင်ဘက်ကို လျင်စွာမုချ ရနိုင်ပါစေလို့….”

No comments: