Sunday, May 18, 2008

ရှိသင့်သော စိတ်ဖိအား စွမ်းအင် - Stress Performance Connection


ယနေ့ခေတ်လူတိုင်းလိုလို စိတ်ဖိစီးမှုဆိုတဲ့ ခံစားမှုကို ကြုံနေကြတာဟာ မြေကြီးလက်ခတ်မလွဲပါ။ အထူးသဖြင့် မိမိဟာ အမြင့်ကို အဆင့်ဆင့် မျှော်မှန်းပြီး ကြိုးစားနေတဲ့သူဆိုရင် ပိုပြီး ရင်ဆိုင်ရမှာ ဖြစ်တယ်။ ဥပမာ - မိမိရှေ့မှာ သတိမူတဲ့ ကလေးတစ်ယောက် လမ်းအလယ်မှာ ဖြတ်ပြေးရင်း ကားအလာနဲ့ကြုံလို့ လက်တကမ်း ကယ်တင်လိုက်တာမျိုး၊ မီးလောင်နေတဲ့အခါ တချို့လေးပင်သော အရာကိုပင် အလွယ်တကူ မသယ်သွားလိုက်တာမျိုး၊ သရဲကြောက်လို့ ၁၅ မိနစ်လောက်ပြေးရမဲ့ လမ်းကို ၅ မိနစ်နဲ့ ပြေးခဲ့တာမျိုး၊ လူကြီး အဆူခံရမှာကြောက်လို့ ၁ ရက်လောက်လုပ်ရမဲ့အလုပ်ကို နေ့ဝက်ထဲနဲ့ ပြီးစီးခဲ့တာမျိုး.. စတာတွေဟာ အံ့သြစရာကောင်းလောက်အောင် မိမိရဲ့ စွမ်းအင်တွေဘဲဆိုတာကို လျစ်လျူရှုလို့မရကောင်းပါ။ ဤကဲ့သို့ အမှတ်တမဲ့ ရုတ်တရတ် ကြုံတဲ့အခါမှာ မိမိတို့ခန္ဓာကိုယ်မှာရှိတဲ့ စိတ်စွမ်းအားတွေအာ တမဟုတ်ချင်း စုပေါင်းသွားပြီး အထူးသဖြင့် မိမိတို့အနေနဲ့ လျပ်တပြတ် တုံ့ပြန်လိုက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ကြတယ်။

အထက်မှာ ဖော်ပြခဲ့သလို စိတ်ဖိစီးတိုင်းကို လူတိုင်းကြုံဖူးကြပါတယ်။ လူအမျိုးမျိုးအလိုက် စိတ်ဖိစီးမှုဟာ အနည်း အများ အမျိုးမျိုးရှိတတ်ကြတယ်။ ဒါပေမဲ့ ရှိသင့်တာထက် ပိုပြီး မထားသင့်ပါ။ အဓိကအရေးအကြီးဆုံးက အဲဒီ့ စိတ်ဖိစီးမှုတွေကို ဘယ်လို မိမိတို့ မှန်ကန်သော ဘက်မျှသောနည်းနဲ့ တုံ့ပြန်ကြမလဲဆိုတာဘဲ။ ဒါကို ကျွန်တော်နားလည်သော ပုံစံနဲ့ ဆွေးနွေးကြရအောင်။

ပထမဦးဆုံး လုပ်ရမည့်ကိစ္စက မကောင်းတဲ့စိတ်ဖိစီးမှုတွေကို အကောင်းဘက်ဦးတည်တဲ့ စိတ်ဖိစီးမှုဖြစ်အောင် ပြောင်းပေးဖို့လိုတယ်။ ပြီးတော့ အဲဒီ မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိဘ၀တက်လမ်းအတွက် အောင်မြင်အောင် ဘယ်လို အထောက်အပံ့ပေးနိုင်တယ်ဆိုတာကို နားလည်အောင် ကြိုးစားရမှာဖြစ်တယ်။

၁) စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိအတွက် အလုပ် လုပ်ဆောင်ဖို့ လှုံဆော်မှု တစ်ခုဖြစ်တယ်။


အလုပ်တစ်ခုလုပ်ဖို့၊ အောင်မြင်ဖို့အတွက် မိမိကိုယ်တိုင်က တက်တက်ကြွကြွ လှုံ့ဆော်တိုက်တွန်း အကောင်အထည်ဖော်ဖို့လိုတယ်။ အဲဒီအတွက် မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအားရှိရမယ်။ အကယ်၍ စိတ်ဖိစီးမှုများပြန်ရင်လည်း ကတုန်ကရင် စိတ်လှုပ်ရှားမှု၊ စနစ်တကျ မစီမံနိုင်မှု၊ စတဲ့ မလိုလားအပ်တာတွေ ဖြစ်နိုင်တယ်ဆိုတာကို သဘောပေါက်ရမယ်။ ထားရှိသင့်သော စိတ်ဖိစီးမှုစွမ်းအားသာလျှင် မိမိအလုပ်ကို အလျှင်မြန်ဆုံး၊ အကောင်းဆုံး၊ သတ်မှတ်ထားတဲ့ အချိန်အတွင်း စနစ်တကျ လုပ်ဆောင်နိုင်မှာဖြစ်တယ်။


၂) စိတ်ဖိစီးမှုစွမ်းအင်ဟာ အလုပ်ကို လျှင်မြန်ပြီးမြောက်စေသော အရည်အချင်းရှိတယ်။


စိတ်ဖိစီးမှု စွမ်းအင်မရှိဘဲနဲ့ ဘယ်အလုပ်ကိုမှ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။ လူတိုင်းဟာ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ပျင်းတတ်၊ နှေးကွေးတတ်တာ ဓမ္မတာပင်။ အလွယ်လမ်းကို လိုက်ချင်ကြတယ်။ ကြိုတင်ပြင်ဆင်ခြင်းမရှိ နောက်ဆုံးအချိန်ကြမှ ကမန်းကတန်းလုပ်ချင်ကြတယ်။
လုံလောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်သည် မိမိအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်စေနိုင်တယ်။ ဥပမာ - စိတ်အားထက်သန်မှု စွမ်းအားကြောင့် ၁ပတ်လုပ်ရမည့် အလုပ်ကို ၁ရက်တည်းနဲ့ ပြီးစေတဲ့ အဖြစ်အပျက်မျိုး။


၃) စိတ်ဖိစီးမှုစွမ်းအင်ဟာ အောင်မြင်မှုကို ဦးတည်စေတယ်။

ဆူနာမီရေလှိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ အသက် ၃၂နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ ၆ ရက်လုံးလုံး အစာရေစာ မစားသောက်ရသော်လည်း စိတ်မလျော့တမ်း ကြိးစားပန်းစား သစ်သားတုံးနဲ့ ကူးခတ်ပြီး နီးစပ်ရာ ကမ်းကို အောင်မြင်စွာ ရောက်ရှိခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင် ကျွန်တော်တို့ နားလည်နိုင်ပါတယ်။ အကယ်၍များ အဲဒီအမျိုးသမီးက သေရမှာကို ကြောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ကို မှန်မှန်ကန်ကန် အသုံးမချလို့ တော်ပါပြီ သေလဲ သေပါစေတော့ဆိုပြီး ဒီအတိုင်း ရေစုန်မျောခဲ့ရင် အခုအချိန်ထိ လူ့လောကထဲမှာ ရှင်သန်မှာမဟုတ်။ ဒါ့ကြောင့် ထားရှိသင့်တဲ့ စိတ်စွမ်းအင်ဟာ မိမိတို့ ဘ၀မှာ လုပ်ဆောင်ကြတဲ့ အလုပ်တွေကို အောင်မြင်အောင် အထောက်အကူပေးနိုင်တယ်။



တချို့သောသူတွေ အများက အံ့သြလောက်အောင် စွမ်းဆောင်ခဲ့ကြလို့ လုပ်ငန်းအတူတူချင်းမှာတောင် နေရာကောင်း ရနေကြတာဟာလဲ လက်တွေ့ ဥပမာတစ်ခုပါဘဲ။ ဘ၀မှာ ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ရည်ရွယ်ချက်မရှိတာနဲ့ အတူတူဘဲ။ တနည်းအားဖြင့် ဘာကိုမှ ခက်ခက်ခဲခဲဆိုရင် မလုပ်ချင်ဘူး၊ ပျင်းရိငိုင်တွေ၊ အပျော်အပါးလိုက်စားဖို့ကိုဘဲ ဦးတည်နေကြတယ်။ ရည်ရွယ်ချက်မရှိမှတော့ ဘယ်လိုလုပ်ပြီး ဘာကို အောင်မြင်အောင် ဆောင်ရွက်ရမှလဲ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ရေစုန်မျှောရင်းနဲ့ အသက်သေသွားကြသူတွေဟာ မရေမတွက်နိုင်ပါ။


၎) စိတ်ဖိစီးမှုစွမ်းအင်ဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။

ဆေးပညာလေ့လာတွေ့ရှိမှုအရဆိုရင် ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု ခွန်အားစတင်ချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ဓာတုဗေဒစွမ်းအားတွေဟာ အလိုလို ထုတ်လွတ်လိုက်သောကြောင့် ခုခံစွမ်းရည်ကို ပိုမိုကောင်းမွန်စေပြီး မိမိဦးနှောက်ကိုလည်း အလုပ်များများစွမ်းဆောင်နိုင်အောင် အကျိုးပြုစေပါတယ်လို့ဆိုပါတယ်။


ဒါ့ကြောင့် နေ့စဉ် လုပ်သော မိမိအလုပ်မှာ တပ်နိုင်သမျှ မှန်ကန်သော စိတ်ဖိစီးမှုစွမ်းအင်ကို ပေါ်ပေါ်က်စေဖို့ အထူးကြိုးစားပါ။ ဒါမှလည်း မိမိကိုယ်တိုင်က ကြိုးစားပန်းစားနဲ့ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။


စိတ်ဖိစီးမှုများရင် စိတ်လှုပ်ရှားမှု၊ အလုပ်မှန်သမျှ အစီအစဉ်မကျမှုတွေဖြစ်တယ်။
စိတ်ဖိစီးမှုမရှိ၊ နည်းရင် အိပ်ချင်ငိုက်မျည်း၊ နိုးနိုးကြားကြားမရှိမှု တွေဖြစ်တယ်။
လုံလောက်သော မျှတသော စိတ်ဖိစီးမှုစွမ်းအားသာလျှင် အရာရာကို အကောင်းဆုံးအဆင့်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။



နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးက စိတ်ဖိစီးမှုစွမ်းအားကြောင့် မိမိဒုက္ခမရောက်အောင် ကြိုးစားပါ။ အဲဒီ စိတ်ဖိစီးမှုစွမ်းအင်ကို မိမိကောင်းစားဖို့အတွက် အသုံးချတတ်အောင် လုပ်ဆောင်ပါ။

Sunday, February 17, 2008

သူ့ဟာနဲ့သူပေါ့ ကိုစင်္ကာပူရယ် - My ways


ဒီနေရာမှာ မူလ ရည်ရွယ်ချက် အပြုသဘောဆောင် ခံစားချက် သက်သက်ကိုသာ တင်ပြဖို့ ဦးတည်ပါတယ်။ အကယ်၍ မိမိကိုယ်တိုင်က အပြုသဘောနဲ့ ဦးတည်ပြီး ပြော၊တွေး၊ ဆက်ဆံမယ်ဆိုရင် မိမိအတွက်သာမက အများအတွက်ပါ အကျိုးရှိတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါဘဲ။

တချို့ကပြောတယ်.. အထူးသဖြင့် မြန်မာပြည်မှာနေတုန်းကပေါ့..

“လုပ်မနေပါနဲ့…အလကားဘဲ..တက္ကသိုလ်တက်လည်း ဘာထူးလို့လဲ၊ ပြီးတော့ ဆိုက္ကားနင်းစားရတာ၊ သိပ်ပြီးဦးနှောက်ခြောက်မခံနဲ့”

“ဟဲ့ စာတွေချည်းသိပ်လုပ်မနေနဲ့ ဂေါက်သွားအုံးမယ်”

“ကြည့်စမ်း….ကြည့်စမ်း….မဟာဘွဲ့လည်းရထားတယ်…အင်္ဂလိပ်လိုတောင် မပြောတက်ဘူး ရှက်စရာချည်း”

စသဖြင့်ပေါ့ဗျာ…အားလုံး အမိမြန်မာပြည်မှာ နေဖူးကြရင် အဲဒီလို တွတ်ထိုးတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။

ဒါပေမဲ့ လူတိုင်း အဲဒီလို မဟုတ်ဘူးဆိုတာကိုတော့ နားလည်ဖို့လိုပါတယ်။

တချို့က ကိုယ်တက်ချင်တာနဲ့ ရတဲ့အခွင့်အရေးကတခြား၊ ဘွဲ့ရပြန်တော့လည်း မိမိစိတ်မ၀င်စားလို့ တခြားအလုပ်ကိုလုပ်ရတယ်။

အချို့က လူအများရေပန်းစားတဲ့ဘာသာကို လျောက်ယူ ပြီးတော့မှ ကိုယ်တကယ်စိတ်မ၀င်စားမှန်းသိလို့ တခြားအလုပ်ကိုလုပ်ရတယ်။

တချို့က မိမိစိတ်ဝင်းစားတဲ့ဘာသာကို ယူချင်လုပ်ချင်၊ ရခွင်ကြုံပြန်သောလည်း မိသားစု စားဝတ်နေရေးကြောင့် တခြားဘာသာကိုယူရင်းနဲ့ အလုပ်လုပ်ရတယ်။

ဒီအခြေအနေတွေကို ပြန်လည် စဉ်းစားကြည့်ရင် အများစုဟာ ရင့်ကျက်မှု မပြည့်ဝသေးတဲ့အပြင် သူတစ်ပါးရဲ့ ပါးစပ်ဖျားမှာ အသက်ရှင်ချင်တဲ့သူတွေဖြစ်နေတယ်ဆိုတဲ့အချက်၊ နောက်တစ်ချက်က အခွင့်မသာတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေရလို့ဘဲ ဖြစ်တယ်ဆိုတာကို တွက်ဆမိကြပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအရေးကြီးဆုံးက ဘာသာရပ်တိုင်းမှာ အနှစ်သာရရှိတယ်။ အဲဒီအနှစ်သာရကို မိမိကိုယ်တိုင်က သိအောင်လုပ်ဖို့၊ ရထားတဲ့ဘွဲ့နဲ့ တန်အောင်လုပ်ထားဖို့လိုပါတယ်။ အခွင့်သာ၍ တိုင်းတစ်ပါး မှာ အလုပ်လုပ်ရင်တောင် အဲဒီ့ဘွဲ့ တစ်ခုဟာ မိမိအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါဘဲ။ တစ်ခုတော့ရှိတယ်.. ထိုက်တန်အောင် ကြိုးစားဖို့က မည်သူ့ကြောင့်နဲ့မှ မဆိုင်.. မိမိတစ်ဦးတည်းနဲ့ သာဆိုင်ပါတယ်ဆိုတဲ့အချက်ကို မမေ့ဖို့ဘဲ။

လွန်ခဲ့တဲ့ လတုန်းက ဆိုင်နာဂျီခန်းမမှာ ကျင်းပတဲ့ ဈေးကွက်ဖော်ဆောင်ရေးအကြောင်း ဟောပြောပွဲတစ်ခုမှာ အသိတစ်ဦးရဲ့ မိတ်ဆွေနဲ့ တွေ့တုန်းက အဲဒီအမျိုးသမီးကြီးက ကျွန်တော်ကို ရင်းရင်းနီးနီမိတ်ဆက်ပြီး သူ့အကြောင်းကို ပြောပြပါလေရော…ကျွန်တော်လည်း နားရှိလို့သာ နားထောင်ခဲ့ရတယ်… တကယ့်ကို ငရုတ်သီးစိမ်းစားလိုက်ရသလိုဘဲ..ပူစပ်ပူလောင်ဖြစ်သွားတယ်။

“အို..တွေ့တုန်းပြောရအုံးမယ်ရှင်။ တို့မှာ မြန်မာပြည်က အိမ်ဖော်တစ်ယောက်ငှားထားတယ်။ ပညာအရည်အချင်းက ဓာတုဗေဒဘွဲ့ရထားတာ။ တို့တောင့် အထက်တန်းအထိဘဲ ကျောင်းတက်ခဲ့ရတာ။ သိပ်စိတ်ပျက်ဖို့ သိပ်ကောင်းတယ်ရှင်။ အင်္ဂလိပ်စကားလည်း မပြောတတ်ဖူး။ မျက်စိပွင့် နားပွင့်လည်း မရှိဘူးရှင် ”
ဟိုက်..တခါတည်း ကျွန်တော် ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီတော့ ညင်ညင်သာသာ..

“အင်း..သူလည်း ဘယ်ပတ်ဝန်းကျင်ကနေပြီး ကြီးထွားလာလည်းမှ မသိတာဗျာ” လို့ဘဲ ယေဘုယျ ဖြေပြီး ခပ်သုတ်သုတ် ထွက်ခဲ့တယ်။

နောက် အတွေ့အကြုံတစ်ခုကို ဖောက်သည်ချချင်ပါသေးတယ်။ လွန်ခဲ့သော နှစ်က ကျွန်တော်နဲ့အတူ အသိမိတ်ဆွေ စင်္ကာပူနိုင်ငံသားနဲ့ အမိမြန်မာပြည်ကို အလည်အပတ်သွားခဲ့တုန်းက အဖြစ်အပျက်ပါ။

ရောက်တုန်းရောက်ခိုက် ဟိုသွား ဒီသွား လျောက်လည်ကြပေါ့။ တစ်နေ့မှာ ကျွန်တော်ခင်မင်ရတဲ့ အသိမိတ်ဆွေ တစ်ချို့နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ညစားအတူတူ စားဖို့ ဖိတ်ခဲ့တယ်။ ဒီလိုနဲ့ စားသောက်ဆိုင်ရောက်တော့ သူငယ်ချင်း လေးယောက်လုံးကလည်း ရောက်နေကြပြီ။ မှာစရာရှိတာမှာစားရင်း စကားလက်ဆုံကြခဲ့ကြတယ်။

သူ့အကြောင်း၊ ကိုယ့်အကြောင်း မိတ်ဆွေဖြစ် စကားပြောရင်း မိတ်ဆွေ စင်္ကာပူနိုင်ငံသားက …
“မင်းတို့ဘာဘွဲ့နဲ့ ရထားလို့ အခုအလုပ်တွေလုပ်နေကြတာလဲ” ဆိုတဲ့မေးခွန်းကိုမေးလို့ ကျွန်တော့် သူငယ်ချင်း ယောင်းယင်းများက အားကြိုးမာန်တက် ပြန်ဖြေခဲ့ကြတယ်။ ဒီတော့ ကျွန်တော့်မိတ်ဆွေက စဉ်းစားရင်း နဲ့ ကျွန်တော်တို့ကို … မင်းတို့ဟာက တစ်ခုခုတော့ မှားနေပြီ။ အဲဒါဘာမှားလဲတော့ ငါမသိဘူး။ တဲ့..

ဟုတ်တာပေါ့…ကြည့်ပါဦိး။..

“ရူပဗေဒဘာသာနဲ့ မဟာဘွဲ့ရတဲ့သူက စားသောက်ဆိုင်အလုပ်ကိုလုပ်တယ်..
အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရတဲ့သူက ကွန်ပျူတာ ဒီဇိုင်းနာအလုပ်ကိုလုပ်တယ်
သမိုင်းဘာသာနဲ့ ဘွဲ့ရတဲ့သူက ကွန်ပျူတာ ပရိုဂရမ်ရေးတဲ့အလုပ်ကိုလုပ်တယ်
စီးပွားရေးနဲ့ ဘွဲ့ရတဲ့သူက သင်္ချာဘာသာကျူရှင်ဖွင့်တဲ့ အလုပ်ကိုလုပ်တယ်”

ဒီတော့ ကိုယ်ရတဲ့ဘွဲ့နဲ့ ကိုယ်လုပ်တဲ့အလုပ်က သဟဇာတ အံကိုက်မဟုတ်ဘူးဆိုတာကို ထောက်ပြီး စင်္ကာပူနိုင်ငံသားက ..တစ်ခုခုတော့ မှားနေပြီ လို့ ပြောခဲ့ခြင်းဖြစ်တယ်။ ကျွန်တော်လည်း ထပ်ပြီး အကျယ်ချဲ့ မပြောချင်တာနဲ့ (ပြောရင်လည်း ပိုရှုပ်ကုန်မှာစိုးလို့) ..ဖာဖာထေးထေး “ဒီလိုတော့ရှိတယ်မစ္စတာရ၊ ရတဲ့ဘွဲ့နဲ့ အလုပ်က မတူပေမဲ့လည်း အဲဒီ့ဘွဲ့ပညာကို အလုပ်မှာ ပြန်အသုံးချလို့ရတယ်ဗျ” လို့ ပြန်ပြောခဲ့ပါတယ်။

ကျွန်တော့ စိတ်ထဲတော့ …အင်း…မှားနေတယ်ဆိုရင် အမှန်ပြင်ဖို့ တာဝန်ရှိတယ်.. ဆိုတာကို အဲဒီတုန်းကတည်းက တွေးမိပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ဗျာ.. လူလိမ်မာ့သား ယဉ်ပါးရမယ်ဗျ..

သူ့ဟာနဲ့သူပေါ့ ကိုစင်္ကာပူရယ်….

Sunday, January 27, 2008

ဒို့ကတော့ ကိုယ်ဌာနေမှာဘဲ

ကျွန်တော်တို့ မြန်မာလူမျိုးအများစု အထူးသဖြင့် ငွေကုန်ထံလူများဟာ နာမကျန်းဖြစ်ပြီဆိုရင် အမိနိုင်ငံထက်ကို အခြားနိုင်ငံများဖြစ်သော ထိုင်း၊ စင်္ကာပူစတဲ့ နိုင်ငံတွေကို သွားကုသဖို့ စိတ်ကူးကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်မြင်တာကတော့ ကုသဖို့ထက် အများအမြင်မှာ အထင်ကြီးခံချင်ကြဖို့က များပါတယ်။ နိုင်ငံခြားမပြောနဲ့ ပြည်တွင်းမှာ ကုသမှုခံယူတဲ့အခါတောင် တခါတလေ သူတို့ပြောတာကို နားထောင်မိကြရင် တော်တော်လေးကို ရယ်စရာကောင်းပါတယ်ဗျာ။

“အန်တီ နေကောင်းရဲ့လား”

“အေးကွယ် အခုတော့ ပါရဂူနဲ့ ပြနေရတယ်ကွယ့်”

အားလုံးလဲ ဒီလို ဒီလို ကြားဖူးကြပါလိမ့်မယ်။ နာမကျန်းဖြစ်တာကိုတောင် ဂုဏ်တုဂုဏ်ပြိုင် သေမင်းကို အံတုပြီး ကြွားနေကြသေးတယ်..အံ့ရော...အံ့ရော..ဗျာ။ တော်ပြီပေါ့ ဆေးကုနေရတယ်ဆို။ သူတို့ကိုယ်တိုင် သူတို့မသိ၊ ပါရဂူနဲ့ပြမှတော့ဖြင့် သေဖို့ကပိုပြီး နီးစပ်နေပြီဆိုတာကို။ ရောဂါကိုတောင် ပုံကြီးချဲ့ချင်သေးတယ်။ ဘယ်ကဘယ်ပုံဖြစ်တာ ဘယ်လိုလုပ်မှ ရတာ အစရှိသဖြင့် သူတို့မို့လို့ မကြောက်ကြတယ်။

အဲ..ပိုပြီး တပ်နိုင်..နိုင်ငံခြားသွားကုကြပြန်ပြီဆိုလို့ကတော့ ဘာပြောကောင်းလိုက်မလဲ...ကြွားဖို့က တတန်းကြီး...မြန်မာပြည်တောင် ပြန်မရောက်လာသေးဘူ...ကျန်ခဲ့တဲ့ ဆွေမျိုးညာတိတွေက ဘယ်လိုကဘယ်ပုံ ....ပုံကြီးချဲ့ပြောကြ။ အို...စိတ်ပိန်စရာ သူတို့အစားဗျာ...






ဥပမာအနေနဲ့ဆို...အခု စင်္ကာပူမှာ အထွေထွေကု ဆရာဝန်နဲ့ပြမည်ဆိုရင် အနည်းဆုံး ဒေါ်လာ ၃၀ လောက်ကျတယ်..ဒါရိုးရိုး ဖျားနာတဲ့အခါနော်..အဲဒီတော့ တွက်ကြည့်ပေါ့ဗျာ... ခွဲစိတ်ဘာညာလုပ်ရမယ်ဆိုရင် ... ဘယ်လောက်တောင် ဖြစ်သွားမလဲဆိုတာပေါ့။ သွားရောဂါဖြစ်လို့ ဆရာဝန်ဆီသွားကြည့် ..သွားတစ်ချောင်းနုတ်မယ်ဆိုရင် ဒေါ်လာ ၂၀၀ အထက်မှာ ရှိတယ်။ ကျွန်တော်တို့လို အညတရတွေအတွက်ကတော့ ကိုယ်ကိုယ်တိုင် ဒေါက်တာရမ်းကုလုပ်၊ မလုပ်နိုင်ရင် ဆေးဆိုင်က ဆေးရောင်းတဲ့ သူဆီမေးမြန်း၊ ဒါမှမဟုတ် ရောဂါမှန်သမျှစုထား မြန်မာပြည်ပြန်မှ ...ဟဲ.ဟဲ အထူးကုနဲ့ပြတယ်။ အဲဒီသွားကို မြန်မာပြည်မှာ ပြန်လုပ်ရင်လေ...ငွေ သုံးလေးသောင်းနဲ့ အဲယားကွန်းရှိတဲ့ ဆေးခန်းမှာ ဆရာဝန်က တစ်ယောက်၊ သူနာပြုက သုံးယောက်လောက် ပြုစုတာကို ခံပြီး ကုလို့ရတယ်။

...အဲဒီလိုပြောပြတော့ ကျွန်တော့်သူငယ်ချင်း အကြံပေးတာကို ပြောပြချင်တယ်။

“မင်းကွာ ဒါများ ရန်ကုန်မှာ ဆရာဝန်အမျိုးသမီးတွေ တစ်ပုံကြီး၊
တစ်ယောက်လောက်ကို အိမ်ထောင်ပြုလိုက်ပါလား”
တဲ့။

ဟုတ်ပဗျာ တော်တော်လေးကို ကောင်းတဲ့အကြံပါ။ သူပြောတာကတော့ လွယ်လွယ်လေး။ အဲဒီဆရာဝန်က စင်္ကာပူရောက်ရင် ဆရာဝန်မှမဟုတ်တော့တာ။ ဆေးကု လက်ထောက်တို့ ဘာတို့နဲ့ဘဲ စပြီး အလုပ်လုပ်ရတာ။ ပြီးတော့ သူပြောတဲ့အတိုင်းဆို ဟုတ်ပါရဲ့။ မသကာ သူကကိုယ့်ကို မကုဘဲ.. ကိုယ်ကပြန်ပြီး သူဖြစ်သမျှ ရောဂါပေါင်းစုံကို ပြန်ကုနေရရင် ..ကိုအ၀ှာပြောသလို..

“ကုလားခပ်တဲ့ရေ ကုလားအ၀ှာကို ဆေးတာနဲ့ ကုန်ရော” လိုဖြစ်နေအုံးမယ်လို့ စိတ်ထဲတော့တွေးမိပါရဲ့။

ဆေးကုသစရိတ်က ကြီးရတဲ့အထဲ သူ့ပါပေါင်းပြီး ကုပေးရအုံးမယ်ဆိုရင် အမလေး..အမေရေ.... ဒီတစ်သက်တော့ ပရာဒို..၀ယ်မစီးနိုင်တော့ပါဘူးလို့ ငြီးရမလို့တောင်ဖြစ်နေပြီ။

ဒါ့ကြောင် အခုတော့ မိမိကိုယ်ကို မိမိဂရုစိုက်မှ၊ ကိုယ်ဖြစ်ရင် ဘယ်ငတိမှ အနားမှာရှိမှာ မဟုတ်ဘူးဆိုတာကို။ (လူပျိုတစ်ယောက် အနေနဲ့ပေါ့ ဟဲ..ဟဲ)