Sunday, July 15, 2007

ကျွန်တော်နှင့် အုလု အုလု ခရီး


စိတ်ပြေလက်ပြောက် တခါတလေ ခရီးထွက်တဲ့အခါတိုင်း တစ်ခုမဟုတ် တစ်ခုကတော့ အမှတ်ထင်စရာကို ကျန်ခဲ့အတာက ကျွန်တော့် စတိုင်။ ဒီနှစ် ဇွန်လက ရန်ကုန်က အလည်ပြန်လာပြီး စိတ်ထဲ အပန်းဖြေအငွေ့တွေက မကုန်သေးတာနဲ့ သူငယ်ချင်းအဖော်နဲ့အတူ စင်္ကာပူ နယ်စပ်အနီးက မလေးရှားကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ ဂျိုဟိုးကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့က စနေနေ့၊ ပုံမှန်ဆိုရင် အလုပ်တော့ မဆင်းရဘူး။ ဒါပေမဲ့ လောပန်ဇနီးမောင်နှံက ဟောင်ကောင်မှာ ရောက်နေတော့ ရုံးကို ကြည့်ပေးပါဆိုတာနဲ့ အခမဲ့ အချိန်ပိုမရတဲ့ နေ့တ၀က်လောက်ကို ရုံးမှာ ဘာလိုလို ညာလိုလို လုပ်ရင်းနဲ့ လှူခဲ့ရသေးတယ်လေ။

အချိန်အားဖြင့် နေ့လည် ၁နာရီလောက် စင်္ကာပူကနေထွက်လာပြီး လိုင်းကားနဲ့ မလေးရှားဘက်ကို ကူးခဲ့တယ်။ မလေးရှားဘက်ကူးမဲ့ကားပေါ်တက်ကတည်းက စပြီး မလေးရှားရဲ့ အငွေ့အသက်ကို စတင်ခံစားရပါပြီ။ ကားဆရာက ကားအပြင်အောက်ကနေ မှန်တံခါးပေါက်တွေကို တဒုန်းဒုန်းနဲ့အော်ဟစ်ထုပြီး မတ်တပ်ရပ် ခရီးသည်တွေကို ကားနောက်ပိုင်းကို တိုးရန် အော်ဟစ်ပြောတော့တာဘဲ။ တစ်ခါမှ ဒီလိုအတွေ့အကြုံမျိုးကို စင်္ကာပူမှာ မကြုံဘူးပါဘူး။ ကျွန်တော့်တို့လည်း အတင်းတိုးဝှေရင်း အဆင်းပေါက်နဲ့နီးတဲ့နေရာလောက်မှာ ဆင်းရလွယ်အောင်လို့ ခိုကပ်ပြီးလိုက်ခဲ့တယ်။

ကားရပ်တော့ ကားပေါ်ကပြေးဆင်းပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးကောင်တာမှာ အပြေးအလွှားတန်းဆီကြ။ အားလာလာ.... နိုင်ငံခြားသားဆိုတဲ့ ဂိတ်မှာ လူပေါင်းမြောက်များစွာ ....ရာသီကပူပူ၊ အဲယားကွန်းက လက်တစ်ဆစ်လောက် အေးအေး၊ တန်းဆီတဲ့ဆီ မရောက်နိုင်တဲံ ပန်ကာလေက တဝှေ့ဝှေ၊ နံလိုက်တဲ့ အမွှေးနံ့နဲ့ လူစော်က စိတ်ပျက်စရာ အစီစီ၊ ကောင်တာက ပတ်စပို့စစ်တဲ့ အရာရှိတွေက ဘယ်သူမှ ဂရုမစိုက်တဲ့မျက်နှာထားနဲ့ ပက်ကျိသွားသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်ကို စစ်ဆေးနေတော့ အရပ်ကတို့ရေ ၁နာရီကျော်လောက်ကြာကြာ ကျမှ ကျွန်တော့်တို့အလှည့်ရောက်တယ်။ မြန်မာပတ်စပို့ဆိုတော့ သိတဲ့အတိုင်းပါဘဲဗျာ ဟိုလှန် ဒီလှန် ဟိုကြည့် ဒီကြည့် သူ့ဆွေမျိုးမဟုတ်တဲ့အတိုင်း မျက်နှာကြည့်လိုက် ပတ်စပို့ကိုကြည့်လိုက်နဲ့ စိတ်ပိန်စရာ ၀န်ဆောင်မှုနဲ့ ပေးချင်မပေးချင် ၀င်ခွင့် ပေးခဲ့တယ်လေ။ ဒါတောင် တော်သေးတယ်ဗျာ မြန်မာပြည်လို ကြားဖြတ်တဲ့ဆွေတော်မျိုးတော်တွေမရှိလို့။

မြန်မာပြည်ကို ပြန်ရောက်သွားသလိုပါဘဲဗျာ ... ဆိုင်ကယ်သံ ကားသံ လူသံတွေက တညံညံနဲ့ ဒီကြားထဲ အငှားကားဆရာတွေက သူ့ထက်ငါ အပြိုင် စီးကြဖို့ လိုက်မေးနေတော့ ကျွန်တော်တို့လည်း ခပ်ဝေးဝေးကသွားပြီး အနီးစပ်ဆုံး စီးတီး စကွယ်လ် ရှောပင်းမောကို သုတ်ခြေနှင်တော့တာပါဘဲ။ ရှောပင်းမောထဲရောက်တော့မှဘဲ အေးအေးလူလူ အနားယူကြရတယ်။ ငယ်ငယ်တုန်းကတော့ ကြားဖူးတယ် - သစ်ပင်ရိပ်ဟာ အေးမြတယ်တဲ့ . ဒီနေရာမှာတော့ ကျွန်တော့ကတော့ အဲယားကွန်းက ပိုပြီးအေးမြတယ်လို့ ပြောရမလိုလို။ အထဲမှာ လျောက်ကြည့်၊ ဈေးပေါတာလေးတွေလိုက်စား၊ အနုအရွလေးတွေလိုက်ကြည်ရင်းနဲ့ နေ့လည်ကို ကုန်လွန်စေတယ်။ နောက်မကြာ ၅ နာရီလောက်မှာ မလေးရှားမှာ အလုပ်လုပ်နေတဲ့ အသိမိတ်ဆွေရောက်လာတာနဲ့ သုံးယောက်သား ဂျိုဟိုးကမ်းခြေတစ်ခု ဖြစ်တဲ့ ဒန်ဂါဘေး ကိုသွားကြ။ လိုင်းကားစီးရတာ အဆင်မပြေတာကတစ်ကြောင်း၊ မလေးဘာသာစကားကို မပြောတတ်တာတကြောင်းကြောင့် အငှားကားကို ပုတ်ပြတ်ငှားစီးပြီး ထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ အချိန်က ညနေသာပြောတာ နေကပူချစ်နေတုန်းဆိုတော့ အဲယားကွန်းရှိတဲ့နေရာကို လိုက်ရှာပြီး ခဏနားကြတယ်။ ပြီးတော့မှ သုံးယောက်စီး စက်ဘီးကို ၁နာရီငှားပြီး ကမ်းခြေတစ်လျောက်နင်းရင်း အပန်းဖြေကြတယ်။ စိတ်ပန်စရာဗျာ မလေးရှားသူတွေက အကုန်လုံး ခေါင်းစခြေဆုံး အဖုံးဖုံးအင်္ကျီတွေကို ၀တ်ထားကြလိုက်တာ သူတို့အစား သေတောင်သေချင်မတယ်။ မပူဘူးလားမသိဘူး။

ဒီလိုနဲဘဲ ကျွန်တော့်တို့တစ်တွေ ညပိုင်းရောက်တော့ ကမ်းခြေစားသောက်ဆိုင်တစ်ခုမှာ စင်တင်တေးဂီတကို နားထောင်ရင်းနဲ့ ညစားစားကြတယ်။ ညမိုးချုပ်တော့ မထူးပါဘူး ရောက်တုန်းရောက်ခိုက် ဟိုဟာဒီဟာလေးများ ကြည့်လို့ရမလားဆိုပြီး ဂျိုဟိုးမှာရှိတဲ့ နာမည်ကြီး ကလပ်တစ်ခုကို ခရီးနှင့်ခဲ့ကြတယ်။ ဟိုရောက်တော့ ညက ၁၁နာရီလောက်ရှိနေပြီ။ ဧည့်ကြိုတွေက ၀မ်းပန်းတသာ ကြိုဆိုပြီး ဖျော်ဖြေရေးစင်နီးရာသို့ ခေါ်သွားပေးတယ်။ ကျွန်တော်ကလည်း နဲနဲရှက်တတ်တော့ အနီးဆုံးတော့ မသွားဘူးဆိုပြီး အပေါ်ထပ်ကနေ ကြည့်မယ်လို့တောင်းဆိုတော့ သူတို့က အပေါ်ထပ်မှာ စီစဉ်ပေးတယ်။ ဒါနဲ့ဘဲ အဲဒီကလပ်မှာ နားသောတ၊ မျက်စိပသာဒ ခံပြီး ဈေးအချိုဆုံးထင်ရတဲ့ ကိုကာကိုလာကို သောက်လည်းသောက် ကုန်လည်းမကုန်စေဆိုတဲ့ ဆောင်ပုဒ်အတိုင်း လိုက်ဖ်တေးဂီတကို နားထောင်ရင်း အပန်းဖြေကြတယ်။ အားလာလာ...ဒီဂျေ ရဲ့ တီးခတ်နှုန်းက ပြင်းလိုက်တာမပြောနဲ့ နှလုံးရောဂါသည်ဆိုရင် တစ်ခါတည်းအသက်ပါ ပျောက်သွားမလား အောက်မေ့ရတယဗျာ။ ထူးခြားတာက အဆိုတော်တွေတော်တော်များများက မလေးရှားကမဟုတ်ဘဲ ဖိလစ်ပိုင်လူမျိုးတွေဖြစ်နေတယ်။ သူတို့ကတော့ အင်္ဂလိပ်သူချင်းတွေကို အဓိကဆိုကြတယ်။ ကောင်းသလားမပြောနဲ့ အင်္ဂလိပ်အသံထွက်တွေကလည်း ဟိုးအမေရိကက အဆိုကျော်တွေအတိုင်းနီးပါးကို ကောင်းတာဗျာ။ တိုက်တိုင်းနစ်ထဲက သီချင်းကိုဆိုသွားတာများ အောင်မလေးဗျာ .... ဘယ်လိုပြောရမှန်းကိုမသိဘူး .... ကောင်းချက်က..။ ဒီတစ်ခါတော့ တန်သွားပြီဗျို့။ ဈေးနဲနဲပေးပြီး လိုက်ဖ် ဂီတကို ကြည့်ရတာ။ ပြီးတော့ မရပ်မနား သူတို့က ကကြတယ်..မျက်စိပသာဒကတော့ တော်တော်လေးကို လွန်လွန်းနေပြီ။

ည ၁နာရီလောက်ကျတော့ မျက်လုံးတွေ နားတွေက မရတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ နီးစပ်ရာ ဟိုတယ်မှာ နားဖို့ရည်ရွယ်တုန်း အသိက သူ့ဘန်ဂလိုမှာ လိုက်တည်းဖို့ ဖိတ်ခေါ်တာနဲ့ ရက်ရက်ရောရော အငှားကားစီးပြီး ပြန်ခဲ့တယ်။ သူနေတဲ့နေရာက အုလု သီလန်တဲ့....အုလုဆိုတာက မလေးရှားလိုပြောရင် တောတို့ လျိုမြောင်တို့လိုပုံစံမျိုး၊ တခြားလိုဆိုရင် မသန့်ရှင်းတဲ့နေရာတို့ ဟိုလိုလို ဒီလိုလိုလူတွေကို ခေါ်တယ်လို မလေးရှားသူငယ်ချင်းက ပြောဖူးတဲ့အတိုင်းဘဲ သူ့နေရာက တစ်ကယ်ကို အုလု အုလု ပါဘဲ။ တော်တော်လေးကို ခရီးနှင်ရတယ်။ သူကပြောပြတယ်။ ညဘက်ဆိုရင် သူတစ်ယောက်တည်း အပြင်မထွက်ဘူးတဲ့။ ဟဲဟဲ စိတ်ထဲတတော့ တင်းထားပြီး လိုက်သာလာခဲ့ရတာ အားကောင်းမောင်းသန် ဆိုလို့ ပြေးကြည့်စရာ မရှိ။ ဟိုရောက်တော့ နေရာလေးက တော်တော်လေးကောင်းပါတယ်။ ဒါနဲ့ သက်ပြင်းချပြီး ညကို အချိန်ကုန်စေခဲ့တယ်။

နံနက်ခင်း မိုးလင်းတော့မှ အိပ်ယာနိုးပြီး နာရီကြည့်လိုက်တော့ ၉ နာရီရှိနေပြီ။ ဒါနဲ့ ကိုယ်လက်သုတ်သင်ပြီး သုံးယောက်သား နံနက်စာစားဖို့ နီးစပ်ရာ ဈေးနားကို ထွက်ခဲ့ကြတယ်။ အဲဒီဈေးနားမှာ မြန်မာဆိုင်တွေရှိတယ်ဆိုလို့ တော်တော်လေးဝမ်းသာသွားတယ်။ ဟိုရောက်တော့ မြန်မာဆိုင်အရင်ရှာမတွေ့တာနဲ့ တွေ့ရာဆိုင်တစ်ဆိုင်မှာ စားကြပြီး ခဏအနားယူကြတယ်။ ပြီးတော့မှ အနားမှာရှိတယ် တရုတ်တွေကို မတောက်တခေါက် တရုတ်လိုမေးကြည့်တော့မှ မြန်မာဆိုင်က မြေညီထပ်မှာ မဟုတ်ဘဲ ပထမထပ်မှာ ဆိုလို့ တက်ကြည့်တော့မှ တွေ့ပါပြီ ကိုမြန်မာဆိုင်။ အထဲရောက်တော့ အုလု အုလု ကိုမြန်မာတွေတစ်သိုက် စောစောစီးစီး ဘီယာနဲ့ မျက်နှာသစ်နေကြတယ်။ အော် ဒါကလည်း အပန်းဖြေတဲ့ နည်းတစ်မျိုးဘဲဆိုလား ဘာလား ညာလား မသိပါဘူးဗျာ။ ဒါနဲ့ ကျွန်တော်တိုလည်း မြန်မာစာ လက်ဘက်ရည်နဲ့ ဆိုင်ချက် မုန့်ဟင်းခါးကို စားပြီး ပြန်ထွက်လာခဲ့ကြတယ်။

ကျွန်တော်တို့ အဲဒီကနေပြီး နံနက် ၁၁ နာရီလောက် အငှားကားဖြင့် နယ်စပ်ကိုပြန်လာကြတယ်။ ကားဆရာကို ကြည့်လိုက်တော့ သူ့ပုံစံကလည်း အုလု အုလု ဗျ။ လူပုံစံက ညှင်းသိုးသိုး ကုလား။ ဂျစ်ကန်ကန်ရုပ်။ ဒါနဲ့ ကျွန်တော်က နယ်စပ် ကိုတာယာယားကို သွားမယ်လို့ပြောပြီး ထွက်လာကြတယ်။ ဟိုရောက်တော့ အဲဒီအုလု အုလုက နယ်စပ်နားမရပ်ပေးဘဲ၊ တခြားရပ်ပေးတော့ ကျွန်တော်နဲ့ စပြီး စကားများရတော့တာဘဲ။ ဒါနဲ့ကျွန်တော်လည်းစိတ်တိုပြီး ဆက်ကပြောနဲ့လို့ ပြင်းပြင်းထန်ထန် ပြောပစ်လိုက်တယ်။ ဒီတော့ ငနဲက ရုတ်တရက်ကားထဲက ထွက်လာပြီး ကျွန်တော်ကို ထိုးမယ် ကြိတ်မယ်လုပ်တော့တာဘဲ။ ကျွန်တော်လည်း တခြားနိုင်ငံမှာ ရန်မဖြစ်ချင်တာရယ်၊ ဒင်းကို ရွံကြောက်တာရယ်ပေါင်းပြီး ပြန်တောင်းပန်လိုက်တယ်။ တော်သေးတာပေါ့ ဘာမှ မဖြစ်လို့။ ပြီးတော့မှ ကျွန်တော်တို့လည်း လမ်းလျောက်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးနေရာကို သွားခဲ့ကြတယ်။ ထိုကတဆင့် စင်္ကာပူကို ပြန်ခဲ့ကြတယ်။ စိတ်ထဲကတော့ တော်တော် အုလု အုလု နိုင်တဲ့ ခရီးဘဲလို့ ............

No comments: