Monday, July 23, 2007

ဘာလဲဟဲ့ လူ့ဘဝ

ပေါက်တက်ကရ လျောက်တွေးရင်းနဲ့ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်နားလည်သလို ရေးချလိုက်ပါတယ်။

လူ့ဘ၀ဆိုတာ ဘာကိုခေါ်တာလဲ။
လူဖြစ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
လူတိုင်းရှိရမဲ့ အခြေခံ အချက်အလက်တွေ ကဘာတွေလဲ။
လူဖြစ်ရကျိုးနပ်အောင် ဘာလုပ်ရမလဲ။
အောင်မြင်တဲ့သူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ။


တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း နဲ့ အဓိပ္ပါယ်ဖွင့်ရင်တော့ အများကြီးပေါ့။ ကျွန်တော်လည်း အခုလိုသာ စဉ်းစားမိတာ အဖြေတွေကတော့ ဟိုတမျိုး ဒီတမျိုးပေါ့ဗျာ။ ခင်ဗျားတို့လည်း နားလည်သလို စဉ်းစားမိလို့ ရေရေရာရာ အဖြေရရင် ဝေငှပါအုံး (မတွန့်တိုဘူးဆိုရင်ပေါ့)။

တစ်ချို့ကပြောတယ်။ လူ့ဘ၀ရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်က ဘုရားရဲ့အမိန့်စကားကို နားထောင်ဖို့နဲ့ ကောင်းချီးပေးခြင်း ခံရဖို့၊ ဒါမှ နောင်တမလွန်ဘ၀မှာ ကောင်းမွန်တဲ့နေရာမှာ ခံစား စံစားနိုင်မယ်ပေါ့။ ဒါဆိုရင် ဥပမာဆိုကြပါဆို့ - ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့သူတွေ၊ မိခင်ဗိုက်ထဲမှာဘဲ မမွေးခင်ဆုံးသွားသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူတွေ၊ တခြားဘာသာခြား လူတွေနဲ့ ဘာသာမရှိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါစဉ်းစားစရာဘဲ။ တကယ်တော့ လူအမျိုးမျိုး၊ စိတ်အဖုံဖုံ၊ ဘာသာတရားနဲ့ ယုံကြည်မှုအမျိုးမျိုးရှိတဲ့အတွက် ဘ၀အပေါ်မှာထားတဲ့ ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အသုံးကျမှု အမြင်၊အယူအဆ အပြုအမှုတွေဟာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါ့ကြောင် တူညီတဲ့ အယူအဆနဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။

လူသားတိုင်းဟာ ဘ၀ဖြစ်စဉ် အဆင့်ဆင့်ဖြစ်တဲ့ မွေးဖွားခြင်း၊ အိုချင်း၊ နာမကျန်းခြင်း၊ သေခြင်းတွေကို ဘယ်ဘာသာခြား၊ လူမျိုးခြားမဆို မလွဲမသေ ရင်ဆိုင်ကြရမှာဖြစ်တယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးကိုစံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်ဆိုတဲ့ အသိတရားဟာ ဘယ်ဘာသာ၊ ဘယ်လူမျိုးဘဲဖြစ်ဖြစ် လိုက်နာရမယ့် ကမ္ဘာဥပဒေသ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကြောင်းနဲ့ အကျိုးဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သဘောပေါက်ရမှာဖြစ်တယ်။ ဒီသဘောကို နားမလည်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီလူဟာ မကောင်းမှုတွေကို ကျူးလွန်မိမှာ မလွဲပါ။ သူ့အတွက်ကတော့ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါဘဲ။ ဒါ့ကြောင့်လဲ ယနေ့ခတ် ကမ္ဘာကြီးပေါ်မှာ ထဲလ်ရိုးရစ်ဇမ် လို့ခေါ်တဲ့ လူသားချင်းမစာနာ အကြမ်းဖက်မှုတွေ၊ လူကုန်ကူးမှု၊ သူတစ်ပါးသားသမီးအား စော်ကားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေပြီဖြစ်တယ်။ ဒါတွေကို မည်သို့ပင် မင်းအစိုးရတို့က စည်းကမ်းဥပဒေသတ်မှတ် သော်လည်း ဒီအကျိုးအကြောင်း အဆိုးအကောင်းကို မလိုက်နာတဲ့သူအတွက်ရှိနေတဲ့အတွက် ယနေ့ ကမ္ဘာကြီးဟာ စိုးရိမ်ထိပ်လန့်စရာတွေနဲ့ တစီချည်းရှိနေတယ်ဆိုတာ အားလုံးမျက်မြင်ပါဘဲ။

တစ်ကယ်တော့ ဘာသာတရားဆိုတာ လူတိုင်းအတွက် ခုံလှုံစရာ အရိပ်ပမာပါဘဲ။ ဘာသာတရားက လူတွေကို ယဉ်ကျေးအောင်၊ လူအချင်းချင်း စာနာနားလည်မှုရှိအောင်၊ ချစ်ခင်လေးစားအောင်၊ ကြီးသူရိုသေ ငယ်သူလေးစားအောင်၊ အမိအဖကို ရိုသေကိုင်းရှိုင်းအောင်၊ မိမိကိုယ်ကို ကောင်းမွန်အောင် ပြုမှု ကြံစည် ဆက်ဆံနိုင်အောင် စတဲ့ အချက်တွေကို သင်ကြားပေးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ သေချာပြန်လည် ဆန်းစစ်ဖို့လိုတာက အဲဒီဘာသာတရားက သင်ကြားပေးလိုက်တဲ့ အတိုင်းရော အဲဒီဘာသာတရားကို လိုက်နာကြတဲ့ လူတွေက တကယ်ကော လိုက်နာကြရဲ့လားဆိုတာကို အလေးအနက် စဉ်းစားဖို့လိုပါတယ်။ ဥပမာ - လူအချင်းချင်း ချစ်ခင်လေးစားဖို့သင်ကြားထားတဲ့အတိုင်း၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့သင်ကြားထားတဲ့အတိုင်းရော ယနေ့ခေတ် လူတွေလိုက်နာကြရဲ့လား ---ဘာသာတရားရဲ့အဆုံးအမကို ဘယ်အတိုင်းအတာထိ လိုက်နာနေကြတာလဲ... စသဖြင့် မိမိကိုယ်ကို ဆန်းစစ်ကြဖို့လိုပါတယ်။

ဒါ့ကြောင့် လူဘ၀ဆိုတာ သူ့သဘောအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်းပါ။ ဒါပေမဲ့ ဒီလူ့ဘ၀မှာ လူလာဖြစ်ကြတဲ့ လူသားတွေကြောင့်ဘဲ အဓိပ္ပါယ်အမျိုးမျိုးထွက်ကုန်တယ်လို့ နားလည်မိပါတယ်။ မိမိကိုယ်ကို မိမိ ပျော်ရွင်အောင်နေဖို့၊ မိမိလုပ်ထားတဲ့ ကောင်းမှုတွေကို ကောင်းသထက်ကောင်းအောင် ထပ်လုပ်ဖို့၊ လိုအပ်ချက်တွေကို အတပ်နိုင်ဆုံးဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိတာတွေကို ဖြစ်နိုင်အောင် စွမ်းဆောင်ဖို့လုပ်ရင်းနဲ့ ဘယ်အချိန် ဘယ်နေရာ ဘယ်အရွယ်မှာ လာခေါ်မည်မသိတဲ့ မရဏသေမင်းထံကို သွားရဖို့ မမေ့ကြဖို့ တိုက်တွန်းမိပါတယ်။

(ကျွန်တော်ကိုယ်တိုင်သည်ပင် လူ့ဘ၀အဓိပ္ပါယ်ကို အရှင်းဆုံး ပြန်ဆိုနိုင်ခြင်းမရှိသေးကြောင်း ၀န်ခံပါသည်။)

No comments: