Monday, September 10, 2007

ဘာဘာ ညာညာနဲ့ ဆက်ဆံရေး


အခုတလော ကျွန်တော့် ကျောင်းကိစ္စတွေကတဖက်၊ အလုပ်ကိစ္စတွေကတစ်ဖက်နဲ့ မအားမလပ်တာလို့ ပို့စ်အသစ်မတင်ဖြစ်ဘူးလို့ဘဲ ဆင်ခြေပေးပါရစေဗျာ။ ဖတ်နေကြသူတွေကိုတော့ အားတော့နာပါတယ်။

ဖြစ်ချင်တာတွေထဲက၊ ဖြစ်သင့်တာတွေကိုစီစစ်ပြီး၊ အဲဒီအထဲကမှ ဖြစ်နိုင်၊လုပ်နိုင်တာတွေကို နံပါတ်တပ် သူ့အစီအစဉ်အလိုက် လုပ်ဖို့ကို တော်တော်လေးကြိုးစားနေရတယ်။ စိတ်ထဲမှာရှိပြီး လက်တွေ့အကောင်အထည်ဖော်ဖို့လုပ်လိုက်တိုင်း ဟိုကိစ္စ ဒီကိစ္စတွေက အလိုလိုပေါ်လာ၊ အဲဒါတွေကို စဉ်းစားလိုက်၊ ပြန်ပြီး လုပ်လက်စကို အကောင်အထည်ဖော်ဖို့ လုပ်လိုက်၊ အဲဒီလို ခပ်ကွင်းပြင်နေတာနဲ့ ကျွန်တော်တစ်ယောက် ရွာသစ်ကြီးကို ရောက်ဖို့ ခဲယဉ်းနေတယ်။ တနည်းအားဖြင့် စိတ်တည်ငြိမ်မှု အားနည်းနေတယ်ဆိုတာကို ၀န်ခံရမှာ ဖြစ်တယ်။ စာကြည့်စားပွဲထိုင်ရင်း စာကိုအာရုံစိုက်မယ်လုပ်လိုက်၊ စိတ်ထဲက တခြားကိစ္စတွေပေါ်လာပြန်၊ အတွေးတွေက အဲဒီကိစ္စမှာ မျောသွားပြန်၊ သတိရလို့ စာပြန်ကြည့်လိုက်၊ အိပ်ချင်စိတ်က စိုးမိုးလာ၊ လမ်းထလျှောက်လိုက်၊ သီချင်းနားထောင်လိုက် ဒီလိုနဲ့ ည ၁၂နာရီထိုးသွားပြန်၊ အိပ်ယာကို ဦးတည်ရပြန်ရော။ သြော် တော်တော်လေးကို ခက်ခက်ခဲခဲ ထိန်းသိမ်းရတဲ့ စိတ်ပါလားနော်။

ကောင်းတာလုပ်ဖို့ မနည်းကြိုးစားနေရသော်လည်း ၊ တခြားမဟုတ်တာ အပျော်အပါးကိစ္စုဆိုရင် သူ့အလိုလို မတိုက်မတွန်းရ။ တက်တက်ကြွကြွ ရှေးဆုံးကနေ။

အဲဒီလောက် မိမိကိုယ်ကိုယ် စနစ်တကျဖြစ်အောင် ထိန်းသိမ်းနေတာတောင် မိမိချမှတ်ထားတဲ့ လမ်းစဉ်ကို သိပ်မလိုက်နာချင်ဘူးဖြစ်နေပြန်တယ်။ ဒီအတိုင်းဆို ဘယ်လိုလုပ်ပြီး သူတပါးကို ဆိုဆုံးမဖို့ မလွယ်ကူနိုင်။ စိတ်က မတည်ငြိမ်တော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒုက္ခရောက်တာတွေ့ရတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလားဘူးဆိုရင် နဂိုကောင်းနေတဲ့စိတ်ကနေ ပေါက်တတ်ကရစိတ်တွေဖြစ်ကုန်ရော။

ဒါ့ကြောင့် ဒီနေရာမှာ စဉ်းစားစရာတစ်ခုက “ဆက်ဆံရေး” ဆိုတာကိုဘဲ။

မိဘနဲ့ သားသမီးဆက်ဆံရေး
မောင်နှမအချင်းချင်း ဆက်ဆံရေး
ဆရာနဲ့ တပည့်ဆက်ဆံရေး
ရာထူးကြီးသူနဲ့ ငယ်သူဆက်ဆံရေး
လူကြီးနဲ့ လူငယ်ဆက်ဆံရေး
အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး
နိုင်ငံအချင်းချင်း ဆက်ဆံရေး

မိဘကလည်း သားသမီးတွေအားလုံး သူတို့ ပြောစကားကိုနားထောင်စေချင်ကြတယ်။ သားသမီးတွေက ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဘ၀င်မကျ ဖြစ်ကြတယ်။ တနည်းအားဖြင့် ဆက်ဆံရေးတွေ ကမောက်ကမဖြစ်ကုန်တယ်။ နားလည်မှုတွေလွဲကုန်ကြတယ်။ မိဘကလည်း ငါ မိဘကွ၊ သားသမီးကလည်း မရှင်းပြလို၊ အဲဒီလိုနဲဘဲ သံသရာတွေရှည်ကုန်ရော။ တချို့ဆို သေခန်းဖြတ်၊ အမွေဖြတ်ကြကုန်ပါလေရော။ သြော် တော်တော်ဆိုးတဲ့ ဆက်ဆံရေးတွေ။

ထို့အတူတူပါဘဲ၊ အသေးအမွှားကစပြီး အဆင်မပြေရာကနေ နောက်ဆုံး နိုင်ငံအချင်းချင်း စစ်ဖြစ်ကြသည်အထိ ဆက်ဆံရေးဟာ ဒုက္ခပေးတတ်ပါတယ်။

ဒါဆိုရင် အဲဒီဆက်ဆံရေးကို ကောင်းမွန်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော့်အမြင်ကတော့ တစ်ဦးတစ်ယောက်ချင်းက နေစရမယ်လို မြင်ပါတယ်။ အဲဒီတစ်ဦးချင်းကနေ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် ယနေ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ အထူးပြောစရာမလိုအောင် ကောင်းမွန်လာကြမှာ အသေအချာပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးတဲ့စကားအတိုင်း “ပြေပြေလည်လည်ပြောရင် လေယဉ်ပျံကိုတောင် အလကားစီးလို့ရတယ်” ဆိုရင် ကျွန်တော်တို့အားလုံး မချစ်သော်လည်း အောင့်ကာနမ်းပြီး ကောင်းကောင်းမွန်မွန်ပြောကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပြေပြေလည်လည် မပြောကြလို့လဲ အားလုံး ဒုက္ခရောက်နေကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း လက်တွေ့အတိုင်းပါဘဲ။

ထားရှိတဲ့ မာန၊ သည်းမခံနိုင်တဲ့စိတ်တွေဟာ အပြုသဘောတွေအားလုံးကို ရိုက်ချိုးပြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး မေ့လို့မရပါ။

Wednesday, August 29, 2007

ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်


စီကာပတ်ကုံးလျောက်မချဲ့ခင် အဖြေကိုစပြီး ပြောပြချင်ပါတယ်။ အဓိကသော့ချက်ကတော့ ကိုယ်ရရှိထားတာကို နှစ်သက် လက်ခံနိုင်ဖို့ပါဘဲ။ အဖြေကရှင်းရှင်းလေးပါ။ အဲဒါကိုများ ဘယ်လိုလုပ်ပြီး လူတော်တော်များများက မပျော်ရွှင်နိုင်ကြတာလဲမသိပါဘူး။

လွန်ခဲ့သော အပတ် တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံ ၀ိသုဒကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း မှော်ဘီ ဖားအောက်ရိပ်သာရဲ့ ပဓါန နာယကဆရာတော် ဦးကုမုဒ၏ တရားပွဲမှာ ဘာသာပြန် ကပ္ပိယလုပ်ရင်း တရားနာ စင်္ကာပူနိုင်ငံသား ယောဂီတစ်ယောက်နဲ့ တရားပွဲအပြီး စကားပြောဖြစ်ခဲ့ကြတယ်။ တက်နိုင်သမျှ နေ့လည် ၂နာရီကစပြီး ၅နာရီလောက်အထိ ဆရာတော်ဟောတရားကို ဘာသာပြန်ပေး၊ မေးမြန်းတာတွေ ဘာသာပြန်ပေးအပြီးမှာ ထိုယောဂီက သူသိချင်တာလေးကို ဆရာတော်အား မေးလျောက်ချင်လို့ ဘာသာပြန်ပေးရန် အကူအညီထပ်တောင်းတာနဲ့ ဆရာတော်ပြန်မကြွခင် အပူကပ်ခဲ့ရသေးတယ်။ သူ့ကြည့်တော့ လူပုံစံက ခပ်အေးအေး၊ အပူသောက အရမ်းမရှိတဲ့မျက်နှာနဲ့၊ ခြေထောက်တစ်ဖက်ကလည်း မသန်စွမ်း။ မေးမြန်းချင်တာတွေပြီးတော့ ကျွန်တော်လည်း စပ်စုလိုစိတ်ရှိတာနဲ့ မင်းကြည့်ရတာ သိပ်ပြီး အပူသောက မရှိသလို အေးအေးဆေးဆေးပါလား၊ မင်းမျက်နှာမှာလည်း စင်္ကာပူနိုင်ငံကလူတွေမှာ အင်မတန်မှ ရှာရခက်တဲ့ အပြုံးနဲ့ ဘာဆေးတွေများသုံးလို့လဲလို့ ဟာသနှောပြီး မေးလိုက်ပါတယ်။

ထိုလူကဘဲ အေးဆေးစွာ စိတ်ရှည်ရှည် ပြန်ဖြေခဲ့ပါတယ်။ သူဟာ အသက် ၂၀ ၀န်းကျင်လောက်တုန်းက ပျော်ရွှင်စရာလက်ဆောင် တစ်ခုရခဲ့ပါတယ်တဲ့။ အဲဒါကတော့ သူမော်တော်ဆိုင်ကယ်စီးရင်း အမှတ်မထင် ခြေထောက်တစ်ဖက် ဒဏ်ရာရလိုက်တာပါဘဲ။ ဖြစ်စတုန်းကတော့ သွေးသံတွေကိုကြည့်ရင်း သူတော်တော်လေး စိတ်ဓါတ်ကျသွားတယ်။ ဒါနဲ့ စိတ်ထဲက ချက်ချင်းဘဲ အဖြေတစ်ခုထွက်လာတယ်။ သူဟာ ဒီဒုက္ခကြောင့် ဒီလိုပုံစံနဲ့သာ ဘ၀တစ်ခုလုံး စိတ်ဓါတ်ကျနေမယ်ဆိုရင် လူဖြစ်ရတာ ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူးဆိုတာကို ဆေးရုံရောက်ရောက်ချင်း သံဝေဂရလိုက်တယ်။ ဒါ့ကြောင့် အဲဒီလို စိတ်ဓါတ်ကျနေမည့်အစား ဘ၀တစ်ခုလုံးကို တန်ဖိုးရှိရှိ အသုံးချဖို့ သူ အဲဒီကတည်းကစပြီး သံဓိဌာန် ချမှတ်ခဲ့ပါတယ်လို့ ဖြေခဲ့ပါတယ်။ အထူးသဖြင့် အကောင်းမြင်စိတ်နဲ့ သူဆက်ပြီး ဘ၀မှာ လက်ခံကျေနပ်သွားဖို့ဆိုတဲ့ အချက်ကိုဘဲ။

ဒါ့ကြောင့် ကိုယ်မှာရှိတာကို ရဲ့ရဲ့ဝံ့ဝံ့လက်ခံ ကျေနပ်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် ရန်ကုန်မှာနေစဉ်က လိုင်းကားစီးဖို့ ကားစောင့်ရတာကို အင်မတန်မှ စိတ်ပျက်ခဲ့မိတယ်။ ဒီလိုနဲ့ စင်္ကာပူရောက်လာတော့လည်း အဲဒီစိတ်ပျက်မှုပုံစံက မပျောက်သေးဘူး။ ဒါတောင် သယ်ယူပို့ဆောင်ရေး စနစ်အကောင်းဆုံးလို့ အရှေ့တောင်အာရှမှာ စံတင်ထားရတဲ့နိုင်ငံ။ တစ်ခါတစ်လေ ကိုယ်စီးမည့် ကားအလာကိုစောင့်ရင်း ထင်တာထက် ပိုကြာလာရင် စိတ်တိုလာတယ်။ ဒါကြောင့်ကျွန်တော်တို့တစ်တွေဟာ အဲဒီလို အသေးအမွှားကိစ္စလေးတွေကအစ မိမိရဲ့ အင်မတန်မှ စွမ်းအားရှိလှတဲ့ စိတ်ခွန်အားတွေကို ဖြုန်းတီးတတ်ကြတယ်။ သတ်မှတ်ထားတဲ့အချိန် ကားမလာရင်၊ ချစ်သူက ကိုယ်ဖြစ်ချင်သလို လိုက်မလုပ်ရင်၊ လက်အောက်ငယ်သားက ကိုယ်ပြောတာ နားမထောင်ရင်၊ သားသမီးက ပုန်ကန်ရင်၊ ကိုယ်မွေးတဲ့ မျောက်က ကိုယ့်ပြန်ခြောက်ရင်… အပြုသဘောအစား အပျက်စိတ်နဲ့ ရင်ဆိုင်ကြတာဟာ အများစုရဲ့ အားနည်းချက်ပါဘဲ။ အဲဒီအခါ မိမိ စိတ်မလွတ်သွားဖို့ အထူးသတိထားရန် လိုပါတယ်။


အများစုသော လူတွေရဲ့ ပျော်ရွှင်မှုဆိုတာဟာ ပြင်ပ ပစ္စည်းကိရိယာတွေ အပေါ်မှာသာ အဓိကမှီခို နေကြတာဖြစ်ပါတယ်။ မိမိတို့ရဲ့ အတွင်းစိတ်မှာ ရှာဖွေကြဖို့ မေ့လျော့နေကြတယ်။ တချို့ကပြောတယ်။

“စင်္ကာပူမှာ အလုပ်လေးတစ်ခုလောက်ရပြီး ပိုက်ဆံနှစ်သိန်း သုံးသိန်းလောက် အိမ်ကို ထောက်ပံ့နိုင်ရင် တော်တော်ပျော်ပါပြီ။”

“နှစ်သက်သော အလုပ်၊ ကား၊ အိမ်၊ ဖုန်း စတာတွေရှိရင် ပျော်ပါပြီ”

“ကိုယ်ကြိုက်သော ချစ်သူက ပြန်ပြီးနှစ်သက်မယ်ဆိုရင် ဒီတသက် သေပျော်ပါပြီ”

အဲဒီလို အစရှိသော ဘယ်တော့မှ လိုအင်မပြည့်နိုင်တဲ့ ပျော်ရွှင်မှုတွေကို ဖြည့်ဆည်းရင်းနဲ့ လယ်လုပ်သားကြီးလို ဘ၀အဆုံးသတ်ကြရဦးမှာဖြစ်ပါတယ်။ လယ်လုပ်သားကြီးက သူ့စိတ်ထဲမှာ သူ့အလုပ်လုပ်တဲ့ လယ်ပိုင်ရှင်ဆီက လယ်နှစ်ကွက်လောက်သာ သူပိုင်ရင် သေပျော်ပါပြီတဲ့။ တစ်နေ့မှာ အသက်ကြီးရင့်ပြီဖြစ်တဲ့ အဲဒီလယ်လုပ်သားကြီးကို လယ်ပိုင်ရှင်က ခေါ်ပြီး ဟော့ဒီက ငုတ်တစ်ချောင်းယူသွားပြီး ခင်ဗျား လိုချင်တဲ့ နေရာရောက်ရင် အဲဒီငုတ်ကို စိုက်လိုက်ပါ။ အခုနေရာကစပြီး စိုက်လိုက်တဲ့အထိကို ခင်ဗျားရဲ့ ပိုင်ဆိုင်မှု့လို့ သတ်မှတ်ပေးမယ်ဆိုပြီး အဆိုပါငုတ်ကို ပေးလိုက်တယ်။ လယ်လုပ်သားကြီးကလည်း အားရ၀မ်းသာစွာနဲ့ အရင်က ရည်ရွယ်ထားသော လယ်နှစ်ကွက်မက အစွမ်းကုန် ပြေးပြီး ငုတ်စိုက်ဖို့ ကြိုးစားပါတယ်။ တစ်ခုသော နေရာရောက်ရင် နောက်ပြန်ကြည့်လိုက် နဲသေးတယ်ဆိုပြီး ဆက်ပြေး၊ ပြန်ကြည့် အားမရသေး၊ ဆက်ပြေး၊ နောက်ဆုံးတော့ သေပွဲဝင်ခဲ့ရပါတယ်။ အဲ့ဒီလယ်လုပ်သားကြီးလို အဖြစ်မကြုံရစေဖို့ ဘ၀မှာ မိမိမှန်းထားတဲ့ လယ်ကွက်ရောက်ရင် မြန်မြန်ငုတ်စိုက်နိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ လူပျင်းတို့ရဲ့ စွန့်စားမှုမပါ ဗလာသက်သက် စားလိုက် အိပ်လိုက် စိတ်ပျက်စရာ အားထုတ်မှုကို မဆိုလိုပါဘူး။

ပျော်ရွင်မှုဆိုတာကို ပတ်ဝန်းကျင် ပြင်ကတွေက မဖန်တီးနိုင်ပါ။ မိမိအတွင်းစိတ်ကသာလျှင် ဖန်တီးနိုင်တယ် ဆိုတာကို သိဖို့ လိုပါတယ်။ ဘယ်သူမပြုမိမိအမှု့၊ မိမိကိုယ်တိုင် မိမိလုပ်သမျှကို လက်ခံ ကျေနပ်နိုင်ဖို့ အထူးအရေးကြီးပါတယ်။ ပျော်ရွင်မှုဟာ ချဲထိုး၊ ထီထိုးလိုက်လို့ ကံကောင်းပြီး ပေါက်ကိန်းကြုံသလို မဟုတ်ပါဘူး။ မိမိကိုယ်တိုင်က အင်တိုက် အားတိုက် ကြိုးကြိုးစားစား ဖန်တီးယူရမှာဖြစ်တယ်။ အဲဒီလိုဖန်တီးယူနိုင်ဖို့ကလည်း လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အခြေခံအစအားထုတ်ရမှာက မိမိရဲ့ စိတ်ဓါတ် အခြေခံကို အပြုသဘောဆောင်နိုင်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။ တွေ့ကြုံ ထိတွေ ဆက်ဆံသမျှ အပြုသဘောဖြင့် ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။

လူအများစုဟာ နေ့တိုင်း နေ့တိုင်း ဟုတ်တာရော မဟုတ်တာတွေရော စုပေါင်းပြီး အလုပ်တွေ ရှုပ်နေတတ်ကြပါတယ်။ အဓိကအရေးကြီးဆုံးက ဘယ်ဟာက ပိုပြီး အရင်လုပ်သင့်သလဲ ဆိုတဲ့ နံပါတ်အစဉ်တပ်ပြီး လုပ်ဆောင်သွားဖို့လိုပါတယ်။ အဲဒီလို နေ့စဉ်ပြုလုပ်သွားရင် မိမိရဲ့ အားသာချက် အားနည်းချက်တွေကို ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ အဲဒီလို နေ့စဉ်ကတဆင့် လစဉ် ထိုမှ နှစ်စဉ် ဦးတည်ချက်တွေ ချမှတ်သွားပြီး မိမိကိုယ်ကို မလိမ်တမ်း ကြိုးပမ်းဖို့လိုပါတယ်။ စနစ်တကျ လေ့ကျင့်သွားမယ်ဆိုရင် မိမိတို့ရဲ့ ဘ၀မှာ ထားသင့်တဲ့ တန်ဖိုးအရှိဆုံး ပျော်ရွှင်မှုကို ရရှိနိုင်ကြပါလိမ့်မယ်။



လူတိုင်း လူတိုင်း မိမိကိုယ်ကို မိမိ ကောင်းချီးပေးနိုင်ကြပါစေ။


Monday, August 20, 2007

တသွင်သွင် စီးဆင်းနေ


ငါနှင့်ရွယ်တူ ငါ့အောက်လူ
ကြီးသူ သေကြများလှပြီ။

ခဏမစဲ အိုစမြဲ
ကိုယ်လည်း သေဘက်နီးခဲ့ပြီ။

မသေရခင် သွားလမ်းစဉ်
ကြိုတင်ပြင်သင့်ပြီ။

မဂ္ဂင်ယဉ်ကြီး အမြန်စီး
ခရီးနှင့်တော့မည်။

ဘ၀တစ်ခုဆိုတာလဲ စီးဆင်းနေသာ မြစ်ရေမပမာ ရပ်လို့မနေ တလိမ့်လိမ့် သူ့အရှိန်နဲ့သူ မည်သူမျှ တားမရ သွားကြရမှာ ဓမ္မတာပါဘဲ။ ကိုယ်အလိုမလိုက် သူ့သဘာဝအတိုင်း တသွင်သွင် စီးဆင်းကြရမှာဆိုတာကို အားလုံးနားလည်သဘောပေါက် ကြရမှာဖြစ်ပါတယ်။ အို နာ သေခြင်းသည် ကြီးသည် ငယ်သည်၊ အယုတ်အလတ် အမြတ် မရွေး ဘက်လိုက်မှုမရှိ တရားမျှတစွာ ဖြစ်တည်ကြသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ခင်မင်ရတဲ့ အသိမိတ်ဆွေရဲ့ ဖခင်ဆုံးပါးသွားတဲ့သတင်းကို ကြားရတုန်းက လျပ်တပြတ် သံဝေဂတော့ ရလိုက်ပါတယ်။ ဒါ့ကြောင့်လည်း အထက်ကဖော်ပြထားတဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားထားခဲ့တဲ့ လင်္ကာနဲ့ ခေတ်သစ်နည်းပညာ အင်တာနက် စာမျက်နှာကနေ ထပ်လောင်းပြီး သံဝေဂယူလိုက်ပါတယ်။ ဘယ်သူမပြု မိမိမှု့လို့ ငယ်စဉ်ကတည်းက သိခဲ့ရတဲ့အတိုင်း အချိန်တန်ရင် ကိုယ်လမ်းကိုလျောက်ရမှာကို ပိုပြီး အရင်ကထက် နားလည် သဘောပေါက်လာမိပါတယ်။ ဒီ့အပြင် ဘ၀ဆိုတဲ့အနက်အဓိပ္ပါယ်ကိုလည်း ပိုပြီး နားလည်လာမိပါတယ်။

လူဆိုတဲ့ သဘောထဲမှာ လူတွေဟာ မကောင်းတဲ့ အကြောင်းအခြင်းအရာတွေဖြစ်တဲ့ အို၊နာ၊သေခြင်းတွေကို အင်မတန်မှ ကြောက်ကြတယ်။ မလိုလားကြဖူး။ ဖြစ်နိုင်သမျှ ကာကွယ်ဆေးဖြစ်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေကြတယ်။ နောက်ဆုံး တရားဘာဝနာအားထုတ်တာတောင် နိဗ္ဗာန်ရဖို့ထက် ဒိဌ အသက်ရှည် နုပျို ကျန်းမာခြင်းစတဲ့ အကျိုးတွေကို ခံစားဖို့ ဦးတည်ကြတယ်။ ပိုက်ဆံတက်နိုင်တဲ့သူတွေကတော့ နုပျိုဆေးတို့ ဘာတို့ကို မှီဝဲကြတယ်။ အင်း…ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း …..အချိန်တန်ရင် အားလုံးကိုစီ သွားကြရတာပါဘဲ။

အဓိက အရေးကြီးဆုံးက ကျွန်တော်တို့ ဘ၀အစကနေ ဆုံးတဲ့အထိ ဘယ်လို့ ပုံစံနဲ့ ရပ်တည်နေထိုင် သွားဖို့လိုသလဲဆိုတဲ့ အချက်ကို စဉ်းစားဖို့လိုပါတယ်။ အဲ့ဒါကတော့ မိမိဖြစ်ချင်တဲ့ဘ၀ကို မိမိစိတ်ကြိုက် ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။ မိမိရရှိထားတဲ့ ဘ၀ကို အချည်းအနှီးမဖြစ်ဖို့ မိမိမှာ တာဝန်အပြည့်ရှိပါတယ်။

ဒါ့ကြောင့် စီးဆင်းနေတဲ့ ရေအသွင်ကဲ့သို့ ပြောင်းလဲနေတဲ့ ဤခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းရင်း ကိုယ်ရည်ရွယ်သော ပန်းတိုင်ကို မုချရောက်နိုင်ကြပါစေ။
အားလုံးလဲ ဆရာတော်ကြီးရဲ့ လင်္ကာကိုဖတ်ရင်း သံဝေဂပွားနိုင်ကြပါစေ။
ဘ၀တပါးပြောင်းသွားသူလည်း ကောင်းရာသုဂတိဘုံဘ၀ ရောက်ပါစေ။

Sunday, August 19, 2007

စင်္ကာပူ အမျိုးသားနေ့ သတင်းအနှစ်ချုပ်


စင်္ကာပူနိုင်ငံဝန်ကြီးချုပ်က ၄၂နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာကို စင်္ကာပူ အမျိုးသားတက္ကသိုလ် ယဉ်ကျေးမှု့ ခန်းမကြီးမှာ ပြောကြားသွားပါတယ်။ အနှစ်ချုပ်ကို စာဖတ်သူများသိသာရန်အတွက် ကျွန်တော် တင်ပြလိုက်ပါတယ်။

၁) နိုင်ငံသားအားလုံးအတွက် လုံလောက်သော ပညာရေးကို ထောက်ပံ့နိုင်ရန်အတွက် လက်ရှိတက္ကသိုလ် ၃ ခုအပြင် နောက်ထပ်ပြီး စတုထ္ထမြောက် တက္ကသိုလ်တစ်ခုကို ဖွင်လှစ်ဖို့ ကြေငြာသွားတယ်။

၂) နိုင်ငံသားများစုပေါင်း မဖြစ်မနေထည့်ဝင်ရတဲ့ စုငွေကို အစိုးရအနေနဲ့ လက်ရှိပေးနေတဲ့ မူလစာရင်းအတိုးနှုန်း ၂.၅ ရာနှုန်းကနေ ထပ်ပြီး ၁ ရာခိုင်နှုန်းတိုးမြှင့်သွားဖို့ ကြေငြာသွားတယ်။ ကြည့်လိုက်ရင် နည်းတယ်လို့ ထင်ရပေမဲ့ အသက် ၂၁နှစ်လောက်ကစပြီး လစာ ဒေါ်လာ ၁၇၀၀ ၀န်းကျင်ရတဲ့ အလုပ်လုပ်တဲ့သူဟာ သူ့အသက် ၅၅ ၀န်းကျင်ရောက်ရင် အကျမ်းဖျင်း စင်္ကာပူဒေါ်လာ ၂၀၀၀၀ လောက် အသားတင် တိုးပွားနိုင်သွားတဲ့ဆိုတာကို ၀န်ကြီးက ထောက်ပြသွားတယ်။

၃) အသက် ၆၀ အထက် အလုပ်လုပ်ကိုင်နေသူများကို လစဉ် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမယ်လို့ ကြေငြာသွားတယ်။

၎) စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းဟာ လာမည့် ၅ နှစ်က ၁၀ နှစ်အတွင်း အပေါင်းလက္ခဏာပြနေပြီး ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးတက်သွားမှာဖြစ်တယ်လို့ ကြေငြာသွားတယ်။

၅) စင်္ကာပူနိုင်ငံသားများရဲ့ သက်တမ်းဟာ မူလ ၆၁ နှစ်ကနေပြီး အသက် ၈၀ အထိတိုးတက်လာပြီဖြစ်တဲ့အတွက် အနားယူရမည့် အသက်ကိုလည်း မူလ ၆၀ ကနေ ၆၇ အထိ လာမည့် ၂၀၁၂ နှစ်ကစပြီး တိုးမြှင့်သွားမယ်လို့ ကြေငြာသွားပါတယ်။

၆) စင်္ကာပူ အိုးအိမ်ဖွံ့ဖြိုးမှုဌာနကနေပြီး လူနေတိုက်အိမ်အားလုံးကို ဓါတ်လှေကား တပ်ဆင်ပေးသွားမှာဖြစ်တဲ့အပြင် စိမ်းလမ်းစိုပြေသော၊ သန့်ရှင်းသော၊ လုံခြုံသော နိုင်ငံဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကြေငြာသွားတယ်။

၇) တက်သစ်စ မောင်မယ် အိမ်ထောင်သည်များ၊ မတပ်နိုင်သူများ အတွက် အိမ်ဝယ်တဲ့အခါ အစိုးရကထောက်ပံ့တဲ့ ငွေကြေးဒေါ်လာ ၂၀၀၀၀ ကနေ ၃၀၀၀၀အထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေငြာသွားပါတယ်။ အစိုးရနေနဲ့လည်း အိမ်ယာများကို ဆက်လက်ပြီး ပေါင်ဂို မြို့မှာ ထပ်ချဲ့သွားမှာဖြစ်ပါတယ်။


အနှစ်ချုပ်ကို စုစပ်ပြီးတင်ပြလိုက်ပါတယ်။ ဘာကိုမှ အသေးစိတ် မဆွေးနွေးချင်ပါဘူး။ အဲဒီအထဲက နံပါတ် ၁ အချက်လေးကိုဘဲ အာလူးဖုတ်ချင်ပါတယ်။

နေ့လည် ၄ နာရီကနေ ၆နာရီအထိ သူငယ်ချင်းနဲ့ ချိန်းထားလို့ သွားတွေ့၊ ပြီးတဲ့အခါ တပ်သုတ်ရိုက်ပြီး အိမ်ပြန်လာ၊ ည ၈ နာရီ မှ စမဲ့ ၀န်ကြီးချုပ်မိန့်ခွန်းကို အပြေးအလွားနားထောင်ခဲ့လိုက်ရလို့ အခုလို စောဒကတက်လိုက်ရတာပါ။

ဝန်ကြီးချုပ်က … အခုလို ရှင်းပြသွားတယ်။

အစိုးရအနေနဲ့ ပြည်သူ ပြည်သားများရဲ့ ပညာရေးကို ဒေသတွင်းသာမက ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင် အစဉ်ဆောင်ရွက်လျက်ရှိတယ်။ သင်ကြားမှုကို နည်းနိုင်သမျှနည်းပြီး ကျောင်းသားတွေအနေနဲ့ သင်ယူမှုကို များနိုင်သမျှ များအောင် ပညာရေးဝန်ကြီးဌာနက အကောင်အထည့်ဖော်နေပါတယ်။ အပြောမဟုတ် တကယ်လက်တွေ့ မှာ မိမိကိုယ်တိုင် အခုလုပ်ရပ်ဟာ အောင်မြင်နေတာကို တွေရပါတယ်။

လက်ရှိ တက္ကသိုလ် ၃ခုနဲ့ မလုံလောက်တဲ့အတွက် ပြည်တွင်း အထက်တန်းပြီးကျောင်းသားများဟာလည်း ပြည်ပမှာ သွားသင်ယူကြမည့်အစား ပြည်တွင်းတက္ကသိုလ်တွေမှာ မိမိစိတ်ဝင်စားသော ဘာသာရပ်ကို သင်ကြားနိုင်အောင် ၄ ခုမြောက် တက္ကသိုလ်ကို ဖွင့်လှစ်သွားမှာဖြစ်တယ်။ ဒီနေရာမှာ အစိုးရနေနဲ့ ဘွဲ့ရတွေကိုချည်း မွေးထုတ်ပြီး ၄င်းတို့ဘွဲ့ရတဲ့အခါမှာ အလုပ်ရရှိရေးကို လျစ်လျူရှုတာမျိုးမဖြစ်ချင်ဘူး။ အထူးသဖြင့် တချို့နိုင်ငံတွေလို အရည်အသွေးမရှိ ဘွဲ့ရစာရွက်တွေချည်းထုတ်လုပ်တဲ့ ပညာရေးအဖြစ်ကို လုံးဝအရောက် မခံနိုင်ဘူး။ ဒါ့ကြောင့် သေချာ စနစ်ချပြီး တိုးချဲ့သွားမှာဖြစ်ပါတယ်လို့ အာမခံသွားပါတယ်။


သြော်…စောင်းပြော..မဟုတ်ပါဘူး…..တဲ့တဲ့ပြောနေတာများလားမသိဘူးလို့ စိတ်ထဲမှာ တွေးမိပါတယ်။ သူဘယ်လိုဘဲပြောပြော ကျွန်တော်လည်း ဘာမျှ မတတ်နိုင်ပါ။ တကယ်ဖြစ်နေလားဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျာ။

အို…ညီိဘွားမောင်မယ်များတို့…

ကြိုးစားကြပါလော့။ ဘယ်အခြေအနေရောက်ရောက် မိမိဂုဏ်ကိုမြှင့်တင့်ပါ။ မိမိအရည်အသွေးကို တောက်ပြောင်အောင် လုပ်ကြပါလော့..။

Saturday, August 18, 2007

ရှိသင့်သော စိတ်ဖိအား စွမ်းအင်


ယနေ့ခေတ်လူတိုင်းလိုလို စိတ်ဖိစီးမှုဆိုတဲ့ ခံစားမှုကို ကြုံနေကြတာဟာ မြေကြီးလက်ခတ်မလွဲပါ။ အထူးသဖြင့် မိမိဟာ အမြင့်ကို အဆင့်ဆင့် မျှော်မှန်းပြီး ကြိုးစားနေတဲ့သူဆိုရင် ပိုပြီး ရင်ဆိုင်ရမှာ ဖြစ်တယ်။ ဥပမာ - မိမိရှေ့မှာ သတိမူတဲ့ ကလေးတစ်ယောက် လမ်းအလယ်မှာ ဖြတ်ပြေးရင်း ကားအလာနဲ့ကြုံလို့ လက်တကမ်း ကယ်တင်လိုက်တာမျိုး၊ မီးလောင်နေတဲ့အခါ တချို့လေးပင်သော အရာကိုပင် အလွယ်တကူ မသယ်သွားလိုက်တာမျိုး၊ သရဲကြောက်လို့ ၁၅ မိနစ်လောက်ပြေးရမဲ့ လမ်းကို ၅ မိနစ်နဲ့ ပြေးခဲ့တာမျိုး၊ လူကြီး အဆူခံရမှာကြောက်လို့ ၁ ရက်လောက်လုပ်ရမဲ့အလုပ်ကို နေ့ဝက်ထဲနဲ့ ပြီးစီးခဲ့တာမျိုး.. စတာတွေဟာ အံ့သြစရာကောင်းလောက်အောင် မိမိရဲ့ စွမ်းအင်တွေဘဲဆိုတာကို လျစ်လျူရှုလို့မရကောင်းပါ။ ဤကဲ့သို့ အမှတ်တမဲ့ ရုတ်တရတ် ကြုံတဲ့အခါမှာ မိမိတို့ခန္ဓာကိုယ်မှာရှိတဲ့ စိတ်စွမ်းအားတွေအာ တမဟုတ်ချင်း စုပေါင်းသွားပြီး အထူးသဖြင့် မိမိတို့အနေနဲ့ လျပ်တပြတ် တုံ့ပြန်လိုက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ကြတယ်။

အထက်မှာ ဖော်ပြခဲ့သလို စိတ်ဖိစီးတိုင်းကို လူတိုင်းကြုံဖူးကြပါတယ်။ လူအမျိုးမျိုးအလိုက် စိတ်ဖိစီးမှုဟာ အနည်း အများ အမျိုးမျိုးရှိတတ်ကြတယ်။ ဒါပေမဲ့ ရှိသင့်တာထက် ပိုပြီး မထားသင့်ပါ။ အဓိကအရေးအကြီးဆုံးက အဲဒီ့ စိတ်ဖိစီးမှုတွေကို ဘယ်လို မိမိတို့ မှန်ကန်သော ဘက်မျှသောနည်းနဲ့ တုံ့ပြန်ကြမလဲဆိုတာဘဲ။ ဒါကို ကျွန်တော်နားလည်သော ပုံစံနဲ့ ဆွေးနွေးကြရအောင်။

ပထမဦးဆုံး လုပ်ရမည့်ကိစ္စက မကောင်းတဲ့စိတ်ဖိစီးမှုတွေကို အကောင်းဘက်ဦးတည်တဲ့ စိတ်ဖိစီးမှုဖြစ်အောင် ပြောင်းပေးဖို့လိုတယ်။ ပြီးတော့ အဲဒီ မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိဘ၀တက်လမ်းအတွက် အောင်မြင်အောင် ဘယ်လို အထောက်အပံ့ပေးနိုင်တယ်ဆိုတာကို နားလည်အောင် ကြိုးစားရမှာဖြစ်တယ်။

၁) စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိအတွက် အလုပ် လုပ်ဆောင်ဖို့ လှုံဆော်မှု တစ်ခုဖြစ်တယ်။

အလုပ်တစ်ခုလုပ်ဖို့၊ အောင်မြင်ဖို့အတွက် မိမိကိုယ်တိုင်က တက်တက်ကြွကြွ လှုံ့ဆော်တိုက်တွန်း အကောင်အထည်ဖော်ဖို့လိုတယ်။ အဲဒီအတွက် မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအားရှိရမယ်။ အကယ်၍ စိတ်ဖိစီးမှုများပြန်ရင်လည်း ကတုန်ကရင် စိတ်လှုပ်ရှားမှု၊ စနစ်တကျ မစီမံနိုင်မှု၊ စတဲ့ မလိုလားအပ်တာတွေ ဖြစ်နိုင်တယ်ဆိုတာကို သဘောပေါက်ရမယ်။ ထားရှိသင့်သော စိတ်ဖိစီးမှုစွမ်းအားသာလျှင် မိမိအလုပ်ကို အလျှင်မြန်ဆုံး၊ အကောင်းဆုံး၊ သတ်မှတ်ထားတဲ့ အချိန်အတွင်း စနစ်တကျ လုပ်ဆောင်နိုင်မှာဖြစ်တယ်။

၂) စိတ်ဖိစီးမှုစွမ်းအင်ဟာ အလုပ်ကို လျှင်မြန်ပြီးမြောက်စေသော အရည်အချင်းရှိတယ်။

စိတ်ဖိစီးမှု စွမ်းအင်မရှိဘဲနဲ့ ဘယ်အလုပ်ကိုမှ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။ လူတိုင်းဟာ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ပျင်းတတ်၊ နှေးကွေးတတ်တာ ဓမ္မတာပင်။ အလွယ်လမ်းကို လိုက်ချင်ကြတယ်။ ကြိုတင်ပြင်ဆင်ခြင်းမရှိ နောက်ဆုံးအချိန်ကြမှ ကမန်းကတန်းလုပ်ချင်ကြတယ်။
လုံလောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်သည် မိမိအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်စေနိုင်တယ်။ ဥပမာ - စိတ်အားထက်သန်မှု စွမ်းအားကြောင့် ၁ပတ်လုပ်ရမည့် အလုပ်ကို ၁ရက်တည်းနဲ့ ပြီးစေတဲ့ အဖြစ်အပျက်မျိုး။

၃) စိတ်ဖိစီးမှုစွမ်းအင်ဟာ အောင်မြင်မှုကို ဦးတည်စေတယ်။

ဆူနာမီရေလှိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ အသက် ၃၂နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ ၆ ရက်လုံးလုံး အစာရေစာ မစားသောက်ရသော်လည်း စိတ်မလျော့တမ်း ကြိးစားပန်းစား သစ်သားတုံးနဲ့ ကူးခတ်ပြီး နီးစပ်ရာ ကမ်းကို အောင်မြင်စွာ ရောက်ရှိခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင် ကျွန်တော်တို့ နားလည်နိုင်ပါတယ်။ အကယ်၍များ အဲဒီအမျိုးသမီးက သေရမှာကို ကြောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ကို မှန်မှန်ကန်ကန် အသုံးမချလို့ တော်ပါပြီ သေလဲ သေပါစေတော့ဆိုပြီး ဒီအတိုင်း ရေစုန်မျောခဲ့ရင် အခုအချိန်ထိ လူ့လောကထဲမှာ ရှင်သန်မှာမဟုတ်။ ဒါ့ကြောင့် ထားရှိသင့်တဲ့ စိတ်စွမ်းအင်ဟာ မိမိတို့ ဘ၀မှာ လုပ်ဆောင်ကြတဲ့ အလုပ်တွေကို အောင်မြင်အောင် အထောက်အကူပေးနိုင်တယ်။

တချို့သောသူတွေ အများက အံ့သြလောက်အောင် စွမ်းဆောင်ခဲ့ကြလို့ လုပ်ငန်းအတူတူချင်းမှာတောင် နေရာကောင်း ရနေကြတာဟာလဲ လက်တွေ့ ဥပမာတစ်ခုပါဘဲ။ ဘ၀မှာ ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ရည်ရွယ်ချက်မရှိတာနဲ့ အတူတူဘဲ။ တနည်းအားဖြင့် ဘာကိုမှ ခက်ခက်ခဲခဲဆိုရင် မလုပ်ချင်ဘူး၊ ပျင်းရိငိုင်တွေ၊ အပျော်အပါးလိုက်စားဖို့ကိုဘဲ ဦးတည်နေကြတယ်။ ရည်ရွယ်ချက်မရှိမှတော့ ဘယ်လိုလုပ်ပြီး ဘာကို အောင်မြင်အောင် ဆောင်ရွက်ရမှလဲ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ရေစုန်မျှောရင်းနဲ့ အသက်သေသွားကြသူတွေဟာ မရေမတွက်နိုင်ပါ။

၎) စိတ်ဖိစီးမှုစွမ်းအင်ဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။

ဆေးပညာလေ့လာတွေ့ရှိမှုအရဆိုရင် ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု ခွန်အားစတင်ချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ဓာတုဗေဒစွမ်းအားတွေဟာ အလိုလို ထုတ်လွတ်လိုက်သောကြောင့် ခုခံစွမ်းရည်ကို ပိုမိုကောင်းမွန်စေပြီး မိမိဦးနှောက်ကိုလည်း အလုပ်များများစွမ်းဆောင်နိုင်အောင် အကျိုးပြုစေပါတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် နေ့စဉ် လုပ်သော မိမိအလုပ်မှာ တပ်နိုင်သမျှ မှန်ကန်သော စိတ်ဖိစီးမှုစွမ်းအင်ကို ပေါ်ပေါ်က်စေဖို့ အထူးကြိုးစားပါ။ ဒါမှလည်း မိမိကိုယ်တိုင်က ကြိုးစားပန်းစားနဲ့ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။

စိတ်ဖိစီးမှုများရင် စိတ်လှုပ်ရှားမှု၊ အလုပ်မှန်သမျှ အစီအစဉ်မကျမှုတွေဖြစ်တယ်။
စိတ်ဖိစီးမှုမရှိ၊ နည်းရင် အိပ်ချင်ငိုက်မျည်း၊ နိုးနိုးကြားကြားမရှိမှု တွေဖြစ်တယ်။
လုံလောက်သော မျှတသော စိတ်ဖိစီးမှုစွမ်းအားသာလျှင် အရာရာကို အကောင်းဆုံးအဆင့်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးက စိတ်ဖိစီးမှုစွမ်းအားကြောင့် မိမိဒုက္ခမရောက်အောင် ကြိုးစားပါ။ အဲဒီ စိတ်ဖိစီးမှုစွမ်းအင်ကို မိမိကောင်းစားဖို့အတွက် အသုံးချတတ်အောင် လုပ်ဆောင်ပါ။

သုံးမှာလား၊ ဖြုန်းမှာလား


မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ကို ဘယ်တော့မှာ သံချေးမတက်စေပါနဲ့။ အထူးသဖြင့် သွက်လက်ဖြတ်လတ်အောင် နေ့စဉ်လေ့ကျင့်ပါ။

မကြခဏဆိုသလို မေးမိသော မေးခွန်း။

“ခင်ဗျား မေ့တက်လား” လို့ မေးရင် အများစုကတော့
“ဟုတ်တယ်ဗျ မေ့တတ်တယ်” လို့ လွယ်လွယ်ကူကူ ပြန်ဖြေတတ်ကြတယ်။

အဲဒီအခါကျရင် နောက်မေးခွန်းက -
“ဟုတ်လား၊ ဒါဆိုရင် ခင်ဗျားဆီက ပိုက်ဆံ တစ်သိန်းချေးသွားတဲ့သူကိုရော ခင်ဗျားမေ့တတ်လား” ဆိုတော့

“ခင်ဗျားကလည်း ပေါက်ကရလေးဆယ်၊ အဲဒါကိုတော့ ဘယ်လိုလုပ်ပြီး မေ့လို့ရမှာလဲဗျ၊ ဒီလောက် ထင်ထင်ရှားရှားကြီးကို” လို့ ပြန်ဖြေကြတယ်။

အဲ့ဒီတော့ ဘာဖြစ်လို့ ဒါကျတော့ မမေ့တာလဲဆိုတော့ အများစုကပြောကြတယ်။ အဲဒီလိုကိစ္စမျိုးကျတော လွယ်လွယ်ကူကူ မေ့ပျောက်လို့ ဘယ်ရမလဲတဲ့။

တကယ်တော့ မေ့တတ်တယ်၊ သတိကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာဖြစ်တာလဲဆိုတော့ အလေ့အကျင့် မလုပ်ပေးလို့ဘဲ။ ပုံမှန်အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် မှတ်ဥာဏ်ဆိုတာ အင်မတန်မှ ကောင်းလာပါလိမ့်မယ်။ အဓိကပြဿနာက မှတ်ဥာဏ်စွမ်းရည်ကို နေ့ချင်းညချင်း ကောင်းအောင်လုပ်ချင်တဲ့ အများစုရဲ့ မျော်လင့်ချက်ကြောင့်ဘဲ။ မိမိမှတ်ဥာဏ်ကို သေချာလေ့ကျင့်ပြီး သိချင်သောအရာကို မှတ်ထား၊ ပြီးရင် အသုံးချတဲ့အခါ ပြန်ခေါ်စဉ်းစားကြည့်ပါ။ မှတ်မိတာကို တွေ့ရလိမ့်မယ်။

ကျွန်တော့်တွေ့ဖူးတဲ့ အသက် ၇၅နှစ်ရှိ မစ္စတာယိုး ဆိုရင် အခုအချိန်အထိ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ဦးစီးပြီး အလုပ်လုပ်နေတုန်း။ လုပ်သမျှကိစ္စတိုင်း ချက်ကျကျ စနစ်တကျ လုပ်တတ်တဲ့သူ။ အသက်ကြီးပေမဲ့ မှတ်ဥာဏ်ကောင်းတဲ့သူ၊ သူ့ပစ္စည်းဈေးနှုန်း တွက်ချက်မှုတိုင်းကို လက်မတင် ဈေးတွက်ပေးနိုင်သူမျိုး။ ဒါ့ကြောင့် မှတ်ဥာဏ်သည် အသက်ကြီးသည် ငယ်သည်နှင့်မဆိုင်ပါ။ အသက်ကြီးခြင်းသည် လေ့ကျင့်ထားသော မှတ်ဥာဏ်ကို မဖျက်ဆီးနိုင်ပါ။

ဥပမာအနေနဲ့ဆိုရင် - အသုံးမပြုတဲ့ ဓါးလိုပါဘဲ - ပုံမှန်လှီးဖြတ်တဲ့အလုပ်ကို အဲဒီဓားက ဟန်ကျကျ လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီဓားကို ပြန်ပြီး ထက်အောင်သွေးမယ်ဆိုရင်တော့ ပြန်လည် အသွားထက် လှီးဖြတ်နိုင်မှာဖြစ်တယ်။ အဲဒီလိုနဲ့ အနေကြာပြန်ရင်လည်း ဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက် ပြန်လည် သွေးရဦးရပါအုံးမယ်။ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း အဲဒီအတိုင်းဘဲ အလုပ်လုပ်ပါတယ်။ အချိန်နဲ့အမျှ မိမိတို့ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အသွားထက်အောင် သွေးနေရမှာဖြစ်တယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုသလို မိမိတို့ရဲ့ မှတ်ဥာဏ်ကိုလည်း အခုဖော်ပြမဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဖို့ ဖော်ပြလိုက်ပါတယ်။

၁) ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။

အများစု မေ့တတ်တဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အကြောင်းအရာ ကိစ္စတစ်ရပ်အား ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင် မလုပ်ခြင်းကြောင့်ဘဲ။ ရေးလက်စဘောပင်ကို မူလနေရာပြန်မထားဘဲ ပြီးတဲ့နေရာထားခဲ့၊ နောက် ရေးမယ်လုပ်တော့ ရှာလို့မတွေ့လို စိတ်ပျက်ခဲ့ရမှုတွေ။ မိမိဘောင်းဘီအိတ်၊ အင်္ကျီအိတ်ထဲ ထည့်ထားပြီး ပျောက်သွားတဲ့ဘောပင်ကို ရှာနေတာတွေဟာ တကယ်တော့ ပျာယာခတ်နေတဲ့ စိတ်ကို ဒီအတိုင်းလွတ်ထားပြီး အလုပ်လုပ်နေတဲ့အတွက်ကြောင့်ဘဲ။

နောက်ပြီး များသောအားဖြင့် အသိမိတ်ဆွေအသစ်တွေ့လို့ နှုတ်ဆက်ရင် နံမည်ကို အရင်ပြောပြပြီး ဘယ်မှာလုပ်တယ် စသဖြင့် ပြောပြီး မိတ်ဆက်တတ်ကြတယ်။ အကယ်၍ မိမိက သေသေချာချာ မကြားလိုက်ဘူးဆိုရင် ပြန်ပြီး နောက်တစ်ခေါက် နံမည်ထပ်ပြောဖို့ ၀န်မလေးပါနဲ့။ ဒါမှ မှတ်မိမှာကို။ တကယ်လို့ တပါးသူက နံမည်ကပ်ပြားကို ပေးမယ်ဆိုရင်လည်း နံမည်၊အလုပ်အကိုင်ကို သက်ဆိုင်ရာတစ်ခုခုနဲ့ တွဲမှတ်ဖို့ ကြိုးစားပါ။ ဥပမာ - အဲဒီလူနံမည်က မအေးအေးသန်း အလုပ်လုပ်တာက ရွေဝါ၀ါ ကုမ္ပဏီမှာဆိုရင် - မိမိစိတ်ထဲက မှတ်လို့လွယ်အောင် “ရွှေဝါဆပ်ပြာနဲ့ဆိုရင် အသားအရည်ဟာ အေးမြသန့်ရှင်းလိမ့်မယ်” စသည်ဖြင့်ပေါ့ဗျာ။ အတပ်နိုင်ဆုံး မိမိသန်ရာ ၀ါသနာပါရာနဲ့ မှတ်ပါ။ ကျွန်တော် အတွေ့အကြုံအရဆိုရင် အခုလို မှတ်နည်းဟာ အင်မတန်မှကို အကျိုးများပါတယ်။ ကျွန်တော့်ဖောက်သည်တွေရဲ့ နာမည် အလုပ်ဌာနတွေဆိုရင် ရှုပ်မှရှုပ်၊ တချို့က ကုလားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က မလေးရှားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က တရုတ်လူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ ဒါပေမဲ့ သူ့နံမည်က အနောက်တိုင်းနံမည်.. အို စုံနေတာဘဲ။ ခေါ်လို့ အခက်ဆုံးက တရုတ်နံမည်တွေဘဲ။

၂) စိတ်အာရုံစူးစိုက်မှုကို မြှင့်တင်ပါ။


ဒါဟာလည်း မှတ်ဥာဏ်တိုးတက်ရေးမှာ အင်မတန်မှကို အရေးကြီးပါတယ်။ အဲဒီအတွက် ပုံမှန်လေ့ကျင့်ဖို့လိုတယ်။ စိတ်အာရုံစူးစိုက်မှုပိုမိုကောင်းမွန်လာပြီဆိုတာနဲအမျှ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း လည်ပတ်နှုန်းပိုမိုအားကောင်းလာပြီး မှတ်ထားတဲ့ကိစ္စကို အလွယ်တကူ ပြန်လည် ဖော်နိုင်ပါတယ်။ အခွင့်သင့်လို့ မိမိကြိုက်တဲ့ သီချင်း (သို့) မှတ်စုတစ်ချို့ရဲ့ စာသားများကို အလွတ်ကျက်ပြီး ပြန်လည် ဆိုကြည့်တဲ့လေ့ကျင့်ခန်းမျိုးကိုလုပ်ကြည့်ပါ။ ဤကဲ့သို့ အင်တိုက်အားတိုက် ကျက်မှတ်လိုက်တဲ့အခါ မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ပုံမှန်ထက် ပိုပြီး အားစိုက်လုပ်ကိုင်ရတဲ့အတွက် သာမန်မှတ်သားမှုမျိုးမဟုတ်ဘဲ သေသေချာချာ မှတ်သားခြင်းမျိုးဖြစ်သွားတယ်။ အဲ့ဒီအတွက်ကြောင့် နောက်နောင်ပြန်လည်ပြီး တွေးခေါ်ကြည့်လျှင် ဖော်ပြနိုင်တယ်ဆိုတာ လက်တွေ့ပါဘဲ။

၃) အသစ်အဆန်းတစ်ခုခုကို ပုံမှန်လေ့လာပါ။


မိမိကိုယ်တိုင်က နေ့စဉ် ပုံမှန် အသစ်အဆန်းကို လေ့လာမှတ်သားနေမယ်ဆိုရင် မိမိရဲ့ မှတ်ဥာဏ် ဦးနှောက်ဟာလည်း ပိုပြီး တက်ကြွလန်းဆန်းနေပြီး မိမိကိုယ်တိုင်လည်း ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။ အလွယ်ကူဆုံးကတော့ အဘိဓါန်ထဲက စာသားများကို နေ့စဉ် တစ်လုံး (သို့) နှစ်လုံး အာဂုံဆောင်ပြီး စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် အသုံးချတတ်အောင် ကြိုးစားပါ။ အကယ်၍ အင်တာနက်ရှိတဲ့ နေရာမျိုးမှာ နေရင်တော့ မိမိစိတ်ဝင်စားရာ၊ အထူးသဖြင့် မိမိမသိသေးတဲ့ အကြောင်းအရာကို အင်တာနက်စာမျက်နှာတွေကတဆင့် လေ့လာပါ။

အထက်ပါဖော်ပြချက်တွေကို လုပ်သွားမယ်ဆိုရင် ဗေဒင်မေးစရာမလို မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ဆက်စပ် ဖွံ့ဖြိုးမှုအားကောင်းလာမှဖြစ်ပြီး အကြောင်းအရာအချက်အလက်များကို မှတ်သားတဲ့အခါမှာလည်း ပိုပြီး ထက်မြက်စူးရှလာမှာဖြစ်ပါတယ်။


အို ဘယ့်.. ရန်ကုန်တက္ကသိုလ်


Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။

အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ်တောင်မပါဘူး။

တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ်အလိုက်ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်းဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာမျက်နှာမှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။

ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။

“အို… ကို ရန်ကုန်တက္ကသိုလ် …
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊
တမင်တကာ မသိချင်ယောင် ဆောင်နေတာလား၊
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..

မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ
ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆိုတာကို မမေ့တန်ကောင်းပါဘူး
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။

ဒီတသက် ခေါင်းမချခင်မှာ
မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို
အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...

ထို့အတူ
မင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း
ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့….”

တို့ ဆုတောင်းလိုက်ပါတယ်ကွာ။



1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand


Source: Cybermetrics Lab (2007). Regional and Global Ranking of South-East Universities. CINDOC-CSIC, Madrid, Spain