Friday, July 27, 2007

ဒေါ်လေးရယ် ဖြစ်နိုင်ရင်..

“ဟဲ့ ထွန်းမြတစ်ယောက် ပျောက်ချက်သား ကောင်းလှချည်လား၊ အခုမှဘဲ နင့်ကို ဖူးရတော့တယ်”

“မဟုတ်ပါဘူး ဒေါ်လေးရာ၊ ကျွန်တော်လည်း မြို့တက်ပြီး အလုပ်လေးဘာလေးရှာဖို့အတွက် လုံးပန်းနေရလို့ပါ၊ တစ်မျိုးမထင်ပါနဲ့ဗျာ။”

“ကဲပါ၊ ဆင်ခြေဆင်လက် ဆင်နားရွက်နဲ့၊ ထားပါတော့၊ လိုရင်းကိုဆို”

“ဒီလိုဒေါ်လေးရ၊ ဒေါ်လေးရဲ့တူ သာအေးတစ်ယောက် ရန်ကုန်မှာ ကြီးပွားနေတယ်ဆိုတာ ကျွန်တော်ကြားလို့”

“ဒီလိုပါဘဲဟယ် လူတွေကတော့ ဟိုတစ်မျိုးဒီတစ်မျိုးနဲ့ပြောကြတာပါ၊ သူလည်း သူ့ဟာနဲ့သူလုပ်နေရတာပါဘဲ။ အဲဒါနဲ့ နင်က ဘာဆိုင်လို့လဲ”

“မဟုတ်ပါဘူး ဒေါ်လေးရာ ကျွန်တော်က ဒေါ်လေးဆီက အကူအညီလေးဘာလေးများ ရမလားလို့ လာတာပါဗျာ၊ ကူညီပါအုံး”

“ဟဲ့ သူ့ဟာနဲ့သူကြီးပွားနေတာ ငါနဲ့ဘာပတ်သက်လို့တုန်း၊ နင်လည်း ကိုယ်ဘာသာ ကြီးပွားအောင် ကိုယ်လမ်းကိုလျောက်ပေါ့။ သူများကြီးဘဲအားမကိုနဲလေ၊ သာအေးတုန်းကလည်း ဒီလိုဘဲ ဖြစ်အောင် လုပ်သွားတဲ့ဟာကို”

“အို..ဒေါ်လေးကလည်း နည်းနည်းလောက်တော့ ကူညီပါဗျာ.. ဟိုဗျာ နေဖို့ထိုင်ဖို့လေးများ အဆင်ပြေအောင်ပေါ့၊ ကူညီပါဗျာ”

“အေးလေ..ငါတပ်နိုင်တာကိုဘဲ ကူညီမယ်။ ဒါပေမယ့် သူလုပ်ပေးနိုင် မလုပ်ပေးနိုင်တော့ ငါမသိဘူးနော်၊ နင့်ကို ငါစာတစ်စောင် ရေးပေးလိုက်မယ်”


“ကျေးဇူးပါဘဲဗျာ၊ ဒေါ်လေးကျေးဇူးကို ကျွန်တော်ကြီးပွားရင် ပြန်ဆပ်ပါ့မယ်”

“တော်ပါ ထွန်းမြရယ် နင်ငါ့ကျေးဇူးမဆပ်ပါနဲ့ ကျေးဇူးမကန်းဘူးဆိုရင်ကို နင့်ကို ငါ့က ကျေးဇူးတင်ရအုံးမှာ၊ ကဲလိုတာ ရရင် သွားတော့”


အထက်ပါ ဇာတ်လမ်းကို ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ တကယ်ပြန်စဉ်းစားကြည့်ရင်

ဟို က သာအေးက ဘယ်လိုလုပ်ပြီး ရှာစားနေရတယ်ဆိုတာမသိ၊ သူတစ်ပါးကို အားမနာ အကူအညီတောင်းဖို့ လူတွေများ….သြော် လူတွေ လူတွေ။

ဒီလိုပါဘဲ..ကျွန်တော်တို့ စင်္ကာပူမှာ အလုပ်ရှာတုန်းက ဘယ်သူကမှ ဟက်ဟက်ပက်ပက် ကူညီဖို့နေနေသာသာ အဖက်တောင် မလုပ်ချင်ကြဘူး။ အော် ကိုယ်က ကျားကုတ်ကျားကဲနဲ့ စင်္ကာပူမှာ ခြေတစ်ကုတ်ရဖို့ ကြိုးစားအောင်မြင်ရော …..လာပါပြီ…အရပ်ကတို့ရေ။

သူတို့က အဲဒီအထက်က ဇာတ်လမ်းအတိုင်း ကူးဖို့ကြိုးစားကြတော့တာပါဘဲ။ အဲဒီတော့ စဉ်းစားကြည့်ပေါ့ဗျာ… နေထိုင်တယ်ဆိုတာက ဒီကလုပ်ဖော်သူငယ်ချင်းတွေနဲ့ စုပြီး ငှားနေရတဲ့ သာအေးဘ၀… ဘယ်လိုလုပ်ပြီး အဲဒီဇတ်လမ်းထဲက မစ္စတာ ထွန်းမြကို ရက်ရက်ရောရော အိမ်ဦးခန်းမှ တင်ထားလို့ ရပါ့မလဲ။ တင်ကြည့်ပါလား… ကျန်တဲ့ အဖော်တွေက အဲဒီသာအေးကိုလေ……မပြောလိုက်ချင်ဘူး….ဟိုဒင်း ဟိုဝှာ. လုပ်လိမ့်မယ်။

တွက်ကြည့် လူတစ်ယောက် အတွက် ၁လစာ ကုန်ကျစရိတ်။ (စင်္ကာပူဒေါ်လာ)
နေထိုင်စရိတ် --- ၂၀၀ - ၃၀၀ ဒေါ်လာ
စားစရိတ် - ၂၀၀ - ၃၀၀ ဒေါ်လာ
ခရီးစရိတ် - ၁၀၀ - ၁၅၀ ဒေါ်လာ
တယ်လီဖုန်း - ၅၀ - ၁၀၀ ဒေါ်လာ
အမြတ်ခွန် - ၅၀ - ၁၅၀ ဒေါ်လာ
အသေးသုံး - ၅၀ - ၁၀၀ ဒေါ်လာ (ဘီယာ ကွမ်း အရက် ဆေးလိပ် နာမကျန်းမှု မပါ)

ဒီတော့ တစ်လ တစ်လကို ခြိုးခြံနေရင်တောင် ၆၀၀ - ၇၀၀ ၀န်းကျင်လောက် ကျတယ်။ ဘယ့်နဲ့ အဲဒီသာအေးက နောက်တစ်ယောက်ကို အိမ်ဦးခန်းထားပြီး သံတော်ဦးတင်နိုင်မှာလဲဗျာ။

ဒါ့ကြောင့် ရွာက ဒေါ်လေးကိုလည်း မှာလိုက်ပါတယ်….

“ဒေါ်လေးတူ သာအေးတစ်ယောက် ကိုထွန်းမြကို ကူညီဖို့နေနေသာသာ ကျွန်တော်တောင် မြန်မာသံရုံးမှာ အခွန်မဆောင်ရသေးဘူး၊ ဖြစ်နိုင်ရင် ရွာက လယ်ကို ပေါင်ပြီး ကိုထွန်းမြနဲ့ ထည့်ပေးလိုက်ပါ၊ သံရုံးမှာ အခွန်ဆောင်ရမှာမို့၊ ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကလည်း သက်တမ်းကုန်တော့မယ်ဆိုတော့ အားလုံးပေါင်း စကာင်္ပူဒေါ်လာ ၃၀၀၀ ၀န်းကျင်လောက်ကျမယ်။ လယ်နဲ့မလောက်ရင် ဘကြီးရဲ့ နွားတင်ကုတ်ကိုပါ အပြတ်ဖြုတ်လိုက်ပါ လို့”

…ဒီစာကို ဖတ်ရင်း အားလုံး အားလုံး ကိုယ်ချင်းစာစိတ် မွေးနိုင်ကြပါစေ………….

1 comment:

paaukrevata said...

Very Good...

Real Life Story.