Monday, November 30, 2009

မပြတ်လေ့လာ ဆည်းပူးပါ - Lifelong Learning

ကျေးဇူးတော်ရှင် ယောဆရာတော်ကြီး ရေးသားတဲ့ အထက်က လင်္ကာကို ကျွန်တော် ၈ တန်းကျောင်းသား ဘ၀ကတည်းက အလွတ်ကျက်ခဲ့တာ၊ အခုအချိန်ထိ မမေ့သေးဘူး။ မှတ်ဥာဏ်ကောင်းလို့တော့ မဟုတ်ဘူး၊ နှလုံးသားထဲမှာ စွဲနေလို့ဗျ။ ငယ်ငယ်တုန်းကတော့ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကလေးပီပီ သင်ပေးတာတွေ ကျက်ခဲ့ရတဲ့ဘ၀။ စာပြန်လို့ အလွတ်မရရင် ဆရာက ကြေးစည်ဘု နဲ့ နဖူးထိပ်ကို ထုလိုက်တာများ တရုတ်ကားထဲက မိုးကြိုးသွားပမာ ခံစားရတာ ပြောမနေနဲ့တော့ အရပ်ကတို့ရေ။

အခုအချိန်ကျတော့မှ သြော် ဒီစာပိုဒ်လေးဟာ တော်တော်ကို တန်ဖိုးရှိပါလားဆိုတာ သိလာတာ။ ဒီစာပိုဒ်ရဲ့ အဓိပ္ပါယ်ကို အထူးလင်းစရာ မလိုပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပညာမရှိ၊ နည်းပါးတဲ့ ယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုကဲ့သို့ လည်းကောင်း၊ ယုံကြည်မှုမရှိ၊ နည်းပါးတဲ့ ပညာဟာလည်း မြေခွေးတစ်ကောင်ကဲ့သို့ လည်းကောင်း ဥပမာအလား ဆင်တူသည်။ ဒါကြောင့် ယုံကြည်ခိုင်မာတဲ့ ပညာသာလျှင် မိမိဘ၀အတွက်ရော မိမိပတ်ဝန်းကျင်မက ကမ္ဘာလောကကြီးအတွက်ပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အဲဒီ ပညာ လို့ခေါ်တဲ့ သင်ယူမှု၊ သင်ကြားမှု လေ့လာမှုအကြောင်းတွေကို ကျွန်တော့် မတောက်တခေါက် အသိဥာဏ်နဲ့ တင်ပြချင်ပါတယ်။

ဘာ့ကြောင် သင်ယူလေ့လာနေရတာလဲ။




အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ဘ၀အပေါ်မှာ ပိုပြီး နားလည်လာသည်နှင့်အမျှ ဘ၀ကို ပိုပြီး နှစ်ထောင်းအားရ ကျေနပ်ကြတယ်။ အကယ်၍များ ကျွန်တော်တို့ဟာ အသိတရားတို့၊ နားလည်မှုတို့ မရှိဘူးဆိုရင် ကျွန်တော်တို့ဘ၀ဟာ ကျောက်တုံးပမာကဲ့သို့လည်းကောင်း အသက်ရှိပြီး ရှင်သန်မှုမရှိသကဲ့သို့ ဖြစ်နေပါလိမ့်မယ်။ သင်ယူဆည်းပူးခြင်းဟာ ကျွန်တော်တို့ဘ၀အတွက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသလို ပိုပြီးလည်း အဓိပ္ပါယ် ရှိပါတယ်။ ဘ၀ဟာ တည်မြဲမှုမရှိ အမြဲတမ်းပြောင်းလဲနေသည့်အလျောက် ကျွန်တော်တို့တတွေလည်း ပြောင်းလဲမှုနဲ့အညီ သင်ယူလေ့လာနေဖို့၊ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိအောင် ပြုလုပ်သင့်ပါတယ်။ တကယ်တော့ သင်ယူလေ့လာခြင်းဟာ မိမိအတွက်တင်မကဘဲ ပတ်ဝန်းကျင်အတွက်၊ သူတပါးအတွက်ပါ သဟဇာတဖြစ်စေပါတယ်။


ကြားဖူးခဲ့သော စကားပုံအတိုင်းဆိုရင် စဉ်ဆက်မပြတ် သင်ယူလေ့လာနေသူတိုင်းဟာ အမြဲတမ်း နုပျိုနေတယ်လို့ ဆိုတဲ့အတိုင်းပါဘဲဗျာ။ အကယ်၍များ ကျွန်တော်တို့တတွေဟာ မိမိ စိတ်နှစ်သက်ရာပေါ်မှာ အမြဲတမ်းလေ့လာ သင်ယူနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရောဂါများမှလည်း ကင်းဝေးစေနိုင်တယ်လို့ မှတ်သားဖူးပါတယ်။ ဥပမာ - မိမိနှစ်သက်ရာ စာပေ၊ ကဗျာ၊ ဂီတ၊ အနုပညာ၊ ဘာသာစကား ကွန်ပျူတာ အစရှိသဖြင့်ပေါ့။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အစဉ်ရှင်သန်နေဖို့အတွက် တကယ်တော့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းများကဲ့သို့ ပုံမှန်လေ့ကျင်ခန်းလို့ခေါ်တဲ့ သင်ယူလေ့လာမှုလုပ်ဖို့ လိုအပ်ပါတယ်။ ရှေးစကားအရ .. အသုံးပြုဖို့လား - ဆုံးရှုံးဖို့လား ဆိုတဲ့အတိုင်း မိမိကိုယ်ကို မိမိ သေချာစွာ စီစစ်ဖို့လိုပါတယ်။


ဘာတွေကို ဘယ်ကနေ ဘယ်လို လေ့လာသင့်သလဲ။



တကယ်တော့ ကျွန်တော်တို့တတွေ ဘာကိုဘဲစိတ်ဝင်စားစား၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုချင်း မတူညီနိုင်ပါ။ ဘယ်လိုမှလည်း တူညီဖို့ရာ မဖြစ်နိုင်ပါ။ တခြားသူသိတာကို မိမိသိချင်မှသိမယ်။ မိမိသိနေတာကို တခြားသူက သိချင်မှသိမယ်။ ဒါဆိုရင် မိမိနဲ့ အဲဒီတခြားသူတို့ အသိချင်း ဖလှယ်ကြရင် ပိုမကောင်းဘူးလား။ ဒါတွေးတောစရာ။ ပိုရော အကျိုးမရှိနိုင်ဘူးလား။ သင်ယူလေ့လာခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အသိပညာ ကြွယ်ဝဖို့ထက် ပိုပြီးအခြား မရှိနိုင်ပါဘူး။ အသိပညာ၊ အသိတရားဟာ နားလည်မှုကို ဦးတည်စေတဲ့အပြင် စာနာခြင်း၊ နှစ်ထောင်းအားရခြင်း၊ ချစ်ခင်နှစ်သက်ခြင်းတို့ကို ဖြစ်စေတယ်။


ဒါ့ကြောင့် ကျွန်တော်တို့တတွေဟာ မိမိဘ၀အကြောင်းကို ပိုမိုလေ့လာမိလျှင် မိမိတို့ဘ၀အပေါ် ချစ်ခင်မြတ်နိုးမှု ကိုလည်း ပိုမို မွေးဖွားနိုင်မှာဖြစ်တယ်။ အဲဒီ့ ဘ၀အပေါ်မှာ ချင်ခင်မြတ်နိုးမှုသည်ပင်လျှင် ငြိမ်းချမ်းမှုဖြစ်တယ်ဆိုတာကို နားလည်ရမှာ ဖြစ်တယ်။


ဒါဆိုရင် ဘာကြောင့်သင်ယူလေ့လာနေတာလဲ၊ ဘာတွေကိုလေ့လာမလဲဆိုတဲ့ မေးခွန်းကို ဖြေပြီးလောက်ပြီဟု ကျွန်တော် ထင်ပါတယ်။ ဆက်ပြီး ကျွန်တော်တို့ စဉ်းစားရမှာက ဘယ်လိုပုံနဲ့ လေ့လာဆည်းပူး မလဲဆိုတဲ့အချက်ဘဲ။ ဒီအထဲမှာ ကျွန်တော်နားလည်ထားတဲ့ ပုံစံနဲ့ ဖြေပါရစေ။ တခြားလုပ်စရာလေးတွေ ရှိနေတာမို့ အကျဉ်းချုံးခွင့်ပြုပါ။


၁) မိမိအတွေ့အကြုံကနေ လေ့လာဆည်းပူးပါ။
၂) မိမိအခက်အခဲတွေကနေ လေ့လာဆည်းပူးပါ။
၃) မိမိအမှားများကနေ လေ့လာဆည်းပူးပါ။
၎) မေးခွန်းများ မေးရင်းကနေ လေ့လာဆည်းပူးပါ။
၅) သူတပါးဆီကနေ လေ့လာဆည်းပူးပါ။
၆) သင်ကြားပေးမှုကနေ လေ့လာဆည်းပူးပါ။
၇) မိမိစိတ်ကို ဘယ်လိုပြောင်းမလဲဆိုတာကနေ လေ့လာဆည်းပူးပါ။
၈) အမှန်တရားကို ရှာဖွေရင်းကနေ လေ့လာဆည်းပူးပါ။



မိမိသင်ယူဆည်းပူးပြီးလျှင် ဘယ်တော့မှ မကြွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်ယူ ဆည်းပူးမှုဟာ ဘယ်တော့မှ ကုန်ဆုံးနိုင်မှာ မဟုတ်လို့ပါ။ အဲ့ဒါအပြင် မိမိသိတယ်ဆိုတာ အခြားသူ မြောက်များစွာနှင့် ယှဉ်လျှင် နွားခြေရာခွက် ရေအိုင်ထဲက ဖားသူငယ်ပမာ အလားတူပါတယ်။


နိဂုံးချုပ်အနေနဲ့ ဒီစာကြောင်းလေးကြောင်းနဲ့ အဆုံးသတ်ပါရစေ။


သူ့ကို ရှောင်ပါ - ဘာမှ မသိတဲသူ၊ ဒါကိုလည်း သူကိုယ်တိုင်က မသိဘူး။
သူ့ကို သင်ပေးပါ - ဘာမှ မသိတဲသူ၊ ဒါပေမဲ့ သူကိုယ်တိုင် မသိဘူးဆိုတာကို သိတယ်။
သူ့ကို တိုက်တွန်းပါ - သိတော့သိတယ်၊ သူကိုယ်တိုင်ကတော့ မသိရှာဘူး။
သူ့နောက်က လိုက်ပါ - သိတယ်၊ သူ့ကိုယ်သူလည်း သိတယ်။


+++ ဆွေးနွေးစရာများရှိပါက ပြောချင်ရာပြော ခွက်ထဲမှာ ရိုက်လိုက်ပါ။ +++

Monday, July 20, 2009

အကောင်းမြင်ပါစေ - Positive Mindset

ထုံးစံအတိုင်း ဒီပို့စ်ကို ရေးမယ်လို့ဟန်ပြင်ပြီး စဉ်းစားလိုက်တော့ အလုပ်တူသူငယ်ချင်း စင်္ကာပူနိုင်ငံသား တစ်ယောက်က ဒီနေ့ပြောလိုက်တဲ့စကားကို သွားသတိရမိပြီး အကောင်းမြင်နိုင်တဲ့ စိတ်ဓါတ်အကြောင်းကို ရေးဖို့ ဦးတည်လိုက်ပါတယ်။


တကယ်တော့ ကျွန်တော်တို့က ပါးစပ်ကသာ ရွှန်းရွှန်းဝေအောင် ဘယ်လိုဘဲပြောပြော ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကိုက အကောင်းမြင်တဲ့ အကျင့်ရဖို့လိုပါတယ်။ မြင် တွေ ကြားသမျှ အရာရာတိုင်းကိုတော့ အကောင်းမြင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဟာလည်း လူတစ်ဦးနဲ့တစ်ဦးရဲ့ အတွေ့အကြုံ၊ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်၊ ရင့်ကျက်မှုအသိဥာဏ်တွေပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်။ လူတချို့ကပြောတယ်၊ အကောင်းမြင်စိတ်ဆိုတာ မွေးရာပါတဲ့၊ ကျွန်တော်ကတော့ ဒီ အဆိုကို လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်မှာ အကောင်းမြင်နိုင်ခြင်းဆိုတဲ့ စိတ်ဟာ ဒီလူရဲ့ ကြူံတွေ့ရတဲ့ အချိန်ကာလပြောင်းလဲသွားတာနှင့်အမျှ၊ အသက်အပိုင်းအခြားရွေလျားသွားတာနဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲနိုင်လို့ပါဘဲ။ ဒါ့အပြင် အဲဒီစိတ်ကို ကျွန်တော်တို့အနေနဲ့ လေ့ကျင်ယူလို့ရတယ်။

ဘယ်လိုဘဲ မကောင်းတဲ့စိတ်အခြေခံလူတစ်ယောက်ဘဲဖြစ်ပါစေ၊ ဤသူကိုယ်တိုင် ကောင်းတဲ့စိတ်အခြေခံရှိအောင် လေ့ကျင့်ပြုစု ပျိုးထောင်သွားမည်ဆိုရင် ဒီလူဟာ ပိုပြီးကောင်းလာနိုင်ပါတယ်။ ကျွန်တော့်အတွေအကြုံအရဆိုရင် အခုလိုနည်းနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။

စာစကားနဲ့ပြောရင် တရားအားထုတ်တယ်လို့ပြောတယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ ကိုယ့်စိတ်ကို သိအောင် လေ့ကျင့်ခြင်းလို့ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလေ့ကျင့်ခြင်းဟာ လူမျိုး ဘာသာမရွေး အကုန်အကျ မရှိဘဲ လုပ်နိုင်ပါတယ်။ စကားလုံးကြီးသွားရင် လက်တွေ့လုပ်တဲ့အခါမှာ ဟိတ်ကြီးဟန်ကြီးတွေ လုပ်နေမိတဲ့အတွက်ကြောင့် ရိုးရိုးရှင်းရှင်းဘဲ ပြောကြတာကောင်းပါတယ်။ စကားပုံအတိုင်းဆိုရင် “ရိုးရှင်းခြင်းဟာ အကောင်းဆုံးပါဘဲ” ဆိုတဲ့အတိုင်းပေါ့။

ကနဦးမှာ အချိန်တွေအများကြီးမယူနိုင်ဘူးဆိုရင်လည်းရတယ်။ ဒါပေမဲ့ ဒီလေ့ကျင့်ခြင်းကိုတော့ အဆက်မပြတ် လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ - အိပ်ယာမ၀င်ခင် ခြေလက် သုတ်သင်ပြီးပြီ ဆိုရင် ထိုင်နေရင်း ဒါမှမဟုတ် အိပ်လျက် လဲလျောင်းနေရင်း မိမိရဲ့ ၀င်လေ ထွက်လေကို နှာသီးဝမှာ တိုးထိသွားတာကို သတိဖြင့် ကြည့်ကြည့်ပါ။ ဒီနေရာမှာ ဖားအောက် ဆရာတော်ကြီးကတော့ ကြည့်ရလွယ်အောင်လို့ ကိန်းဂဏန်းဖြင့် မှတ်ဖို့ တိုက်တွန်းညွှန်ကြားထားတဲ့အတိုင်း လုပ်ချင်ရင်လည်း ရပါတယ်။ ဆိုလိုတာက မိမိနှာသီးဝကို ၀င်ထိတဲ့လေ တစ်ခါနဲ့ နှာသီးဝက တိုးထွက်တဲ့တစ်ခါပြီးတိုင်း စိတ်ထဲက (၁) လို့ မှတ်ရမယ်။ ဒီလိုနဲ့ (၈) ကြိမ်မြောက်တဲ့အထိ မှတ်သွား၊ ရောက်ရင် (၁)ကပြန်စပေါ့။ ဒီလိုနဲ့ ကြိုးစားပြီး အနည်းဆုံး ၁၀ မိနစ်လောက်စီ ညတိုင်းလုပ်သွားကြည့်ပါ။ ဒီနည်းအတိုင်း မနက်အိပ်ယာထတဲ့အခါလည်း အိပ်ယာက မထမှီ ၁၀ မိနစ်လောက် ကြိုးစားပြီး လုပ်ကြည့်ပါ။ ၁ လလောက်နည်းပါးကြာလာရင် မိမိကိုယ်မိမိ တဖြည်းဖြည်းပြောင်းလဲလာတာကို သိလာနိုင်ပါတယ်။

ထိုနည်းအတိုင်း နေ့စဉ် လုပ်ငန်းတွေမှာလည်း အသုံးချလို့ရပါတယ်။ ဥပမာ - ကိုယ့်စိတ်က ဒေါသထွက်နေတယ်ဆိုရင်လည်း အဲဒီဒေါသကို အတပ်နိုင်ဆုံးပျောက်ဖို့အတွက် ၀င်လေထွက်လေကို အထက်ပါနည်းအတိုင်း စမ်းလုပ်ကြည့်ပါ။ စိတ်တည်ငြိမ်မှုကို ရလာပါလိမ့်မယ်။ အဲဒီကြတော့မှ ပြောသင့် ပြောထိုက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်ပါ။ ထူးခြားမှုကို မုချခံစားရပါလိမ့်မည်။ ဒီနည်းကို ဘယ်နေရာ ဘယ်အချိန်မှာမဆို လုပ်လို့ရပါတယ်။ ကျွန်တော်ဆို စာမေးပွဲခန်းမှာ မဖြေခင်၊ တခါတလေ ကားစီး၊ ရထားစီးတဲ့အခါ လုပ်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ကို တည်ငြိမ်မှုရအောင်လို့ပါ။ ဒါမှ စိတ်ဟာ ပိုပြီး အစွမ်းထက်လာတာကို တွေ့ရပါလိမ်မယ်။

စိတ်တည်ငြိမ်ပြီးမှ ဆုံးဖြတ်သော ကိစ္စ၊ ပြောဆိုမှု၊ ကြံစည်မှုတွေဟာ အကောင်းဘက်ကို ဦးတည်သွားမှာဖြစ်ပါတယ်။ အားလုံးအတွက် မြတ်စွာဘုရားဟောကြားခဲ့တဲ့ စာတစ်ပိုဒ်ဖြင့် ဒီပို့စ်ကို နိဂုံးချုပ်ပါရစေ။

“စိတ်တည်ငြိမ်မှု ရအောင် လေ့ကျင့်ပါ
ကြည်လင် တည်ငြိမ်မှုရှိပြီးသားစိတ်သည်သာ အကျိုးအကြောင်း အဆိုးအကောင်းကို
မှန်ကန်စွာ မုချ ဆုံးဖြတ်နိုင်ပါမယ်” ++


++ နားလည်သလို့ မြန်မာမှုပြုထားသည့်အတွက် အမှားများပါရှိပါက ပြင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

အားလုံး အားလုံး မိမိစိတ်ကို အကောင်မြင်နိုင်အောင် ကြိုးစားနိုင်ကြပါစေ....။