Saturday, August 4, 2007

ကျွန်တော်နဲ့ ဆင်ဟွာ


ဆင်ဟွာဆိုတာ မြန်မာလိုပြောရင် တရုတ်လို့ အဓိပ္ပါယ်ရတယ်ဆိုတာ အားလုံးသိကြပါလိမ့်မယ်။ လွန်ခဲ့သော ၁၉၉၉ ခုနှစ်၊ ကျွန်တော် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်မှာ အဆောင်နည်းပြ အလုပ်လုပ်ခဲတုန်းက သြစတေးလျ ဘုန်းကြီးက တိုက်တွန်းတာနဲ့ တရုတ်စကားပြော သင်တန်းကို သူနဲ့အတူတက်ခဲ့ဖူးတယ်။ ဘာရယ် ညာရယ်လို့တော့ မဟုတ်ပါဘူး၊ လူရှိန်သွားအောင်ပေါ့… အဲဒီလိုနဲ့ တက္ကသိုလ်ကထွက် နောက်အလုပ်ပြောင်းတော့ ဆက်မလုပ်ဖြစ်တော့ပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ စကားပြော လေ့ကျင့်ခန်းလုပ်တိုင်း ဆရာမ မသိအောင် ပြောလေ့ပြောထရှိတဲ့ တရုတ်လို နုတ်ခွန်းဆက် “နေကောင်းလား” ဆိုတာကို အခုထိ သတိရပါသေးတယ်။

“နင်း ဟောင် မား” လို့ ကိုယ်ကမေးရင်

“ဟောင်ဟောင်” လို့ သူငယ်ချင်းက ဖြေတယ်။ အဲဒါဆို ကျွန်တော်က ဘာရမလဲ ကိုယ်အကွက်ထဲဝင်လာ ပြီဆိုတော့ ..

“ဒါဆို ခွေးလိုဟောင်” လို့ ဆရာမသိအောင် နောက်ပြောင်ကြတာပေါ့ဗျာ။

အခုလဲ စင်္ကာပူက တရုတ်တွေကို အဲဒီလိုပြောရင် သူတို့ နားလည်မှာ မဟုတ်တာ သေချာတယ်ဗျ။ ကိုယ်က အဓိပ္ပါယ် မပြောပြဘူးဆိုရင်ပေါ့။

စင်္ကာပူရောက်စတုန်းက တရုတ်စာနဲ့ ပတ်သက်ပြီး အမှတ်တရ ကျန်နေသေးတယ့် အတွေ့အကြုံကို ဖောက်သည်ချအုံးမှဘဲ။ ကျွမ်းကျင်အဆင့်လိုတော့ မရဘူး။ တချို့အဓိပ္ပါယ်တွေကိုတော့ နားလည်တော့ ရယ်ရမလို၊ ငိုရမလိုအဖြစ်အပျက်ပါ။

ကျွန်တော်တို့တိုက်က အထပ် ၁၃ ထပ်ရှိတယ်။ ကျွန်တော်က ၁၁ ထပ်မှာ နေတယ်။ မနက်ခင်းတခုမှာ ထုံးစံအတိုင်း အလုပ်သွားဖို့ ဓါတ်လှေကားကို ၁၁ ထပ်ကနေစီးတယ်။ နောက် ၁၀ ထပ်ရောက်တော့ ဓါတ်လှေကား ရပ်ပြီး ၇ နှစ်အရွယ် ကလေး နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဝင်လာတယ်။ အဲဒါနဲ့ ဓါတ်လှေကားစက်စီးရင်း ဘယ်လိုမှ မအောင့်နိုင်တာနဲ့ ကျွန်တော် လေလည် လိုက်တယ်ဗျ။ အနံ့က ဆိုးလားမသိဘူး ဓါတ်လှေကားက အလုံပိတ်ဆိုတော့ အတွင်းမှာ ပွက်လောရိုက်သွားတယ်။ ဒီတော့ အမျိုးသမီးက သူ့ကလေးနှစ်ယောက်ကို “အမလေး နံလိုက်တာ အဲဒါဘယ်သူလဲ” ဆိုပြီး မေးခွန်းထုတ်ပါလေရော။ ကလေးမ နှစ်ယောက်ကလည်း တရုတ်လို “ပုစု ၀ါသာ” “ပုစု ၀ါသာ” – “သမီးတို့ မဟုတ်ဘူး” ဆိုပြီး ပြန်ပြောပါလေရော။ ကျွန်တော်လည်း ဘာရမလဲ.. မျက်နှာကို မော့ပြီး ခပ်တည်တည်နေလိုက်တယ်။ စိတ်ထဲတော့ “ဒင်းကတော့ ငါ့ကို ကျိန်စဲနေမှာ သေချာတယ်” ဆိုပြီး တွေးနေတုန်း၊ ကံကောင်းစွာနဲ့ ၆ ထပ်ရောက်တော့ ကုလားတစ်ယောက် ၀င်လာတယ်။ ကုလားရဲ့ ထုံသင်းရနံ့ဟာ ..အို..ပြောမနေနဲ့ ကျွန်တော့်လေလည်တဲ့ အနံ့ကို ကျော်လွန်ပြီး ဓါတ်လှေကား တစ်ခုလုံး သင်းပျံ့မွေးကြိုင်သွားပါတယ်ဗျာ….အောက်ဆုံးထပ်ကို ရောက်တော့မှဘဲ …အောင့်မလေး အခုမှဘဲ အောက်စီဂျင်စစ်စစ်ကို ရှုရတော့တယ်လို့ စိတ်ထဲက တွေးလိုက်ပါတယ်…

တစ်ခါကလည်း ကိုယ်လုပ်တဲ့ ကုမ္ပဏီနံမည်ကို အင်္ဂလိပ်လိုဘဲသိပြီး တရုတ်လိုမသိတော့ ၀ယ်သူတစ်ယောက်က ဖုန်းဆက်ပြီး တရုတ်လို မေးလည်းမေးရော …ကျွန်တော်က ..၀မ်းနည်းပါတယ် မင်းဆက်တဲ့ နံပါတ်မှား နေပါတယ်။ အခုက ..အေဘီစီ ကုမ္ပဏီပါလို့ အင်္ဂလိပ်လိုပြန်ဖြေလိုက်တယ်။ ဒီတော့မှာ မအ၀ှာ ၀ယ်သူကလည်း ငါမမှားဘူး.. ငါပြောတာလည်း အဲဒါကိုဘဲလို့ အင်္ဂလိပ်လို ပြောမှ နားလည်ခဲ့ရတယ်။ တော်တော်ရှုပ်တဲ့ တရုတ်စာ ….

နောက်ပြီး တချို့ အသံထွက်တွေဟာ ကြောက်ခမန်းလိလိ အဓိပ္ပါယ်တွေထွက်နေတာကို တင်ပြအုံးမယ်။

တရုတ်စာမှာကိုတင် လမ်းခွဲဘာသာတွေက အမျိုးမျိုးဆိုတော့ သူ့အဓိပ္ပါယ်နဲ့ သူရှိတယ်။ တကမ္ဘာလုံးသုံးတာကတော့ တရုတ် မန်ဒရင်းဘာသာကို သုံးတယ်။ စင်္ကာပူမှာလည်း မန်ဒရင်းကိုသုံးတယ်။ ဟောင်ကောင်မှာဆိုရင် ကန်တုန်နိ တရုတ်ဘာသာကိုသုံးတယ်။ ဒါ့ကြောင့် စင်္ကာပူက တရုတ်အများစု ဟောင်ကောင်သွားရင် မန်ဒရင်းလို ပြောလို့မရဘူး။ ဟောင်ကောင်ကလူတွေက မန်ဒရင်းလိုပြောရင် ပြည်မကြီးကတရုတ်တွေထင်ပြီး အထင်သေးတယ်။

ကျွန်တော့်ရုံးမှာ တရုတ်မတစ်ယောက် အလုပ် လုပ်တုန်းက သူ့နံမည်က “ဂေါဝ်ဘိုလ်” တဲ့။ ကျွန်တော်ကတော့ မြန်မာမှု့ပြုပြီး ခေါ်ရလွယ်အောင် မြန်မာသံနဲ့ “ဂေါပို” လို့ခေါ်တယ်။ အဲဒါ ဘေးနားက ဟောကင်းတရုတ် လိုနားလည်တဲ့ လုပ်ဖော်ကိုင်ဖက်က .. ဟဲ့ အဲဒါ… ဟောကင်းလိုပြောရင် “ခွေး”လို့ အဓိပ္ပါယ်ရတယ်… လို့ပြောပြမှ သူလည်း လူစင်စစ်ကနေ ခွေးမဖြစ်အောင်လို့ဆိုပြီး အင်္ဂလိပ်နံမည်တစ်ခုကို သူ့ပေးလိုက်တယ်။ “ဂျက်စီ” ဆိုပြီး။

တရုတ်နံမည်တချို့ဟာလည်း အင်မတန်မှကို အသံထွက်ရခက်တယ်။ ကျွန်တော့်ရဲ့ ဖောက်သည် ကုမ္ပဏီနံမည်တွေဆိုရင် တော်တော်လေးကို အချိန်ပေးပြီး လေ့ကျင်အသံထွက်ထားရတာ။ တော်ကြာ ပေါက်ကရ အဓိပ္ပါယ်တွေ ဖြစ်ကုန်မှာဆိုးလို့။

နောက် တရုတ်မတစ်ယောက်ရဲ့ နံမည်ကလည်း “ရှောင် စုဖျင်း” တဲ့။ ရင်းရင်းနီးနီးခေါ်ချင်ရင် “စုဖျင်း”လို့ ခေါ်တယ်။ အဲဒါ မြန်မာသံနဲ့ “စုဗျင်း”ခေါ်လိုက်တိုင်း ကျွန်တော် ကြက်သီးမွှေးညှင်းတွေ ထတယ်။ စိတ်ထဲက “စုဗျင်း ။ အင်း စုဗျင်း ….အို ဒုက္ခပါဘဲ ဒီနံမည်နဲ့”။

သူငယ်ချင်းတစ်ယောက်နံမည်က လည်း “အာခ် ချင်းဂျောင်း”တဲ့။ ကျွန်တော်ကတော့ ခေါ်ရလွယ်အောင် “ခြင်းတောင်း” လို့ခေါ်တယ်။ နောက်တယောက်နံမည်က “ရှောင် ချောင်ခန်”တဲ့။ ကျွန်တော်ခေါ်တော့ “ခြောက်ခန်း”။ “ရှောင် လျောက်လို့” ကိုကျတော့ ကျွန်တော်က “ရှောက်လူး”လို့ခေါ်တယ်။ တရုတ်နံမည် “Mr. Ng” ကို အသံထွက်ရင် တော်တော်ခက်တယ်။ သူ့နံမည်မခေါ်ခင် အရင် သက်ပြင်းကို ချပြီးမှ “မစ္စတာ အင်း” ခေါ်လို့ရတယ်။ အဲဒီတော့မှ ပီပီသသ အသံထွက်တယ်။ တော်တော်ဘုကျ တဲ့ တရုတ်စာ။

သေချာကြည့်ရင် တရုတ်အများစုရဲ့ နံမည်ရှေ့ မှာ “ရှောင်”ဆိုတာပါတယ်။ အဓိပ္ပါယ်က “မောင်၊ မ” ဖြစ်တယ်။ အားလုံးကို ကျွန်တော်က မြန်မာမှုပြုပြီးခေါ်တော့ အလုပ်က တရုတ်တွေကလည်း ကျွန်တော့်ကို တရုတ်နံမည်တစ်ခု ပေးထားတယ်။ “ရှောင် ဟေ့” လို့ခေါ်တယ်။ “ဟေ့” ဆိုတာက အမဲရောင်။ သူတို့နဲ့ယှဉ်ရင် ကျွန်တော်က အသားမည်းလို့ သူတို့က ကျွန်တော့်ကို “ကိုမဲ” တဲ့…………….. မဟာဘုတ်တောင် ထောင်စရာမလိုဘူး။ မင်းသိင်္ခနဲ့လည်း တိုင်ပင်စရာမလိုတော့ဘူး…. ကောင်းလိုက်တဲ့ နာမည်.။….

No comments: