Monday, August 20, 2007

တသွင်သွင် စီးဆင်းနေ


ငါနှင့်ရွယ်တူ ငါ့အောက်လူ
ကြီးသူ သေကြများလှပြီ။

ခဏမစဲ အိုစမြဲ
ကိုယ်လည်း သေဘက်နီးခဲ့ပြီ။

မသေရခင် သွားလမ်းစဉ်
ကြိုတင်ပြင်သင့်ပြီ။

မဂ္ဂင်ယဉ်ကြီး အမြန်စီး
ခရီးနှင့်တော့မည်။

ဘ၀တစ်ခုဆိုတာလဲ စီးဆင်းနေသာ မြစ်ရေမပမာ ရပ်လို့မနေ တလိမ့်လိမ့် သူ့အရှိန်နဲ့သူ မည်သူမျှ တားမရ သွားကြရမှာ ဓမ္မတာပါဘဲ။ ကိုယ်အလိုမလိုက် သူ့သဘာဝအတိုင်း တသွင်သွင် စီးဆင်းကြရမှာဆိုတာကို အားလုံးနားလည်သဘောပေါက် ကြရမှာဖြစ်ပါတယ်။ အို နာ သေခြင်းသည် ကြီးသည် ငယ်သည်၊ အယုတ်အလတ် အမြတ် မရွေး ဘက်လိုက်မှုမရှိ တရားမျှတစွာ ဖြစ်တည်ကြသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ခင်မင်ရတဲ့ အသိမိတ်ဆွေရဲ့ ဖခင်ဆုံးပါးသွားတဲ့သတင်းကို ကြားရတုန်းက လျပ်တပြတ် သံဝေဂတော့ ရလိုက်ပါတယ်။ ဒါ့ကြောင့်လည်း အထက်ကဖော်ပြထားတဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားထားခဲ့တဲ့ လင်္ကာနဲ့ ခေတ်သစ်နည်းပညာ အင်တာနက် စာမျက်နှာကနေ ထပ်လောင်းပြီး သံဝေဂယူလိုက်ပါတယ်။ ဘယ်သူမပြု မိမိမှု့လို့ ငယ်စဉ်ကတည်းက သိခဲ့ရတဲ့အတိုင်း အချိန်တန်ရင် ကိုယ်လမ်းကိုလျောက်ရမှာကို ပိုပြီး အရင်ကထက် နားလည် သဘောပေါက်လာမိပါတယ်။ ဒီ့အပြင် ဘ၀ဆိုတဲ့အနက်အဓိပ္ပါယ်ကိုလည်း ပိုပြီး နားလည်လာမိပါတယ်။

လူဆိုတဲ့ သဘောထဲမှာ လူတွေဟာ မကောင်းတဲ့ အကြောင်းအခြင်းအရာတွေဖြစ်တဲ့ အို၊နာ၊သေခြင်းတွေကို အင်မတန်မှ ကြောက်ကြတယ်။ မလိုလားကြဖူး။ ဖြစ်နိုင်သမျှ ကာကွယ်ဆေးဖြစ်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေကြတယ်။ နောက်ဆုံး တရားဘာဝနာအားထုတ်တာတောင် နိဗ္ဗာန်ရဖို့ထက် ဒိဌ အသက်ရှည် နုပျို ကျန်းမာခြင်းစတဲ့ အကျိုးတွေကို ခံစားဖို့ ဦးတည်ကြတယ်။ ပိုက်ဆံတက်နိုင်တဲ့သူတွေကတော့ နုပျိုဆေးတို့ ဘာတို့ကို မှီဝဲကြတယ်။ အင်း…ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း …..အချိန်တန်ရင် အားလုံးကိုစီ သွားကြရတာပါဘဲ။

အဓိက အရေးကြီးဆုံးက ကျွန်တော်တို့ ဘ၀အစကနေ ဆုံးတဲ့အထိ ဘယ်လို့ ပုံစံနဲ့ ရပ်တည်နေထိုင် သွားဖို့လိုသလဲဆိုတဲ့ အချက်ကို စဉ်းစားဖို့လိုပါတယ်။ အဲ့ဒါကတော့ မိမိဖြစ်ချင်တဲ့ဘ၀ကို မိမိစိတ်ကြိုက် ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။ မိမိရရှိထားတဲ့ ဘ၀ကို အချည်းအနှီးမဖြစ်ဖို့ မိမိမှာ တာဝန်အပြည့်ရှိပါတယ်။

ဒါ့ကြောင့် စီးဆင်းနေတဲ့ ရေအသွင်ကဲ့သို့ ပြောင်းလဲနေတဲ့ ဤခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းရင်း ကိုယ်ရည်ရွယ်သော ပန်းတိုင်ကို မုချရောက်နိုင်ကြပါစေ။
အားလုံးလဲ ဆရာတော်ကြီးရဲ့ လင်္ကာကိုဖတ်ရင်း သံဝေဂပွားနိုင်ကြပါစေ။
ဘ၀တပါးပြောင်းသွားသူလည်း ကောင်းရာသုဂတိဘုံဘ၀ ရောက်ပါစေ။

No comments: