Sunday, September 5, 2010

တန်ဖိုးရှိစွာနေထိုင်ခြင်း - Living a worthy life

ကျွန်တော်တို့ ကျော်လွန်ခဲ့ပြီးသောဘ၀အစိတ်အပိုင်းတွေကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပြီလား။ အဲဒီမေးခွန်းကို ကျွန်တော်တို့အနေဖြင့် ယခုအချိန်က တည်းက စတင်မေးဖို့ကောင်းပါတယ်။ သို့မှသာ မိမိဘ၀အတွက် အကျိုးရှိသည့် ကိစ္စရပ်များကို အချိန်မလင့်ခင် ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ကောင်းသောအလေ့အကျင့်များကို ပြုစုပျိုးထောင်ဖို့ နှောင့်နှေးနေတတ်ကြပါတယ်။ အများစုထင်ထားတာက တစ်ချိန်မဟုတ်တစ်ချိန် အကြောင်း တစ်ခုတစ်ခုဖြင့် ကြီးပွါးတိုးတက်နိုင်သည်ဟု မှားယွင်းစွာ ယုံကြည်ထားသည့် အချက်ပင်ဖြစ်ပါတယ်။
ကျွန်တော်အမြင်အရဆိုလျှင် ကျွန်တော်သည် အထက်တန်းပညာကို အမြန်ပြီးဆုံးပြီး တက္ကသိုလ်တက်ဖို့ရန် အမြန်ဆုံးတောင့်တ မိပါတယ်။ အဲဒီနောက် တက္ကသိုလ်အမြန်ဆုံးပြီးပြီ လုပ်ငန်းခွင်သို့အမြန်ဝင်ရန် တောင့်တမိတယ်။ ၄င်းနောက် အိမ်ထောင်ပြုပြီး သားသမီးရယူဖို့တောင့်တမိတယ်။ ထိုမှတဆင့် သားသမီးများ ပညာတတ်လူတော်လူကောင်း များဖြစ်ဖို့ တောင့်တမိတယ်။ ထို့နောက် လုပ်ငန်းခွင်မှ အနားယူဖို့ရန် တောင့်တမိတယ်။ အထက်ပါအရာများကို တောင့်တနေရင်းမှ နောက်ဆုံးသတိရမိတာက ကျွန်တော်အသက်ရှင်ဖို့ မေ့နေတယ်ဆိုတာပါပဲ။ ဤနေရာတွင် ဆိုးရိုးစကားတစ်ခုကို တင်ပြချင်ပါသည်။ ဘ၀သည် တစ်လမ်းသွားခရီးနှင့် တူပါသည်။ သွားခဲ့ပြီးသော ခရီးအား လုံးသည် နောက်ကြောင်းသို့ ပြန်လှည့်၍မရနိုင်ပါ။ အဆိုပါသဘောကို နားလည်မိလက်ခံမိလျှင် လက်ရှိရထား သော ဘ၀သည် ပိုပြီးအဓိပ္ပါယ်ရှိပါလိမ့်မည်။
ထိုကြောင့် ကျွန်တော်နားလည်မိသည်က ကျွန်တော့်အတွက်ရရှိထားသောအချိန်သည် ယခုအချိန်ပဲဖြစ်ပါသည်။ ဘ၀ဆိုတာကို တစ်လမ်းသွားခရီးဟု ယူဆမိသည့်အချိန်မှစပြီး မိမိပြုမှုပြောဆိုနေထိုင်မှုအားလုံးသည် ရိုးစင်း လာပါသည်။ တကယ်တော့ ဘ၀ဆိုတာ အစမ်းလေ့ကျင့်ခြင်းဆိုတာ မရှိပါဘူး။ အမှန်တကယ် သရုပ်ပြ လက်တွေ့ လုပ်ဆောင်နေရခြင်းဖြစ်ပါသည်။ ယခုအချိန်မှစပြီး ကျွန်တော်တို့ရရှိထားသော အချိန်များကို တန်ဖိုးရှိရှိ အသုံးချနေထိုင်သွားဖို့ လိုအပ်ပါသည်။
ကျွန်တော့်အတွက် တန်ဖိုးရှိရှိနေထိုင်ဖို့ဆိုတာ အောက်ပါအခြေခံ(၃)ချက်ပေါ်မူတည်ပါသည်။
(၁) ပေါင်းသင်းဆက်ဆံရေး
(၂) ဆုံးဖြတ်ချက်များ
(၃) အတွေ့အကြုံ တို့ပဲဖြစ်တယ်။
(၁) ပေါင်းသင်းဆက်ဆံရေး
ကျွန်တော်တို့ ထိတွေ့ဆက်ဆံရသော အပေါင်းအသင်းများသည် ကျွန်တော်တို့ မည်သူမည်ဝါဖြစ်သလဲနှင့် ကျွန်တော်တို့ ဘာဖြစ်လာနိုင်သည်ဆိုတာကို အများကြီးအဆုံးအဖြတ်ပေးနိုင်ပါသည်။ တစ်နည်းအားဖြင့် အပေါင်းအသင်းသည် ကျွန်တော့်တို့ဘ၀အောင်မြင်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်တော်တို့၏ အောင်မြင်မှု (သို့) ဆုံးရှုံးမှုများသည် ဆက်ဆံရသောအပေါင်းအသင်းများပေါ်တွင် မူတည် ပါသည်။ ကောင်းမွန်သော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သလို မကောင်းသော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးကို ဆုတ်ယုတ်စေနိုင်ပါသည်။ ထို့ကြောင့် ဘ၀အတွက် အထောက်အပံ့ဖြစ်နိုင်မည့် အကျိုးရှိနိုင်မည့် အပေါင်းအသင်းကောင်းကို ရွေးချယ်တတ်ဖို့သည် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။ လူမှန်နေရာမှန်ဖြစ်ဖို့သည် ကောင်းမွန်သော အပေါင်းအသင်းများမှသာ စတင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ရရှိထားသော အချိန်နှင့် ခွန်အားများကို ကောင်းမွန်သော အပေါင်းအသင်းများဖြင့် ရင်းနှီးမြှပ်နှံပါက ဧကန်အောင်မြင်အောင်ဘ၀ကို ရရှိနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ကျွန်တော်တို့ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးသည်အထိ ဒွန်တွဲအပေါင်းအသင်း တစ်ဦးဖြစ်သည့် မိမိကိုယ်ကိုလည်းမိမိ အမြဲတမ်းရိုသေလေးစားစွာ ထိန်းသိမ်းစောင့်ရှောက်ဖို့နှင့် မိမိစိတ်အား ထက်သန်သော အလုပ်ကိုမြတ်နိုးစွာလုပ်ဖို့ အထူးဂရုပြုသင့်သည်။
(၂) ဆုံးဖြတ်ချက်များ
ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များသည်လည်း ဘ၀ကိုအကျိုးရှိစွာ နေထိုင်သွားဖို့အတွက် အထူးအရေးကြီးသည်။ နေ့တိုင်းနေ့တိုင်းသည် အကောင်းဆုံးဖြစ်ရမည်ဟုသော ဆိုးရိုးစကားအတိုင်း ကျွန်တော်တို့ ဖြတ်သန်းရသောနေ့တိုင်း သည် ခွန်အားရှိသော လန်းဆန်းသော အဖိုးမဖြတ်နိုင်သော နေ့ကောင်းရက်မြတ်များအဖြစ် ပြောင်းလဲဖို့လိုအပ်သည်။ ထို့အတွက် စည်းကမ်းရှိသောဆုံးဖြတ်ချက်များ အထူးလိုအပ်သည်။ ချမှတ်ထားသော ရည်ရွယ်ချက်များကို ပြောင်မြောက်စွာပုံဖေါ်နိုင်ခြင်းသည် ၄င်းအပေါ်တွင်မူတည်နေပါသည်။ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် နေ့စဉ်တွေ့ကြုံရသော အခွင့်အလမ်းများပေါ်တွင် အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်သည်။ အခြေအနေမည်မျှ ပြောင်းလဲစေ ကာမှု ကောင်းမြတ်သော စိတ်ထားဖြင့် ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါသည်။
(၃) အတွေ့အကြုံများ
နေ့စဉ်ဖြတ်သန်းရသော အတွေ့အကြုံမျးသည် ဘ၀တွင်တန်ဖိုးရှိရှိနေထိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါ သည်။ အတွေ့အကြုံများသည် ကျွန်တော်တို့ဘ၀ ဘယ်လောက်အတိုင်းအတာအထိ ရင့်ကျက်စေသလဲဆိုတာ ကိုဆုံးဖြတ်ပေးသည်။ အချို့သော အတွေ့အကြုံများသည် တွေ့ကြုံရသော ပတ်ကျင်ဝန်းမှလေ့လာခြင်းအားဖြင့် ရရှိနိုင်ပါသည်။ အချို့သည် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ရရှိနိုင်သည်။
အကျဉ်းချုပ်အားဖြင့် ဘ၀သည် မည်မျှအသက်ရှည်စွာနေထိုင်ရသည်အပေါ်တွင် မူမတည်နိုင်ပါ။ မည်မျှအတိုင်း အတာထိ အကျိုးရှိစွာ နေထိုင်ခြင်းအပေါ်တွင်သာ မူတည်ပါသည်။ အသက်မည်မျှရှည်စေကာမူ တန်ဖိုးရှိစွာ နေထိုင်ခြင်းမရှိခဲ့ပါက အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ထိုကြောင့် ကျွန်တော်တို့သည် ရရှိထားသောဘ၀ကို အကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ချစ်ခြင်းမေတ္တာတရားထားရှိခြင်း၊ ရှင်လှူလူမျှခြင်း၊ ကူညီဖေးမခြင်း၊ အားပေး အားမြှောက်ခြင်း၊ အများအကျိုးဆောင်ရွက်ခြင်းစတာတွေပေါ်မှာ အားထုတ်ကြိုးပမ်းသင့်ပါသည်။

Wednesday, September 1, 2010

အောင်မြင်တဲ့ မန်နေဂျာဖြစ်ဖို့ နည်းလမ်းများ - Ways to be a successful Manager

သင်စီမံကွပ်ကဲနေရတဲ့ ဝန်ထမ်းတွေဟာ အနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ ခံစားချက်တွေရှိနေရင် သင့်ရဲ့စီမံကွပ်ကဲမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး...အောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ သင့်ကို အောင်မြင်တဲ့မန်နေဂျာတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းတွေပါပဲ...
ကျွန်တော်ဟာ အဖွဲ့အစည်းအကြီးကြီးတွေမှာ နှစ်တော်တော်ကြာ အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့ပြီး ရုံးတက်ချိန်စောစောတွေမှာပဲဖြစ်ဖြစ် နောက်ကျတဲ့ရုံးဆင်းချိန်တွေမှာပဲဖြစ်ဖြစ် ပျော်ရွှင်မှုကိုပြသနိုင်ခဲ့ပါတယ်။ “ဒီနေ့သောကြာနေ့ဖြစ်နေတာ ဘုရားသခင်ကိုကျေးဇူးတင်လိုက်တာ” ဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်တော် သုံးလေ့ရှိတဲ့ အသုံးအနှုန်းမဟုတ်ပါဘူး။ တကယ်တမ်းတော့ သောကြာနေ့ဟာ တော်တော်မြန်မြန်ကိုရောက် လာတတ်တဲ့အမျိုးဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာအတွေးမျိုးကို အဓိကသင်ယူခဲ့သူကတော့ ကျွန်တော့်ဖခင်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ဖခင်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ခြေထောက်မှာအကြီးစားဒဏ်ရာရပြီး တစ်သက်လုံးအဲဒီဒဏ်ရာနဲ့နေသွားရပေမယ့် သူ့ဟာ အပြုသဘောဆောင်တဲ့အကောင်းဘက်က အတွေးကိုပဲ အမြဲတွေးခဲ့ပါတယ်။ ကျန်ရှိတဲ့ဘဝအချိန်ကိုမိသားစုနဲ့ပျော်ရွှင်စွာကုန်ဆုံးပြီး လုပ်ငန်းတာဝန်ပိုင်းမှာလည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူရဲ့အပြုသဘောဆောင်တဲ့ ရှုမြင်သုံးသပ်ချက်များဟာ သူ့ဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။
ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲမှာ အပြုသဘောဆောင်တဲ့ တွေးခေါ်မှုများနဲ့ပတ်သက်ပြီး “အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့သူမျိုးတွေဟာ ပိုမိုသိမြင်တတ်၊ ပိုမိုတီထွင်နိုင်ပြီး မဟာဗျူဟာ ပိုကျတယ်။ သူတို့ဟာ တခြားသူတွေထက် ပိုမိုပြတ်သားစွာ တွေးမြင်နိုင်စွမ်းရှိတယ်” လို့ဆိုထားပါတယ်။
အထူးသဖြင့်ယနေ့အချိန်လို ဆူညံရှုပ်ထွေးတဲ့စီးပွားရေးလောကမှာ အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့ ခေါင်းဆောင်မျိုး အဖွဲ့အစည်းတိုင်းလိုအပ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ တချို့သောလူတွေဟာ နဂိုကတည်းက အပြုသဘောဆောင်စွာတွေးခေါ်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ တချို့ကျတော့လည်း လွန်ကဲစွာ အဆိုးမြင်တတ်ပြီး အဲဒါကိုလည်း ပြင်ဖို့ကြိုးစားလေ့မရှိတဲ့သူတွေဖြစ်ပါတယ်။ အများစုသောသူတွေ ကတော့ အလယ်အလတ်မှာပဲရှိနေပြီး သူတစ်ပါးကိုရော ကိုယ်တိုင်အပေါ်မှာပါ အကောင်းမြင်ပြီးအပြုသဘော ဆောင်စွာတွေးခေါ်ရင်း လောကရဲ့ အကျိုးတွေကို ခံစားနိုင်ပါတယ်။
သဘောထားအပြောင်းအလဲ
ဘဝမှာလမ်းရိုးအတိုင်းတရားသေမသွားဘဲ သဘောထားပြောင်းလဲဖို့ အသင့်ပဲလို့စဉ်းစားနေသူတွေအတွက် သတင်းကောင်း တစ်ခုရှိပါတယ်။ “လူရဲ့ဦးနှောက်ဟာ ချဲ့နိုင်ချုံ့နိုင်မှုမြင့်မားပါတယ်။ ဦးနှောက်ဆိုင်ရာ ဆက်သွယ်မှုတွေကို အသစ်ပြန် တည်ဆောက်နိုင်ပြီး၊ ပြုမူဆောင်ရွက်မှုအသစ်များကိုလည်းသင်ယူနိုင်ပါတယ်။ အခိုင်အမာ အမြစ်တွယ်နေတဲ့ အပြုအမူများကိုတောင် ဘယ်အသက်အရွယ်မှာမဆို ပြန်ပြင်ဆင်လို့ရပါတယ် ” လို့ Strategy + Business ဂျာနယ်ထဲက ခေတ်ပေါ်သုတေသနပြုချက်များ ရှာဖွေတွေ့ရှိချက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အဲဒီ့သုတေသနများမှန်ကန်ကြောင်းကို သင့်အလုပ်ခွင်မှာလေ့လာကြည့်ရင်လည်း သိနိုင်ပါတယ်။ အလုပ်ခွင်တော်တော်များများက တော်လှချည်ရဲ့ဆိုတဲ့ အုပ်ချုပ်သူများဟာမွေးရာပါ အရည်အချင်းများကြောင့်ဆိုတာထက် လေ့ကျင့်ယူထားတဲ့အရည်အချင်းများနဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်မွေးမှုလမ်းကြောင်းတစ်လျှောက်မှာ မိမိကိုယ်ကိုဖြည့်တင်းရင်း အားစိုက်ထုတ်ရင်းဖြတ်သန်းသူများ ဖြစ်ပါတယ်။
ဒါကြောင့် လူတိုင်းအတွက် ကိုယ်တိုင်မှာသာစိတ်ဆန္ဒရှိရင် ပြောင်းလဲဖို့ဆိုသာအလွန်ကိုဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဦးဆောင်သူတွေအနေနဲ့ရော ဒီလိုပြောင်းလဲမှုအတွက် ဘယ်လိုအားပေးတိုက်တွန်းမလဲ။ ကိုယ်တိုင်က အရင်စတင် လိုက်သင့်ပါတယ်။ ကိုယ့်ညွှန်ကြားမှုအောက်မှာရှိနေတဲ့ ၀န်ထမ်းတွေကို အပြုသဘောဆောင်စွာ အလုပ်လုပ်စေတတ်ခြင်းဟာ ခေါင်းဆောင်တိုင်းစိတ်ဝင်စားတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ လိုက်ပါဆောင်ရွက်ရမယ့်အဆင့်တွေကလည်း အများကြီးမရှိပါဘူး……
၁။ အသိအမှတ်ပြုခြင်းကို ဖော်ပြပါ။
လူတစ်ယောက်ရဲ့ကြိုးစားဆောင်ရွက်မှုအတွက် အသိအမှတ်ပြုခြင်းဟာ အဲဒီလူအတွက်အကောင်းဆုံးဆု ဖြစ်ပါတယ်။ သင့်ညွှန်ကြားမှုအောက်မှာ လူ ၁၀ ယောက်ရှိရင်အဲဒီ ၁၀ယောက်လုံးကို သင်အသိအမှတ်ပြုဖူး ပါသလား။ အသိအမှတ်ပြုဖြစ်တယ်ဆိုရင်တောင် အဲဒီအသိအမှတ်ပြုမှုကို ထုတ်ဖော်ပြောဆိုဖူးပါသလား။ ဒါဆိုအပြစ်တင်စကားမပြောရတော့ဘူးလားလို့မေးလာနိုင်ပါတယ်။ အဲဒီလိုမဆိုလိုပါဘူး။ အပြစ်တင်သင့်ရင် မညှာမတာအပြစ်တင်ပစ်တယ်ဆိုရင် ချီးကျူးစရာကြုံလာရင်လည်း ထုတ်ဖော်ချီးကျူးဖို့ပဲဆိုလိုတာဖြစ်ပါတယ်။ သိပ်တော်တဲ့ခေါင်းဆောင်တွေဟာ ဝေဖန်လို့ဝေဖန်မှန်းမသိအောင်ပြောဆိုပြီး သူတို့လိုရာကို ဆွဲခေါ်သွားနိုင်သူတွေဖြစ်ပါတယ်။ အဲဒီလိုခေါင်းဆောင်တွေဟာ သူ့ဝန်ထမ်းတွေနဲ့ ရစ်သမ်မိသူလည်း ဖြစ်လာပါလိမ့်မယ်။
အသိအမှတ်ပြုခြင်းကိုကောင်းကောင်းထုတ်ဖော်ပြောဆိုတတ်တဲ့ခေါင်းဆောင်ဟာ ထုတ်လုပ်မှုမြင့်မားတဲ့ အဖွဲ့ကိုရရှိမှာဖြစ်ပြီး အဖွဲ့ရဲ့အင်ပြည့်အားပြည့်လုပ်ဆောင်မှုကိုလည်းရရှိနိုင်ပါတယ်။ တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ်အသိအမှတ်ပြုနိုင်ဖို့ကြိုးစားကြည့်ပါ။ သင်ဆိုရင်ရော ကိုယ့်လုပ်ဆောင်ချက်အပေါ်အသိအမှတ်ပြုမှုနဲ့လျစ်လျူရှုမှု ဘာကိုလိုချင်လဲဆိုတာ သိအောင်သုံးသပ်ကြည့်ပါ။
၂။ ကျန်းမာကြံ့ခိုင်အောင်နေပါ။
အခုပြောနေတာတွေနဲ့ကျန်းမာအောင်နေတာက ဘယ်လိုပတ်သက်ပါလိမ့်ဆိုတဲ့အတွေးမျိုးများ တွေးမိသွားပါသလား။ ဒါဆိုမေးခွန်းတစ်ခုလောက်မေးကြည့်ချင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အရာတစ်ခုခု နေမကောင်းဖြစ်နေခဲ့ရင် သင်ဘယ်အရာကိုအကောင်းဘက်က အပြုသဘောဆောင်စွာ ခံစားပေးလို့ရနိုင် ပါသလဲ။ အလွန်များတဲ့လုပ်ဆောင်ဖွယ်ရာများ၊ ခရီးတိုများ၊ ရှည်လျားတဲ့အလုပ်ချိန်များကြောင့် ခေါင်းဆောင် တာဝန်ယူထားသူတွေဟာ ပိုပင်ပန်းရလေ့ရှိပါတယ်။ အာဟာရဖြစ်တဲ့အစားအစာများကိုစားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် အလုပ်လုပ်ရတဲ့စိတ်ခံစားမှုနဲ့ စွမ်းအင်တွေ သိသိသာသာကွဲပြားသွားတာတွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ကျန်းမာကြံ့ခိုင်မှုကိုဂရုမပြုခဲ့ဘူးဆိုရင် သာမန်ဝန်ထမ်းများထက်ပိုမိုပင်ပန်းတဲ့ ခေါင်းဆောင်ဘဝမှာ သင်ဟာ ကြာကြာရှည်ရှည်ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာကြံ့ခိုင်နေတဲ့အခါ ကိုယ်တိုင်သာမက ကိုယ့်လုပ်ဖော်ကိုင်ဖက်များလည်း ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်နိုင် တော့ပါဘူး။ ခေါင်းဆောင်နေရာယူပြီးအလုပ်လုပ်နေသူတစ်ယောက်ဟာ လေ့ကျင့်ခန်းတစ်ခုလောက်ကိုတော့ ပုံမှန်ယူသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ လေ့ကျင့်ခန်း လုံးဝမလုပ်ဘဲနေတဲ့ ခေါင်းဆောင် (သို့) လေ့ကျင့်ခန်းပြတ်တောင်းပြတ်တောင်းလုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်အပေါ်တုန့်ပြန်ပုံတွေဟာလုံးဝကွဲပြားတာတွေ့ရပါတယ်။ ကျန်းမာကြံ့ခိုင်နေတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ အလုပ်ကြံ့ကြာမှုမရှိဘဲလုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် အလုပ်များများ ဆောင်ရွက်နိုင်ဖို့ မိမိကိုယ်ကို ကျန်းမာနေအောင်မဖြစ်မနေ ဂရုစိုက်ပါ။
၃။ အဖွဲ့အပေါ် အာရုံစိုက်ပါ။
အဖွဲ့အစည်းတော်တော်များများမှာ လူတစ်ဦးချင်းစီရဲ့ဆောင်ရွက်မှုအတွက် ဂုဏ်ပြုပေးတဲ့လုပ်ဆောင်မှုတွေ ရှိပါတယ်။ အမှန်တကယ်တော့ အောင်မြင်မှုတွေဆောင်ကြဉ်းနိုင်ခဲ့သူဟာ တစ်ယောက်ထက်ပိုခဲ့ရင်လည်း ဂုဏ်ပြုပေးသင့်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကြီးမားတဲ့အောင်မြင်မှုတစ်ခုဟာ ကြီးမားတဲ့အင်အားနဲ့အရယူ ရတာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု(သို့) အသင်းအဖွဲ့တစ်ခုဟာ အောင်မြင်မှုကိုအတူတကွရယူပြီးခဲ့ရင် တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုတွေတိုးလာနိုင်ပါတယ်။ အဖွဲ့ထဲမှာ ရှိနေသူတွေ တစ်ယောက်နဲ့တစ်ယောက်ချိတ် ဆက်မိမိဆောင်ရွက်ပြီးရလာတဲ့ အောင်မြင်မှုဟာ တစ်ဦးချင်းရလာတဲ့အောင်မြင်မှုထက် တစ်ခါတစ်ရံမှာ အဓိပ္ပာယ်ပိုရှိနေတတ်ပါတယ်။ တစ်ခုဂရုပြုစရာရှိတာက တစ်ယောက်ချင်းစီကိုယ်တိုင်က စတားဖြစ်နေတဲ့ အဖွဲ့ထဲမှာတော့ အဖွဲ့လိုက်စုစည်းမှုရဖို့ခက်ခဲနိုင်ပါတယ်။ သင်ဟာဦးဆောင်သူကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သင့်အဖွဲ့မှာ ရှိသူအားလုံးဟာ စိတ်အင်အားအပြည့်နဲ့ ပိုမိုတီထွင်နိုင်တဲ့အစွမ်းတွေရှိလာဖို့ စွမ်းဆောင်နိုင်ရပါလိမ့်မယ်။
၎။ သံသယရှိဖို့လိုလာလျှင် သံသယရှိပါ။
နောက်ဆုံးအချက်အနေနဲ့ပြောချင်တာကတော့ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့အောင်မြင်မှုမှာ အကောင်းမြင်တတ်ခြင်း၊ အပြုသဘောဆောင်စွာအလုပ်လုပ်တတ်ခြင်းဟာ ကောင်းမွန်တဲ့အခြင်းအရာ ဖြစ်ပေမယ့်လည်း လွန်လွန်ကဲကဲကြီး ပုံကြီးချဲ့တာမျိုးဖြစ်မလာစေဖို့ ဂရုစိုက်ပါ။ အကောင်းဘက်ရှုမြင်တတ်မှု ဟာအရေးပါပေမယ့် ကိုယ်လုပ်ကိုင်ဆောင်ရွက်သမျှဟာ သိပ်အဖြစ်မရှိရင်တောင် “မင်းလုပ်သမျှ သိပ်လက်ရာ မြောက်တာပဲ” လို့ ပြောတတ်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုးလည်း လူတိုင်းမှာရှိနိုင်ပါတယ်။ အကောင်းဘက်က အပြုသဘောဆန်ဆန်ပြုမူလုပ်ကိုင်ဖို့ပြောဆိုရင်းနဲ့ သံသယရှိဖို့ပြောလာခြင်းဟာ ဆန့်ကျင်ဘက်အသွင်ဆောင် ပေမယ့်လည်း တစ်စုံတစ်ရာကိုပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့စိတ်နဲ့သံသယရှိဖို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ပျက်စီးစေလိုတဲ့စိတ်နဲ့ သံသယရှိဖို့ဆိုလိုတာမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုထဲမှာ အဲဒီလိုစိတ်နဲ့ အဖွဲ့ဝင်တွေရဲ့ ယူဆချက်တွေကို အကောင်းမျှော် သံသယစိတ်နဲ့ကြည့်တတ်သူတွေလည်း လိုကိုလိုအပ် ပါတယ်။
ခေါင်းဆောင်တစ်ယောက်ဟာ ပင်ကိုစွမ်းရည်ကိုထိန်းသိမ်းရင်း၊ အဲဒီစွမ်းရည်နဲ့ အလုပ်လုပ်ရင်း၊ ရလဒ်များကိုပြန်လည်သုံးသပ်ရင်း၊ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ခြေလှမ်းတွေကို အကဲခတ်ပြီး လှုပ်ရှားရင်း၊ မဟာဗျူဟာတွေချမှတ်ရင်း၊ ကျွမ်းကျင်တာထက်ကျွမ်းကျင်အောင်ဖန်တီးရင်းနဲ့ သူ့ဘဝရဲအချိန် တော်တော်များများကို ဖြတ်သန်းသွားရပါလိမ့်မယ်။ အဲဒီလုပ်ဆောင်ဖွယ်ရာတွေကပဲ သူတို့ကိုအောင်မြင်မှုဆီ တွန်းပို့ပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ အဲဒါတွေထက်ပိုမိုအရေးကြီးတဲ့အရာကတော့ သင့်ရဲ့ဝန်ထမ်းတေ အပေါ်ထားတဲ့ သင့်သဘောထားပဲဖြစ်ပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်တစ်ခုဟာ ဖြစ်နိုင်ချေတော်တော်များများ ကို ကနဦးအချိန်ကတည်းက ကန့်သတ်ပစ်တတ်တဲ့အရာဆိုတာကို သတိပြုပါ။ အကောင်းမြင်တတ်ခြင်း နဲ့ အပြုသဘောဆောင်စွာတွေးခေါ်တတ်ခြင်းကတော့ ရွေးချယ်စရာများနဲ့ အခွင့်အလမ်းများရှိတဲ့ကမ္ဘာ ကို ဖွင့်ပေးနိုင်တဲ့ သော့ချက်ဖြစ်ပါတယ်။
ဒါကြောင့်အရာရာကို အကောင်းမြင်တတ်စွာ အပြုသဘောဆောင်စွာတွေးခေါ်ရင်း အလုပ်ခွင်နေ့ရက်များကို ဖြတ်သန်းကြည့်ပါ။