Showing posts with label life enrichment. Show all posts
Showing posts with label life enrichment. Show all posts

Sunday, September 5, 2010

တန်ဖိုးရှိစွာနေထိုင်ခြင်း - Living a worthy life

ကျွန်တော်တို့ ကျော်လွန်ခဲ့ပြီးသောဘ၀အစိတ်အပိုင်းတွေကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပြီလား။ အဲဒီမေးခွန်းကို ကျွန်တော်တို့အနေဖြင့် ယခုအချိန်က တည်းက စတင်မေးဖို့ကောင်းပါတယ်။ သို့မှသာ မိမိဘ၀အတွက် အကျိုးရှိသည့် ကိစ္စရပ်များကို အချိန်မလင့်ခင် ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ကောင်းသောအလေ့အကျင့်များကို ပြုစုပျိုးထောင်ဖို့ နှောင့်နှေးနေတတ်ကြပါတယ်။ အများစုထင်ထားတာက တစ်ချိန်မဟုတ်တစ်ချိန် အကြောင်း တစ်ခုတစ်ခုဖြင့် ကြီးပွါးတိုးတက်နိုင်သည်ဟု မှားယွင်းစွာ ယုံကြည်ထားသည့် အချက်ပင်ဖြစ်ပါတယ်။
ကျွန်တော်အမြင်အရဆိုလျှင် ကျွန်တော်သည် အထက်တန်းပညာကို အမြန်ပြီးဆုံးပြီး တက္ကသိုလ်တက်ဖို့ရန် အမြန်ဆုံးတောင့်တ မိပါတယ်။ အဲဒီနောက် တက္ကသိုလ်အမြန်ဆုံးပြီးပြီ လုပ်ငန်းခွင်သို့အမြန်ဝင်ရန် တောင့်တမိတယ်။ ၄င်းနောက် အိမ်ထောင်ပြုပြီး သားသမီးရယူဖို့တောင့်တမိတယ်။ ထိုမှတဆင့် သားသမီးများ ပညာတတ်လူတော်လူကောင်း များဖြစ်ဖို့ တောင့်တမိတယ်။ ထို့နောက် လုပ်ငန်းခွင်မှ အနားယူဖို့ရန် တောင့်တမိတယ်။ အထက်ပါအရာများကို တောင့်တနေရင်းမှ နောက်ဆုံးသတိရမိတာက ကျွန်တော်အသက်ရှင်ဖို့ မေ့နေတယ်ဆိုတာပါပဲ။ ဤနေရာတွင် ဆိုးရိုးစကားတစ်ခုကို တင်ပြချင်ပါသည်။ ဘ၀သည် တစ်လမ်းသွားခရီးနှင့် တူပါသည်။ သွားခဲ့ပြီးသော ခရီးအား လုံးသည် နောက်ကြောင်းသို့ ပြန်လှည့်၍မရနိုင်ပါ။ အဆိုပါသဘောကို နားလည်မိလက်ခံမိလျှင် လက်ရှိရထား သော ဘ၀သည် ပိုပြီးအဓိပ္ပါယ်ရှိပါလိမ့်မည်။
ထိုကြောင့် ကျွန်တော်နားလည်မိသည်က ကျွန်တော့်အတွက်ရရှိထားသောအချိန်သည် ယခုအချိန်ပဲဖြစ်ပါသည်။ ဘ၀ဆိုတာကို တစ်လမ်းသွားခရီးဟု ယူဆမိသည့်အချိန်မှစပြီး မိမိပြုမှုပြောဆိုနေထိုင်မှုအားလုံးသည် ရိုးစင်း လာပါသည်။ တကယ်တော့ ဘ၀ဆိုတာ အစမ်းလေ့ကျင့်ခြင်းဆိုတာ မရှိပါဘူး။ အမှန်တကယ် သရုပ်ပြ လက်တွေ့ လုပ်ဆောင်နေရခြင်းဖြစ်ပါသည်။ ယခုအချိန်မှစပြီး ကျွန်တော်တို့ရရှိထားသော အချိန်များကို တန်ဖိုးရှိရှိ အသုံးချနေထိုင်သွားဖို့ လိုအပ်ပါသည်။
ကျွန်တော့်အတွက် တန်ဖိုးရှိရှိနေထိုင်ဖို့ဆိုတာ အောက်ပါအခြေခံ(၃)ချက်ပေါ်မူတည်ပါသည်။
(၁) ပေါင်းသင်းဆက်ဆံရေး
(၂) ဆုံးဖြတ်ချက်များ
(၃) အတွေ့အကြုံ တို့ပဲဖြစ်တယ်။
(၁) ပေါင်းသင်းဆက်ဆံရေး
ကျွန်တော်တို့ ထိတွေ့ဆက်ဆံရသော အပေါင်းအသင်းများသည် ကျွန်တော်တို့ မည်သူမည်ဝါဖြစ်သလဲနှင့် ကျွန်တော်တို့ ဘာဖြစ်လာနိုင်သည်ဆိုတာကို အများကြီးအဆုံးအဖြတ်ပေးနိုင်ပါသည်။ တစ်နည်းအားဖြင့် အပေါင်းအသင်းသည် ကျွန်တော့်တို့ဘ၀အောင်မြင်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျွန်တော်တို့၏ အောင်မြင်မှု (သို့) ဆုံးရှုံးမှုများသည် ဆက်ဆံရသောအပေါင်းအသင်းများပေါ်တွင် မူတည် ပါသည်။ ကောင်းမွန်သော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သလို မကောင်းသော အပေါင်းအသင်းများသည် ဘ၀အောင်မြင်ရေးကို ဆုတ်ယုတ်စေနိုင်ပါသည်။ ထို့ကြောင့် ဘ၀အတွက် အထောက်အပံ့ဖြစ်နိုင်မည့် အကျိုးရှိနိုင်မည့် အပေါင်းအသင်းကောင်းကို ရွေးချယ်တတ်ဖို့သည် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။ လူမှန်နေရာမှန်ဖြစ်ဖို့သည် ကောင်းမွန်သော အပေါင်းအသင်းများမှသာ စတင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ရရှိထားသော အချိန်နှင့် ခွန်အားများကို ကောင်းမွန်သော အပေါင်းအသင်းများဖြင့် ရင်းနှီးမြှပ်နှံပါက ဧကန်အောင်မြင်အောင်ဘ၀ကို ရရှိနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ကျွန်တော်တို့ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးသည်အထိ ဒွန်တွဲအပေါင်းအသင်း တစ်ဦးဖြစ်သည့် မိမိကိုယ်ကိုလည်းမိမိ အမြဲတမ်းရိုသေလေးစားစွာ ထိန်းသိမ်းစောင့်ရှောက်ဖို့နှင့် မိမိစိတ်အား ထက်သန်သော အလုပ်ကိုမြတ်နိုးစွာလုပ်ဖို့ အထူးဂရုပြုသင့်သည်။
(၂) ဆုံးဖြတ်ချက်များ
ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များသည်လည်း ဘ၀ကိုအကျိုးရှိစွာ နေထိုင်သွားဖို့အတွက် အထူးအရေးကြီးသည်။ နေ့တိုင်းနေ့တိုင်းသည် အကောင်းဆုံးဖြစ်ရမည်ဟုသော ဆိုးရိုးစကားအတိုင်း ကျွန်တော်တို့ ဖြတ်သန်းရသောနေ့တိုင်း သည် ခွန်အားရှိသော လန်းဆန်းသော အဖိုးမဖြတ်နိုင်သော နေ့ကောင်းရက်မြတ်များအဖြစ် ပြောင်းလဲဖို့လိုအပ်သည်။ ထို့အတွက် စည်းကမ်းရှိသောဆုံးဖြတ်ချက်များ အထူးလိုအပ်သည်။ ချမှတ်ထားသော ရည်ရွယ်ချက်များကို ပြောင်မြောက်စွာပုံဖေါ်နိုင်ခြင်းသည် ၄င်းအပေါ်တွင်မူတည်နေပါသည်။ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် နေ့စဉ်တွေ့ကြုံရသော အခွင့်အလမ်းများပေါ်တွင် အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်သည်။ အခြေအနေမည်မျှ ပြောင်းလဲစေ ကာမှု ကောင်းမြတ်သော စိတ်ထားဖြင့် ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါသည်။
(၃) အတွေ့အကြုံများ
နေ့စဉ်ဖြတ်သန်းရသော အတွေ့အကြုံမျးသည် ဘ၀တွင်တန်ဖိုးရှိရှိနေထိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါ သည်။ အတွေ့အကြုံများသည် ကျွန်တော်တို့ဘ၀ ဘယ်လောက်အတိုင်းအတာအထိ ရင့်ကျက်စေသလဲဆိုတာ ကိုဆုံးဖြတ်ပေးသည်။ အချို့သော အတွေ့အကြုံများသည် တွေ့ကြုံရသော ပတ်ကျင်ဝန်းမှလေ့လာခြင်းအားဖြင့် ရရှိနိုင်ပါသည်။ အချို့သည် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ရရှိနိုင်သည်။
အကျဉ်းချုပ်အားဖြင့် ဘ၀သည် မည်မျှအသက်ရှည်စွာနေထိုင်ရသည်အပေါ်တွင် မူမတည်နိုင်ပါ။ မည်မျှအတိုင်း အတာထိ အကျိုးရှိစွာ နေထိုင်ခြင်းအပေါ်တွင်သာ မူတည်ပါသည်။ အသက်မည်မျှရှည်စေကာမူ တန်ဖိုးရှိစွာ နေထိုင်ခြင်းမရှိခဲ့ပါက အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ထိုကြောင့် ကျွန်တော်တို့သည် ရရှိထားသောဘ၀ကို အကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ချစ်ခြင်းမေတ္တာတရားထားရှိခြင်း၊ ရှင်လှူလူမျှခြင်း၊ ကူညီဖေးမခြင်း၊ အားပေး အားမြှောက်ခြင်း၊ အများအကျိုးဆောင်ရွက်ခြင်းစတာတွေပေါ်မှာ အားထုတ်ကြိုးပမ်းသင့်ပါသည်။