Sunday, January 27, 2008

ဒို့ကတော့ ကိုယ်ဌာနေမှာဘဲ

ကျွန်တော်တို့ မြန်မာလူမျိုးအများစု အထူးသဖြင့် ငွေကုန်ထံလူများဟာ နာမကျန်းဖြစ်ပြီဆိုရင် အမိနိုင်ငံထက်ကို အခြားနိုင်ငံများဖြစ်သော ထိုင်း၊ စင်္ကာပူစတဲ့ နိုင်ငံတွေကို သွားကုသဖို့ စိတ်ကူးကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်မြင်တာကတော့ ကုသဖို့ထက် အများအမြင်မှာ အထင်ကြီးခံချင်ကြဖို့က များပါတယ်။ နိုင်ငံခြားမပြောနဲ့ ပြည်တွင်းမှာ ကုသမှုခံယူတဲ့အခါတောင် တခါတလေ သူတို့ပြောတာကို နားထောင်မိကြရင် တော်တော်လေးကို ရယ်စရာကောင်းပါတယ်ဗျာ။

“အန်တီ နေကောင်းရဲ့လား”

“အေးကွယ် အခုတော့ ပါရဂူနဲ့ ပြနေရတယ်ကွယ့်”

အားလုံးလဲ ဒီလို ဒီလို ကြားဖူးကြပါလိမ့်မယ်။ နာမကျန်းဖြစ်တာကိုတောင် ဂုဏ်တုဂုဏ်ပြိုင် သေမင်းကို အံတုပြီး ကြွားနေကြသေးတယ်..အံ့ရော...အံ့ရော..ဗျာ။ တော်ပြီပေါ့ ဆေးကုနေရတယ်ဆို။ သူတို့ကိုယ်တိုင် သူတို့မသိ၊ ပါရဂူနဲ့ပြမှတော့ဖြင့် သေဖို့ကပိုပြီး နီးစပ်နေပြီဆိုတာကို။ ရောဂါကိုတောင် ပုံကြီးချဲ့ချင်သေးတယ်။ ဘယ်ကဘယ်ပုံဖြစ်တာ ဘယ်လိုလုပ်မှ ရတာ အစရှိသဖြင့် သူတို့မို့လို့ မကြောက်ကြတယ်။

အဲ..ပိုပြီး တပ်နိုင်..နိုင်ငံခြားသွားကုကြပြန်ပြီဆိုလို့ကတော့ ဘာပြောကောင်းလိုက်မလဲ...ကြွားဖို့က တတန်းကြီး...မြန်မာပြည်တောင် ပြန်မရောက်လာသေးဘူ...ကျန်ခဲ့တဲ့ ဆွေမျိုးညာတိတွေက ဘယ်လိုကဘယ်ပုံ ....ပုံကြီးချဲ့ပြောကြ။ အို...စိတ်ပိန်စရာ သူတို့အစားဗျာ...






ဥပမာအနေနဲ့ဆို...အခု စင်္ကာပူမှာ အထွေထွေကု ဆရာဝန်နဲ့ပြမည်ဆိုရင် အနည်းဆုံး ဒေါ်လာ ၃၀ လောက်ကျတယ်..ဒါရိုးရိုး ဖျားနာတဲ့အခါနော်..အဲဒီတော့ တွက်ကြည့်ပေါ့ဗျာ... ခွဲစိတ်ဘာညာလုပ်ရမယ်ဆိုရင် ... ဘယ်လောက်တောင် ဖြစ်သွားမလဲဆိုတာပေါ့။ သွားရောဂါဖြစ်လို့ ဆရာဝန်ဆီသွားကြည့် ..သွားတစ်ချောင်းနုတ်မယ်ဆိုရင် ဒေါ်လာ ၂၀၀ အထက်မှာ ရှိတယ်။ ကျွန်တော်တို့လို အညတရတွေအတွက်ကတော့ ကိုယ်ကိုယ်တိုင် ဒေါက်တာရမ်းကုလုပ်၊ မလုပ်နိုင်ရင် ဆေးဆိုင်က ဆေးရောင်းတဲ့ သူဆီမေးမြန်း၊ ဒါမှမဟုတ် ရောဂါမှန်သမျှစုထား မြန်မာပြည်ပြန်မှ ...ဟဲ.ဟဲ အထူးကုနဲ့ပြတယ်။ အဲဒီသွားကို မြန်မာပြည်မှာ ပြန်လုပ်ရင်လေ...ငွေ သုံးလေးသောင်းနဲ့ အဲယားကွန်းရှိတဲ့ ဆေးခန်းမှာ ဆရာဝန်က တစ်ယောက်၊ သူနာပြုက သုံးယောက်လောက် ပြုစုတာကို ခံပြီး ကုလို့ရတယ်။

...အဲဒီလိုပြောပြတော့ ကျွန်တော့်သူငယ်ချင်း အကြံပေးတာကို ပြောပြချင်တယ်။

“မင်းကွာ ဒါများ ရန်ကုန်မှာ ဆရာဝန်အမျိုးသမီးတွေ တစ်ပုံကြီး၊
တစ်ယောက်လောက်ကို အိမ်ထောင်ပြုလိုက်ပါလား”
တဲ့။

ဟုတ်ပဗျာ တော်တော်လေးကို ကောင်းတဲ့အကြံပါ။ သူပြောတာကတော့ လွယ်လွယ်လေး။ အဲဒီဆရာဝန်က စင်္ကာပူရောက်ရင် ဆရာဝန်မှမဟုတ်တော့တာ။ ဆေးကု လက်ထောက်တို့ ဘာတို့နဲ့ဘဲ စပြီး အလုပ်လုပ်ရတာ။ ပြီးတော့ သူပြောတဲ့အတိုင်းဆို ဟုတ်ပါရဲ့။ မသကာ သူကကိုယ့်ကို မကုဘဲ.. ကိုယ်ကပြန်ပြီး သူဖြစ်သမျှ ရောဂါပေါင်းစုံကို ပြန်ကုနေရရင် ..ကိုအ၀ှာပြောသလို..

“ကုလားခပ်တဲ့ရေ ကုလားအ၀ှာကို ဆေးတာနဲ့ ကုန်ရော” လိုဖြစ်နေအုံးမယ်လို့ စိတ်ထဲတော့တွေးမိပါရဲ့။

ဆေးကုသစရိတ်က ကြီးရတဲ့အထဲ သူ့ပါပေါင်းပြီး ကုပေးရအုံးမယ်ဆိုရင် အမလေး..အမေရေ.... ဒီတစ်သက်တော့ ပရာဒို..၀ယ်မစီးနိုင်တော့ပါဘူးလို့ ငြီးရမလို့တောင်ဖြစ်နေပြီ။

ဒါ့ကြောင် အခုတော့ မိမိကိုယ်ကို မိမိဂရုစိုက်မှ၊ ကိုယ်ဖြစ်ရင် ဘယ်ငတိမှ အနားမှာရှိမှာ မဟုတ်ဘူးဆိုတာကို။ (လူပျိုတစ်ယောက် အနေနဲ့ပေါ့ ဟဲ..ဟဲ)

Monday, September 10, 2007

ဘာဘာ ညာညာနဲ့ ဆက်ဆံရေး


အခုတလော ကျွန်တော့် ကျောင်းကိစ္စတွေကတဖက်၊ အလုပ်ကိစ္စတွေကတစ်ဖက်နဲ့ မအားမလပ်တာလို့ ပို့စ်အသစ်မတင်ဖြစ်ဘူးလို့ဘဲ ဆင်ခြေပေးပါရစေဗျာ။ ဖတ်နေကြသူတွေကိုတော့ အားတော့နာပါတယ်။

ဖြစ်ချင်တာတွေထဲက၊ ဖြစ်သင့်တာတွေကိုစီစစ်ပြီး၊ အဲဒီအထဲကမှ ဖြစ်နိုင်၊လုပ်နိုင်တာတွေကို နံပါတ်တပ် သူ့အစီအစဉ်အလိုက် လုပ်ဖို့ကို တော်တော်လေးကြိုးစားနေရတယ်။ စိတ်ထဲမှာရှိပြီး လက်တွေ့အကောင်အထည်ဖော်ဖို့လုပ်လိုက်တိုင်း ဟိုကိစ္စ ဒီကိစ္စတွေက အလိုလိုပေါ်လာ၊ အဲဒါတွေကို စဉ်းစားလိုက်၊ ပြန်ပြီး လုပ်လက်စကို အကောင်အထည်ဖော်ဖို့ လုပ်လိုက်၊ အဲဒီလို ခပ်ကွင်းပြင်နေတာနဲ့ ကျွန်တော်တစ်ယောက် ရွာသစ်ကြီးကို ရောက်ဖို့ ခဲယဉ်းနေတယ်။ တနည်းအားဖြင့် စိတ်တည်ငြိမ်မှု အားနည်းနေတယ်ဆိုတာကို ၀န်ခံရမှာ ဖြစ်တယ်။ စာကြည့်စားပွဲထိုင်ရင်း စာကိုအာရုံစိုက်မယ်လုပ်လိုက်၊ စိတ်ထဲက တခြားကိစ္စတွေပေါ်လာပြန်၊ အတွေးတွေက အဲဒီကိစ္စမှာ မျောသွားပြန်၊ သတိရလို့ စာပြန်ကြည့်လိုက်၊ အိပ်ချင်စိတ်က စိုးမိုးလာ၊ လမ်းထလျှောက်လိုက်၊ သီချင်းနားထောင်လိုက် ဒီလိုနဲ့ ည ၁၂နာရီထိုးသွားပြန်၊ အိပ်ယာကို ဦးတည်ရပြန်ရော။ သြော် တော်တော်လေးကို ခက်ခက်ခဲခဲ ထိန်းသိမ်းရတဲ့ စိတ်ပါလားနော်။

ကောင်းတာလုပ်ဖို့ မနည်းကြိုးစားနေရသော်လည်း ၊ တခြားမဟုတ်တာ အပျော်အပါးကိစ္စုဆိုရင် သူ့အလိုလို မတိုက်မတွန်းရ။ တက်တက်ကြွကြွ ရှေးဆုံးကနေ။

အဲဒီလောက် မိမိကိုယ်ကိုယ် စနစ်တကျဖြစ်အောင် ထိန်းသိမ်းနေတာတောင် မိမိချမှတ်ထားတဲ့ လမ်းစဉ်ကို သိပ်မလိုက်နာချင်ဘူးဖြစ်နေပြန်တယ်။ ဒီအတိုင်းဆို ဘယ်လိုလုပ်ပြီး သူတပါးကို ဆိုဆုံးမဖို့ မလွယ်ကူနိုင်။ စိတ်က မတည်ငြိမ်တော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒုက္ခရောက်တာတွေ့ရတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလားဘူးဆိုရင် နဂိုကောင်းနေတဲ့စိတ်ကနေ ပေါက်တတ်ကရစိတ်တွေဖြစ်ကုန်ရော။

ဒါ့ကြောင့် ဒီနေရာမှာ စဉ်းစားစရာတစ်ခုက “ဆက်ဆံရေး” ဆိုတာကိုဘဲ။

မိဘနဲ့ သားသမီးဆက်ဆံရေး
မောင်နှမအချင်းချင်း ဆက်ဆံရေး
ဆရာနဲ့ တပည့်ဆက်ဆံရေး
ရာထူးကြီးသူနဲ့ ငယ်သူဆက်ဆံရေး
လူကြီးနဲ့ လူငယ်ဆက်ဆံရေး
အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး
နိုင်ငံအချင်းချင်း ဆက်ဆံရေး

မိဘကလည်း သားသမီးတွေအားလုံး သူတို့ ပြောစကားကိုနားထောင်စေချင်ကြတယ်။ သားသမီးတွေက ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဘ၀င်မကျ ဖြစ်ကြတယ်။ တနည်းအားဖြင့် ဆက်ဆံရေးတွေ ကမောက်ကမဖြစ်ကုန်တယ်။ နားလည်မှုတွေလွဲကုန်ကြတယ်။ မိဘကလည်း ငါ မိဘကွ၊ သားသမီးကလည်း မရှင်းပြလို၊ အဲဒီလိုနဲဘဲ သံသရာတွေရှည်ကုန်ရော။ တချို့ဆို သေခန်းဖြတ်၊ အမွေဖြတ်ကြကုန်ပါလေရော။ သြော် တော်တော်ဆိုးတဲ့ ဆက်ဆံရေးတွေ။

ထို့အတူတူပါဘဲ၊ အသေးအမွှားကစပြီး အဆင်မပြေရာကနေ နောက်ဆုံး နိုင်ငံအချင်းချင်း စစ်ဖြစ်ကြသည်အထိ ဆက်ဆံရေးဟာ ဒုက္ခပေးတတ်ပါတယ်။

ဒါဆိုရင် အဲဒီဆက်ဆံရေးကို ကောင်းမွန်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော့်အမြင်ကတော့ တစ်ဦးတစ်ယောက်ချင်းက နေစရမယ်လို မြင်ပါတယ်။ အဲဒီတစ်ဦးချင်းကနေ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် ယနေ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ အထူးပြောစရာမလိုအောင် ကောင်းမွန်လာကြမှာ အသေအချာပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးတဲ့စကားအတိုင်း “ပြေပြေလည်လည်ပြောရင် လေယဉ်ပျံကိုတောင် အလကားစီးလို့ရတယ်” ဆိုရင် ကျွန်တော်တို့အားလုံး မချစ်သော်လည်း အောင့်ကာနမ်းပြီး ကောင်းကောင်းမွန်မွန်ပြောကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပြေပြေလည်လည် မပြောကြလို့လဲ အားလုံး ဒုက္ခရောက်နေကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း လက်တွေ့အတိုင်းပါဘဲ။

ထားရှိတဲ့ မာန၊ သည်းမခံနိုင်တဲ့စိတ်တွေဟာ အပြုသဘောတွေအားလုံးကို ရိုက်ချိုးပြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး မေ့လို့မရပါ။

Monday, August 20, 2007

တသွင်သွင် စီးဆင်းနေ


ငါနှင့်ရွယ်တူ ငါ့အောက်လူ
ကြီးသူ သေကြများလှပြီ။

ခဏမစဲ အိုစမြဲ
ကိုယ်လည်း သေဘက်နီးခဲ့ပြီ။

မသေရခင် သွားလမ်းစဉ်
ကြိုတင်ပြင်သင့်ပြီ။

မဂ္ဂင်ယဉ်ကြီး အမြန်စီး
ခရီးနှင့်တော့မည်။

ဘ၀တစ်ခုဆိုတာလဲ စီးဆင်းနေသာ မြစ်ရေမပမာ ရပ်လို့မနေ တလိမ့်လိမ့် သူ့အရှိန်နဲ့သူ မည်သူမျှ တားမရ သွားကြရမှာ ဓမ္မတာပါဘဲ။ ကိုယ်အလိုမလိုက် သူ့သဘာဝအတိုင်း တသွင်သွင် စီးဆင်းကြရမှာဆိုတာကို အားလုံးနားလည်သဘောပေါက် ကြရမှာဖြစ်ပါတယ်။ အို နာ သေခြင်းသည် ကြီးသည် ငယ်သည်၊ အယုတ်အလတ် အမြတ် မရွေး ဘက်လိုက်မှုမရှိ တရားမျှတစွာ ဖြစ်တည်ကြသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ခင်မင်ရတဲ့ အသိမိတ်ဆွေရဲ့ ဖခင်ဆုံးပါးသွားတဲ့သတင်းကို ကြားရတုန်းက လျပ်တပြတ် သံဝေဂတော့ ရလိုက်ပါတယ်။ ဒါ့ကြောင့်လည်း အထက်ကဖော်ပြထားတဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားထားခဲ့တဲ့ လင်္ကာနဲ့ ခေတ်သစ်နည်းပညာ အင်တာနက် စာမျက်နှာကနေ ထပ်လောင်းပြီး သံဝေဂယူလိုက်ပါတယ်။ ဘယ်သူမပြု မိမိမှု့လို့ ငယ်စဉ်ကတည်းက သိခဲ့ရတဲ့အတိုင်း အချိန်တန်ရင် ကိုယ်လမ်းကိုလျောက်ရမှာကို ပိုပြီး အရင်ကထက် နားလည် သဘောပေါက်လာမိပါတယ်။ ဒီ့အပြင် ဘ၀ဆိုတဲ့အနက်အဓိပ္ပါယ်ကိုလည်း ပိုပြီး နားလည်လာမိပါတယ်။

လူဆိုတဲ့ သဘောထဲမှာ လူတွေဟာ မကောင်းတဲ့ အကြောင်းအခြင်းအရာတွေဖြစ်တဲ့ အို၊နာ၊သေခြင်းတွေကို အင်မတန်မှ ကြောက်ကြတယ်။ မလိုလားကြဖူး။ ဖြစ်နိုင်သမျှ ကာကွယ်ဆေးဖြစ်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေကြတယ်။ နောက်ဆုံး တရားဘာဝနာအားထုတ်တာတောင် နိဗ္ဗာန်ရဖို့ထက် ဒိဌ အသက်ရှည် နုပျို ကျန်းမာခြင်းစတဲ့ အကျိုးတွေကို ခံစားဖို့ ဦးတည်ကြတယ်။ ပိုက်ဆံတက်နိုင်တဲ့သူတွေကတော့ နုပျိုဆေးတို့ ဘာတို့ကို မှီဝဲကြတယ်။ အင်း…ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း …..အချိန်တန်ရင် အားလုံးကိုစီ သွားကြရတာပါဘဲ။

အဓိက အရေးကြီးဆုံးက ကျွန်တော်တို့ ဘ၀အစကနေ ဆုံးတဲ့အထိ ဘယ်လို့ ပုံစံနဲ့ ရပ်တည်နေထိုင် သွားဖို့လိုသလဲဆိုတဲ့ အချက်ကို စဉ်းစားဖို့လိုပါတယ်။ အဲ့ဒါကတော့ မိမိဖြစ်ချင်တဲ့ဘ၀ကို မိမိစိတ်ကြိုက် ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။ မိမိရရှိထားတဲ့ ဘ၀ကို အချည်းအနှီးမဖြစ်ဖို့ မိမိမှာ တာဝန်အပြည့်ရှိပါတယ်။

ဒါ့ကြောင့် စီးဆင်းနေတဲ့ ရေအသွင်ကဲ့သို့ ပြောင်းလဲနေတဲ့ ဤခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းရင်း ကိုယ်ရည်ရွယ်သော ပန်းတိုင်ကို မုချရောက်နိုင်ကြပါစေ။
အားလုံးလဲ ဆရာတော်ကြီးရဲ့ လင်္ကာကိုဖတ်ရင်း သံဝေဂပွားနိုင်ကြပါစေ။
ဘ၀တပါးပြောင်းသွားသူလည်း ကောင်းရာသုဂတိဘုံဘ၀ ရောက်ပါစေ။

Sunday, August 19, 2007

စင်္ကာပူ အမျိုးသားနေ့ သတင်းအနှစ်ချုပ်


စင်္ကာပူနိုင်ငံဝန်ကြီးချုပ်က ၄၂နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာကို စင်္ကာပူ အမျိုးသားတက္ကသိုလ် ယဉ်ကျေးမှု့ ခန်းမကြီးမှာ ပြောကြားသွားပါတယ်။ အနှစ်ချုပ်ကို စာဖတ်သူများသိသာရန်အတွက် ကျွန်တော် တင်ပြလိုက်ပါတယ်။

၁) နိုင်ငံသားအားလုံးအတွက် လုံလောက်သော ပညာရေးကို ထောက်ပံ့နိုင်ရန်အတွက် လက်ရှိတက္ကသိုလ် ၃ ခုအပြင် နောက်ထပ်ပြီး စတုထ္ထမြောက် တက္ကသိုလ်တစ်ခုကို ဖွင်လှစ်ဖို့ ကြေငြာသွားတယ်။

၂) နိုင်ငံသားများစုပေါင်း မဖြစ်မနေထည့်ဝင်ရတဲ့ စုငွေကို အစိုးရအနေနဲ့ လက်ရှိပေးနေတဲ့ မူလစာရင်းအတိုးနှုန်း ၂.၅ ရာနှုန်းကနေ ထပ်ပြီး ၁ ရာခိုင်နှုန်းတိုးမြှင့်သွားဖို့ ကြေငြာသွားတယ်။ ကြည့်လိုက်ရင် နည်းတယ်လို့ ထင်ရပေမဲ့ အသက် ၂၁နှစ်လောက်ကစပြီး လစာ ဒေါ်လာ ၁၇၀၀ ၀န်းကျင်ရတဲ့ အလုပ်လုပ်တဲ့သူဟာ သူ့အသက် ၅၅ ၀န်းကျင်ရောက်ရင် အကျမ်းဖျင်း စင်္ကာပူဒေါ်လာ ၂၀၀၀၀ လောက် အသားတင် တိုးပွားနိုင်သွားတဲ့ဆိုတာကို ၀န်ကြီးက ထောက်ပြသွားတယ်။

၃) အသက် ၆၀ အထက် အလုပ်လုပ်ကိုင်နေသူများကို လစဉ် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမယ်လို့ ကြေငြာသွားတယ်။

၎) စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းဟာ လာမည့် ၅ နှစ်က ၁၀ နှစ်အတွင်း အပေါင်းလက္ခဏာပြနေပြီး ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးတက်သွားမှာဖြစ်တယ်လို့ ကြေငြာသွားတယ်။

၅) စင်္ကာပူနိုင်ငံသားများရဲ့ သက်တမ်းဟာ မူလ ၆၁ နှစ်ကနေပြီး အသက် ၈၀ အထိတိုးတက်လာပြီဖြစ်တဲ့အတွက် အနားယူရမည့် အသက်ကိုလည်း မူလ ၆၀ ကနေ ၆၇ အထိ လာမည့် ၂၀၁၂ နှစ်ကစပြီး တိုးမြှင့်သွားမယ်လို့ ကြေငြာသွားပါတယ်။

၆) စင်္ကာပူ အိုးအိမ်ဖွံ့ဖြိုးမှုဌာနကနေပြီး လူနေတိုက်အိမ်အားလုံးကို ဓါတ်လှေကား တပ်ဆင်ပေးသွားမှာဖြစ်တဲ့အပြင် စိမ်းလမ်းစိုပြေသော၊ သန့်ရှင်းသော၊ လုံခြုံသော နိုင်ငံဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကြေငြာသွားတယ်။

၇) တက်သစ်စ မောင်မယ် အိမ်ထောင်သည်များ၊ မတပ်နိုင်သူများ အတွက် အိမ်ဝယ်တဲ့အခါ အစိုးရကထောက်ပံ့တဲ့ ငွေကြေးဒေါ်လာ ၂၀၀၀၀ ကနေ ၃၀၀၀၀အထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေငြာသွားပါတယ်။ အစိုးရနေနဲ့လည်း အိမ်ယာများကို ဆက်လက်ပြီး ပေါင်ဂို မြို့မှာ ထပ်ချဲ့သွားမှာဖြစ်ပါတယ်။


အနှစ်ချုပ်ကို စုစပ်ပြီးတင်ပြလိုက်ပါတယ်။ ဘာကိုမှ အသေးစိတ် မဆွေးနွေးချင်ပါဘူး။ အဲဒီအထဲက နံပါတ် ၁ အချက်လေးကိုဘဲ အာလူးဖုတ်ချင်ပါတယ်။

နေ့လည် ၄ နာရီကနေ ၆နာရီအထိ သူငယ်ချင်းနဲ့ ချိန်းထားလို့ သွားတွေ့၊ ပြီးတဲ့အခါ တပ်သုတ်ရိုက်ပြီး အိမ်ပြန်လာ၊ ည ၈ နာရီ မှ စမဲ့ ၀န်ကြီးချုပ်မိန့်ခွန်းကို အပြေးအလွားနားထောင်ခဲ့လိုက်ရလို့ အခုလို စောဒကတက်လိုက်ရတာပါ။

ဝန်ကြီးချုပ်က … အခုလို ရှင်းပြသွားတယ်။

အစိုးရအနေနဲ့ ပြည်သူ ပြည်သားများရဲ့ ပညာရေးကို ဒေသတွင်းသာမက ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင် အစဉ်ဆောင်ရွက်လျက်ရှိတယ်။ သင်ကြားမှုကို နည်းနိုင်သမျှနည်းပြီး ကျောင်းသားတွေအနေနဲ့ သင်ယူမှုကို များနိုင်သမျှ များအောင် ပညာရေးဝန်ကြီးဌာနက အကောင်အထည့်ဖော်နေပါတယ်။ အပြောမဟုတ် တကယ်လက်တွေ့ မှာ မိမိကိုယ်တိုင် အခုလုပ်ရပ်ဟာ အောင်မြင်နေတာကို တွေရပါတယ်။

လက်ရှိ တက္ကသိုလ် ၃ခုနဲ့ မလုံလောက်တဲ့အတွက် ပြည်တွင်း အထက်တန်းပြီးကျောင်းသားများဟာလည်း ပြည်ပမှာ သွားသင်ယူကြမည့်အစား ပြည်တွင်းတက္ကသိုလ်တွေမှာ မိမိစိတ်ဝင်စားသော ဘာသာရပ်ကို သင်ကြားနိုင်အောင် ၄ ခုမြောက် တက္ကသိုလ်ကို ဖွင့်လှစ်သွားမှာဖြစ်တယ်။ ဒီနေရာမှာ အစိုးရနေနဲ့ ဘွဲ့ရတွေကိုချည်း မွေးထုတ်ပြီး ၄င်းတို့ဘွဲ့ရတဲ့အခါမှာ အလုပ်ရရှိရေးကို လျစ်လျူရှုတာမျိုးမဖြစ်ချင်ဘူး။ အထူးသဖြင့် တချို့နိုင်ငံတွေလို အရည်အသွေးမရှိ ဘွဲ့ရစာရွက်တွေချည်းထုတ်လုပ်တဲ့ ပညာရေးအဖြစ်ကို လုံးဝအရောက် မခံနိုင်ဘူး။ ဒါ့ကြောင့် သေချာ စနစ်ချပြီး တိုးချဲ့သွားမှာဖြစ်ပါတယ်လို့ အာမခံသွားပါတယ်။


သြော်…စောင်းပြော..မဟုတ်ပါဘူး…..တဲ့တဲ့ပြောနေတာများလားမသိဘူးလို့ စိတ်ထဲမှာ တွေးမိပါတယ်။ သူဘယ်လိုဘဲပြောပြော ကျွန်တော်လည်း ဘာမျှ မတတ်နိုင်ပါ။ တကယ်ဖြစ်နေလားဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျာ။

အို…ညီိဘွားမောင်မယ်များတို့…

ကြိုးစားကြပါလော့။ ဘယ်အခြေအနေရောက်ရောက် မိမိဂုဏ်ကိုမြှင့်တင့်ပါ။ မိမိအရည်အသွေးကို တောက်ပြောင်အောင် လုပ်ကြပါလော့..။

Saturday, August 18, 2007

အို ဘယ့်.. ရန်ကုန်တက္ကသိုလ်


Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။

အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ်တောင်မပါဘူး။

တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ်အလိုက်ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်းဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာမျက်နှာမှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။

ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။

“အို… ကို ရန်ကုန်တက္ကသိုလ် …
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊
တမင်တကာ မသိချင်ယောင် ဆောင်နေတာလား၊
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..

မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ
ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆိုတာကို မမေ့တန်ကောင်းပါဘူး
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။

ဒီတသက် ခေါင်းမချခင်မှာ
မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို
အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...

ထို့အတူ
မင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း
ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့….”

တို့ ဆုတောင်းလိုက်ပါတယ်ကွာ။



1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand


Source: Cybermetrics Lab (2007). Regional and Global Ranking of South-East Universities. CINDOC-CSIC, Madrid, Spain

Saturday, August 11, 2007

ကမ္ဘာနှင့်ယှဉ် ဖြစ်ပျက်မှု


ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာနဲ့ ယှဉ်ပြီး ဆက်စပ် ဖြစ်ပျက်မှုရဲ့ မှန်ကန်တဲ့ အဓိပ္ပါယ်ကို နမူနာအနေနဲ့ ရှာဖွေစဉ်းစားကြည့်ကြရင် ကျွန်တော့်အနေနဲ့ကတော့ မင်းသမီး ဒိုင်ယာနာရဲ့ အဖြစ်အပျက်ကို တင်စားရမလိုဖြစ်နေတယ်။

ဘာ့ကြောင့်လဲ။

အင်္ဂလန်နိုင်ငံသူ - မင်းသမီး ဒိုင်ယာနာ ဟာ
အီဂျစ်နိုင်ငံသား - ရည်းစားနဲ့အတူ
ပြင်သစ်နိုင်ငံက - မြေအောက်ဥမင်လိုဏ်ခေါင်းထဲမှာ
စကော့တလန်နိုင်ငံထုတ် - ၀ီစကီ သောက်ထားသော
ဘယ်လဂျီရမ်နိုင်ငံသား - တာဝန်ယူမောင်းသည့်
ဟော်လန်နိုင်ငံထုတ် - အင်ဂျင်စက်တပ်ဆင်ထားတဲ့
ဂျာမနီနိုင်ငံထုတ် - ကားကိုစီးရင်းနဲ့

ဂျပန်နိုင်ငံထုတ် - မော်တော်ဆိုင်ကယ်စီးလာသော
အီတလီနိုင်ငံသား - သတင်းထောက်ရဲ့ မြင်ကွင်းက အလွတ်ရုံးဖို့ကြိုးစားရင်း သေပွဲဝင်ခဲ့ရတယ်။

ဒါဆို ဘာ့ကြောင့်လဲ့ဆိုတဲ့ အဖြေက ရှင်းသွားပြီ။

နောက်တစ်ခု ဥပမာအနေနဲ့ ယနေ့ခေတ်ကွန်ပျူတာ -

အမေရိကန်နိုင်ငံဖြစ် - နည်းပညာကိုယူပြီး
ထိုင်ဝမ်နိုင်ငံထုတ် - မိုက်ခရိုချစ်ပ် စက်ဖြင့်
ကိုရီိးယားနိုင်ငံထုတ် - မော်နီတာ နဲ့
တရုတ်ပြည်ဖွား - ပေါက်ဖော်များက ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ကွန်ပျူတာကို
ယနေ့ နိုင်ငံတကာကို တင်ပို့ရောင်းချနေတာဟာ တနည်းအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းပါဘဲ။

ကမ္ဘာကြီးနဲ့ ယှဉ်ပြီး ဖြစ်ပျက်မှုဟာ လူတစ်ဦး၊ (သို့) မိသားစုတစ်စု၊ (သို့) လူမျိုးစုတစ်စု၊ (သို့) ကမ္ဘာကြီးတစ်ခုလုံးအတွက် ကောင်း၊ မကောင်း ဆိုတဲ့ အဖြေဟာ အင်မတန်မှ ထွေပြား ရှုပ်ထွေးလှပါတယ်။ အဆိုးမြင်ဝါဒီများကျတော့ အခုလို ဆက်စပ်ဖြစ်ပျက်မှုဟာ အချင်းချင်း ပြန်လှန်မှီခိုမှုကနေ လုံးဝ အစအနမရအောင် ပျက်စီးစရာ အခြေအနေကို တဖြည်းဖြည်း ရောက်လာနိုင်တယ်လို့ မြင်တယ်။ အကောင်းမြင်သမားများကျတော့ ပိုပြီး ကျယ်ပြန့်နှံ့စပ်သော၊ ပိုမိုကောင်းမွန်သော ဘ၀အခြေအနေကို ရောက်ရှိလာတယ်လို့ မြင်ကြတယ်။ ယနေ့ နည်းပညာ သတင်းအချက်အလက် တိုးတက်ဖြစ်ထွန်းမှုဟာလည်း ကမ္ဘာကြီး တစ်ခုလုံးကို အံ့မခန်း ပျံ့နှံလာသည့်အလျောက် တနေ့တခြား ဘယ်အရာ ဘယ်သတင်းကို အမှန်ယူရမလဲဆိုတာ အင်မတန်မှ ဆုံးဖြတ်ရခက်ခဲလာနေပြီဖြစ်တယ်။

ယနေ့ခေတ် ဥပမာကိုကြည့်ရင်လည်း အမေရိကန်၊ နယူးယောက် စတော့ ဈေးကွက်ဟာ လွန်ခဲ့တဲ့ အပတ်က ဖယိုဖယဲဖြစ်သွားတဲနဲ့ မကြာဘူး - အာရှတခွင်က စတော့ ဈေးကွက်ပါ ယိုင်သွားတာဟာ သက်သေပါဘဲ။ အရင်တုန်းကနဲ့မတူ အားလုံးဟာ ဆက်စပ်နေတယ်ဆိုတဲ့ ပြယုဒ်တစ်ခုပါဘဲ။ ဒါ့ကြောင့် မိမိတို့ အနေနဲ့ ဤဖြစ်ပျက်မှုထဲမှာ ပါဝင်နေတယ်ဆိုတာကို မျက်ကွယ်ပြုလို့ မရဘူးဆိုတာကို သိအောင်လုပ်ရင်းနဲ့ မိမိအတွက်သာမက မိမိတပ်နိုင်သမျှ ပတ်ဝန်းကျင်ကိုပါ ကောင်းမွန်အောင်ကြိုးစားကြပါစို့။

Wednesday, August 8, 2007

၄၂နှစ်ပြည့် ဟက်ပီး စင်္ကာပူ


သူ…အမေမွေးကတည်းက မူးလို့ ရှုစရာ ဗလာနတ္ထိ။

ဒါပေမဲ့
သူဟာ ….
ခြုံကြားကနေ ဘုံဖျားကို ရောက်အောင်လှမ်းနိုင်တယ်။ အဲဒါ..စင်္ကာပူ။


၁၉၆၅ခုနှစ်ကစပြီး မလေးရှားနိုင်ငံကနေ ခွဲထွက်လာခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ ၄၂နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲကို ယနေ့ ၉ ရက် သြဂုတ်လ ညနေ ၆း၀၀နာရီ (မြန်မာ ၄း၃၀) အချိန်ကနေ စတင်ကျင်းပ သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာမြေပုံမှာရှာကြည့်လျှင် အနီရောင် အစက်အပြောက်မျှသာ ရှိတဲ့ စင်္ကာပူနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းလာခဲ့တာ အခုဆိုရင် အသီးအပွင့်တစ်ခုလို့ ခေါ်ဆိုရမယ့် ကမ္ဘာစီးပွားရေး ဈေးကွက်မှာ နေရာ ယူထားပြီ ဖြစ်တယ်။ လူနေမှု့ အဆင့်အတန်းမြင့်မားခြင်း၊ စီးပွားရေး အချက်အခြာကျခြင်း၊ စီမံခန့်ခွဲမှု စနစ်ရှိခြင်း၊ ဒုစရိုက်မှု နည်းပါးခြင်း၊ ဘာသာစကားပေါက်မြောက်ခြင်း၊ နည်းပညာ ထွန်းကားခြင်း စတာတွေဟာ စင်္ကာပူရဲ့ အများမယှဉ်နိုင်သော အားသာချက်တွေဘဲဖြစ်တယ်။

တနှစ် တမျိုး မရိုးရအောင် ဒီနှစ်မှာတော့ ရေပေါ်ဇာတ်ခုံမှာ ကျင်းပသွားမှာ ဖြစ်တယ်။ ဒါဟာ ထူးထူးခြားခြား ဒေသတွင်းမှာ ပထမဦးဆုံး စင်္ကာပူရဲ့ ဖောက်ထွက်မှုတစ်ခုဘဲဖြစ်ပါတယ်။ ဒီအတွက် အားလုံးခံစားလို့ရအောင် ဓါတ်ပုံတချို့ကိုလည်း တစ်ပါတည်း တင်ပြလိုက်ပါတယ်။

ထို့အတူပါဘဲ.. ကျွန်တော်သည်ပင်လျှင် စင်္ကာပူမှာ အခြေချတာ သုံးနှစ်တင်းတင်းပြည့်ပြီလို့ ဆိုရပါမယ်။ ဘယ်တုန်းကမှ မိသားစု၊ အမိမြေနဲ့ ခွဲခွာဖို့ စိတ်မကူးမိခဲ့သူ၊ အခုတော့လည်း ပျော်ရာမနေရ တော်ရာမှာနေရ ဆိုတဲ့အတိုင်း လုပ်ချင်တာတွေထဲက လုပ်နိုင်တာတွေကို လုပ်ဖြစ်အောင် ကြိုးစားရင်းနဲ့ အသက်ရှင်သန်ရဦးမယ်…ကို စင်္ကာပူရေ….

ခင်ဗျားလည်း ယနေ့မှစ နှစ်ပေါင်းမြောက်များစွာတိုင် ရှင်သန် ခိုင်မြဲနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်ဗျာ….
အခမ်းအနားတစ်ခုလုံး၏ နေရာထိုင်ခင်း၊ နမူနာပြပုံ
အခမ်းအနားစတင်သောအခါ ဂျက်လေယာဉ်များမှ စင်္ကာပူအလံကိုယူပြီး စတင်ပျံသန်းလာပုံ
အခမ်းအနားအပြီး မီးရှုးမီပန်းများ ဖောက်ခြင်း