Monday, July 30, 2007

ကိုယ့်အထွာနဲ့ ကိုယ်ပေါ့


“ဟိုမှာကြည့်စမ်း ကိုအောင်၊ ရှေ့နားက စုံတွဲက မမသင်းတို့ မဟုတ်လား”

“ဟုတ်မယ်ထင်တာဘဲ”

“ဟုတ်ပါတယ် ကိုအောင်ကလဲ မျက်စိက ဒီလောက်တောင် မကောင်းဘူးလား၊ လာ ခပ်သွက်သွက်လျောက်”

“အေးကလည်း မလောနဲ့ကွာ၊ တွေ့မှာဘဲဟာကို”

ဒီလိုနဲ့ ကိုအောင်ထွန်းတို့ ဇနီးမောင်နှံဟာ စင်္ကာပူ ဆန်တိုစာကမ်းခြေမှာ အပန်းဖြေ လမ်းလျောက်ရင်းနဲ့ ရန်ကုန်က အသိမိတ်ဆွေ ဒေါ်သင်းသင်းနဲ့ သူ့အမျိုးသားတို့ကို ဆုံတွေ့ခဲ့ကြတယ်။

“ဟယ် မမသင်းတို့ပါလား မတွေ့တာတောင်ကြာပြီ။ အားလုံး နေကောင်းကြလား”

“ဟယ် အေးအေးတို့၊ ကြည့်စမ်း ကြည့်စမ်း တစ်ခါတည်းကိုမှဘဲ ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် ဖြစ်နေပြီ။ အရင်ကနဲ့ တခြားစီဘဲ၊ အခုဘာတွေလုပ်နေကြလဲ”

“အို မမကလဲ သူများကိုကြီးဘဲ မပြောနဲ့လေ၊ မမကလည်း အရမ်းကို လှနေတာဘဲ၊ မနာလိုတော့ဘူး။
အခု အေးကတော့ ပင်နီဆူးလား ပလာဇာက မြန်မာဆိုင် တစ်ခုမှာ ၀င်ကူလုပ်နေတယ်၊ ရောက်တာကလည်း မကြာသေးတော့ နောက်ပြီး ဘာသာစကားကလဲ အခက်အခဲရှိတာနဲ့ ကိုအောင်ရဲ့ အသိမိတ်ဆွေနဲ့ ပတ်သက်ပြီး အဲဒီဆိုင်မှာဘဲ ၀င်လုပ်နေတာ”

“အို ညည်းမို့လို့ မြန်မာဆိုင်မှာ ၀င်လုပ်တယ်၊ ဘယ်နှယ့်တော် ဒင်းတို့က များများခိုင်းပြီး၊ နဲနဲပေးတာ၊ စင်္ကာပူက တရုတ်တွေထက်တောင် ပိုဆိုးသေးတယ်အေ့။ မလုပ်နဲ့။ တခြားအလုပ်ရှာပေါ့။ ဘာဖြစ်လဲ ကိုယ်က ပီအာ (အမြဲနေခွင်ရသူ) ဘဲဟာကို၊ ဘာမှ အောက်ကျမခံနဲ့”

“ဟုတ်တော့ ဟုတ်ပါတယ်လေ။ ဒါပေမဲ့လည်း အေးက အင်္ဂလိပ်စာ သိပ်မရတော့ နည်းနည်း စိုးရိမ်လို့။ ဒါနဲ့ မမတို့ အခုဘယ်မှာ နေကြလဲ”

“တို့က အခု အော့မိုကိုက ကွန်ဒုံး..အဲမဟုတ်ပါဘူး...ကွန်ဒိုမီနီယံမှာ ၀ယ်ထားတယ် စင်္ကာပူဒေါ်လာ မီလီယံဝက်လောက် ကျတယ်လေ။ နောက်ပြီး ညည်းအစ်ကိုက ရထားစီးရတာ အဆင်မပြေလို့ဆိုပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကဘဲ ကားဝယ်လိုက်တယ်။”

“မမတို့များ ဒီလောက်အဆင်ပြေနေတာတောင် ကိုယ့်ညီမကိုတောင် သတိမရဘူးပေါ့”

“အို..မဟုတ်ရပါဘူး ...အေးရယ်၊ မမကိုယ်တိုင်ကလည်း ကုမ္ပဏီအလုပ်တွေနဲ့ ရှုပ်နေလို့၊ ပြီးတော့ နင့်အစ်ကိုကလည်း စနေ၊ တနင်္ဂနွေပါမကျန် အလုပ်က များနေတာနဲ့ ဘယ်သူ့ကိုမှ မဆက်သွယ်ဖြစ်တာ၊ ဒီတပတ်တော့ မမအလုပ်သိပ်မရှုပ်ဘူး၊ အေးအေး အားရင် အိမ်ကို လာလည်ပါလား”

“အင်း.. ကောင်းသားဘဲ၊ ဒါပေမဲ့ ဆိုင်နဲ့ ညှိရအုံးမယ်။ အေးက စနေ၊ တနင်္ဂနွေ အလုပ်ဆင်းရလို့။ မမဖုန်းနံပါတ် ပေးထားလေ။ အေး ပြန်ဆက်မယ်”

“ဟုတ်ပြီလေ...အေးသဘော။ မလာခင် ဖုန်းဆက်လိုက်လေ၊ ကဲဒါဆို သွားကြမယ်။
ကိုအောင် သွားမယ်နော်”

“ဟုတ်ကဲ့ မမသင်း။ နောက်တော့မှ တွေမယ်။”

ဒီလိုနဲ့ အေးအေးတို့ ဇနီးမောင်နှံဟာ ကမ်းခြေဘက်ကို လမ်းဆက်လျောက်ခဲ့ပါတယ်။

“တွေ့လား ကိုအောင်၊ မမသင်းတို့တောင် အိမ်ဝယ်၊ ကားဝယ်ကုန်ပြီး၊ အေးတို့မှာ အခုထိ သူများအိမ်ငှားနေရတုန်း၊
နည်းနည်းပါးပါးလေးလဲ အားစိုက်ပါအုံး။ အေးလည်း ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်လှပြီ။”

“ဖြစ်လာမှာပေါ့ အေးရယ်၊ ဆန္ဒတွေ မစောလွန်းပါနဲ။ ကိုယ့်အထွာနဲ့ ကိုယ်ဆိုတာ မမေ့နဲလေ”

“အေးသိပါတယ်။ အေးက ပိုကြိုးစားဖို့ ပြောတာပါ။ ပြီးတော့ ကိုအောင်ဘက်က မိသားစုတွေကို ထောက်နေတာကိုလည်း နဲနဲလျော့တော့ပေါ့၊ သူတို့လည်း သူတို့ဖာသာ လုပ်ကိုင်စားပစေပေါ့၊ သူများကြီးဘဲ အားမကိုးစေနဲ့လေ၊ အဲလိုမှမလုပ်ရင် အေးတို့ ..ဒီတသက် ကိုယ်ပိုင်ကား ဘယ်လိုလုပ်ပြီး စီးနိုင်မှာလဲလို့။”

“တော်ပါအေးရယ်၊ ကဲ အပန်းဖြေကြစို့ကွာ၊ လာ ဟိုဘက်နားသွားကြအောင်”

“တွေ့လား သူ့အမျိုးအကြောင်းပြောပြီဆိုရင် စကားလမ်းကြောင်းကို ပြောင်းတယ်။ သိပ်စိတ်ဆိုးတာဘဲ သိလား”


+++

ပုံပြင်လေးကတော့ ဒါပါဘဲဗျာ။

တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုး တချို့ဟာ မရှိတာကို အရှိလုပ်ချင်ကြသလို၊ မကြွားသင့်တာကို ကြွားချင်ကြတာကို လက်တွေ့ ကြုံဖူးကြပါလိမ့်မယ်။ ဒီနေရာမှာ တချို့လား၊ အများစုလားဆိုတာ ကျွန်တော် မခန့်မှန်းတက်တာကိုတော့ ၀န်ခံပါရစေ။

အရှည်ကြီးကို မစဉ်းစားပါနဲ့ဦး၊ စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ အိမ်ဖော်တောင် ဘာနဲလာလည်းလို့ မေးရင် -- Silk Air နဲ့လာတယ်လို့ဖြေကြတယ်။ ဘယ်တော့မှ မြန်မာ့အဲဝေးလ်နဲ့ လာတယ်လို့ ပြောလေ့မရှိသလို စီးဖို့လည်း စိတ်ကူးမရှိကြဘူး။ သြော်....ဒုက္ခ ဒုက္ခ ... ကြွားရတဲ့ ဒုက္ခ။

ဒီနေရာမှာ အယူအဆတစ်ခုကို တင်ပြပါရစေ။
အနောက်နိုင်ငံတွေက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ပိုင်ဆိုင်မှုထက် အသုံးချဖို့အတွက် ခံယူကြတယ်။
အရှေ့တိုင်းနိုင်ငံများက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ငါ့ဥစ္စာ ငါ့ပိုင်ဆိုင်မှုဆိုပြီး ခံယူကြတယ်။

ဒါ့ကြောင့်လည်း အသုံးချဖို့ထက် အဲဒီပိုင်ဆိုင်မှုတွေကို စောင်ရှောက်ထိန်းသိမ်းရင်းနဲ့ဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်လွန်စေတယ်တဲ့။
အဲဒီ အယူအဆ မှားတယ် မှန်တယ်ဆိုတာ မိမိဖာသာ စိတ်ကြိုက် ဆုံးဖြတ်ပါ။

နိဂုံးချုပ်အရ ဤပုံပြင်ကိုထောက်၍ ..... အထူးသဖြင့် လူပျိုများအတွက်...

မိမိအထွာကို မိမိသိကြပါစေ။ (သန်ရာ သန်ရာ ဘာသာ မပြန်ပါနဲ့)
မိမိအပေါ်မှာ အထူးနားလည်ပြီး ကိုယ်ချင်းစာစိတ်မွေးနိုင်တဲ့ အိမ်ထောင်ဘက်တွေ ရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။..

++ ခံစားချက်များကို ဖော်ပြရေးသားခြင်းဖြစ်ပြီး မည်သည့်အဖြစ်အပျက်ကိုမှ မှီညမ်းထားခြင်းမရှိကြောင်း ၀န်ခံပါသည်။++

Friday, July 27, 2007

ဒေါ်လေးရယ် ဖြစ်နိုင်ရင်..

“ဟဲ့ ထွန်းမြတစ်ယောက် ပျောက်ချက်သား ကောင်းလှချည်လား၊ အခုမှဘဲ နင့်ကို ဖူးရတော့တယ်”

“မဟုတ်ပါဘူး ဒေါ်လေးရာ၊ ကျွန်တော်လည်း မြို့တက်ပြီး အလုပ်လေးဘာလေးရှာဖို့အတွက် လုံးပန်းနေရလို့ပါ၊ တစ်မျိုးမထင်ပါနဲ့ဗျာ။”

“ကဲပါ၊ ဆင်ခြေဆင်လက် ဆင်နားရွက်နဲ့၊ ထားပါတော့၊ လိုရင်းကိုဆို”

“ဒီလိုဒေါ်လေးရ၊ ဒေါ်လေးရဲ့တူ သာအေးတစ်ယောက် ရန်ကုန်မှာ ကြီးပွားနေတယ်ဆိုတာ ကျွန်တော်ကြားလို့”

“ဒီလိုပါဘဲဟယ် လူတွေကတော့ ဟိုတစ်မျိုးဒီတစ်မျိုးနဲ့ပြောကြတာပါ၊ သူလည်း သူ့ဟာနဲ့သူလုပ်နေရတာပါဘဲ။ အဲဒါနဲ့ နင်က ဘာဆိုင်လို့လဲ”

“မဟုတ်ပါဘူး ဒေါ်လေးရာ ကျွန်တော်က ဒေါ်လေးဆီက အကူအညီလေးဘာလေးများ ရမလားလို့ လာတာပါဗျာ၊ ကူညီပါအုံး”

“ဟဲ့ သူ့ဟာနဲ့သူကြီးပွားနေတာ ငါနဲ့ဘာပတ်သက်လို့တုန်း၊ နင်လည်း ကိုယ်ဘာသာ ကြီးပွားအောင် ကိုယ်လမ်းကိုလျောက်ပေါ့။ သူများကြီးဘဲအားမကိုနဲလေ၊ သာအေးတုန်းကလည်း ဒီလိုဘဲ ဖြစ်အောင် လုပ်သွားတဲ့ဟာကို”

“အို..ဒေါ်လေးကလည်း နည်းနည်းလောက်တော့ ကူညီပါဗျာ.. ဟိုဗျာ နေဖို့ထိုင်ဖို့လေးများ အဆင်ပြေအောင်ပေါ့၊ ကူညီပါဗျာ”

“အေးလေ..ငါတပ်နိုင်တာကိုဘဲ ကူညီမယ်။ ဒါပေမယ့် သူလုပ်ပေးနိုင် မလုပ်ပေးနိုင်တော့ ငါမသိဘူးနော်၊ နင့်ကို ငါစာတစ်စောင် ရေးပေးလိုက်မယ်”


“ကျေးဇူးပါဘဲဗျာ၊ ဒေါ်လေးကျေးဇူးကို ကျွန်တော်ကြီးပွားရင် ပြန်ဆပ်ပါ့မယ်”

“တော်ပါ ထွန်းမြရယ် နင်ငါ့ကျေးဇူးမဆပ်ပါနဲ့ ကျေးဇူးမကန်းဘူးဆိုရင်ကို နင့်ကို ငါ့က ကျေးဇူးတင်ရအုံးမှာ၊ ကဲလိုတာ ရရင် သွားတော့”


အထက်ပါ ဇာတ်လမ်းကို ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ တကယ်ပြန်စဉ်းစားကြည့်ရင်

ဟို က သာအေးက ဘယ်လိုလုပ်ပြီး ရှာစားနေရတယ်ဆိုတာမသိ၊ သူတစ်ပါးကို အားမနာ အကူအညီတောင်းဖို့ လူတွေများ….သြော် လူတွေ လူတွေ။

ဒီလိုပါဘဲ..ကျွန်တော်တို့ စင်္ကာပူမှာ အလုပ်ရှာတုန်းက ဘယ်သူကမှ ဟက်ဟက်ပက်ပက် ကူညီဖို့နေနေသာသာ အဖက်တောင် မလုပ်ချင်ကြဘူး။ အော် ကိုယ်က ကျားကုတ်ကျားကဲနဲ့ စင်္ကာပူမှာ ခြေတစ်ကုတ်ရဖို့ ကြိုးစားအောင်မြင်ရော …..လာပါပြီ…အရပ်ကတို့ရေ။

သူတို့က အဲဒီအထက်က ဇာတ်လမ်းအတိုင်း ကူးဖို့ကြိုးစားကြတော့တာပါဘဲ။ အဲဒီတော့ စဉ်းစားကြည့်ပေါ့ဗျာ… နေထိုင်တယ်ဆိုတာက ဒီကလုပ်ဖော်သူငယ်ချင်းတွေနဲ့ စုပြီး ငှားနေရတဲ့ သာအေးဘ၀… ဘယ်လိုလုပ်ပြီး အဲဒီဇတ်လမ်းထဲက မစ္စတာ ထွန်းမြကို ရက်ရက်ရောရော အိမ်ဦးခန်းမှ တင်ထားလို့ ရပါ့မလဲ။ တင်ကြည့်ပါလား… ကျန်တဲ့ အဖော်တွေက အဲဒီသာအေးကိုလေ……မပြောလိုက်ချင်ဘူး….ဟိုဒင်း ဟိုဝှာ. လုပ်လိမ့်မယ်။

တွက်ကြည့် လူတစ်ယောက် အတွက် ၁လစာ ကုန်ကျစရိတ်။ (စင်္ကာပူဒေါ်လာ)
နေထိုင်စရိတ် --- ၂၀၀ - ၃၀၀ ဒေါ်လာ
စားစရိတ် - ၂၀၀ - ၃၀၀ ဒေါ်လာ
ခရီးစရိတ် - ၁၀၀ - ၁၅၀ ဒေါ်လာ
တယ်လီဖုန်း - ၅၀ - ၁၀၀ ဒေါ်လာ
အမြတ်ခွန် - ၅၀ - ၁၅၀ ဒေါ်လာ
အသေးသုံး - ၅၀ - ၁၀၀ ဒေါ်လာ (ဘီယာ ကွမ်း အရက် ဆေးလိပ် နာမကျန်းမှု မပါ)

ဒီတော့ တစ်လ တစ်လကို ခြိုးခြံနေရင်တောင် ၆၀၀ - ၇၀၀ ၀န်းကျင်လောက် ကျတယ်။ ဘယ့်နဲ့ အဲဒီသာအေးက နောက်တစ်ယောက်ကို အိမ်ဦးခန်းထားပြီး သံတော်ဦးတင်နိုင်မှာလဲဗျာ။

ဒါ့ကြောင့် ရွာက ဒေါ်လေးကိုလည်း မှာလိုက်ပါတယ်….

“ဒေါ်လေးတူ သာအေးတစ်ယောက် ကိုထွန်းမြကို ကူညီဖို့နေနေသာသာ ကျွန်တော်တောင် မြန်မာသံရုံးမှာ အခွန်မဆောင်ရသေးဘူး၊ ဖြစ်နိုင်ရင် ရွာက လယ်ကို ပေါင်ပြီး ကိုထွန်းမြနဲ့ ထည့်ပေးလိုက်ပါ၊ သံရုံးမှာ အခွန်ဆောင်ရမှာမို့၊ ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကလည်း သက်တမ်းကုန်တော့မယ်ဆိုတော့ အားလုံးပေါင်း စကာင်္ပူဒေါ်လာ ၃၀၀၀ ၀န်းကျင်လောက်ကျမယ်။ လယ်နဲ့မလောက်ရင် ဘကြီးရဲ့ နွားတင်ကုတ်ကိုပါ အပြတ်ဖြုတ်လိုက်ပါ လို့”

…ဒီစာကို ဖတ်ရင်း အားလုံး အားလုံး ကိုယ်ချင်းစာစိတ် မွေးနိုင်ကြပါစေ………….

Thursday, July 26, 2007

စိတ်ပျက်စရာ ဖုန်းခေါ်ဆိုမှု

“မင်္ဂလာပါ အေဘီစီ ကကြိုဆိုပါတယ်၊
အင်္ဂလိပ်လို ပြောလိုပါက နံပါတ် ၁ ကိုနှိပ်ပါ
တရုတ်ဘာသာလို ပြောလိုပါက နံပါတ် ၂ ကိုနှိပ်ပါ
မလေးဘာသာလို ပြောလိုပါက နံပါတ် ၃ ကိုနှိပ်ပါ”


နှိပ်လိုက်ပါတယ် နံပါတ် ၁ကို။

“အရောင်းနှင့်ပတ်သတ်ရင် နံပါတ် ၁ကိုနှိပ်ပါ
နည်းပညာပြင်ဆင်မှုနှင့်ပတ်သတ်ရင် နံပါတ် ၂ကိုနှိပ်ပါ
စာရင်းအင်းကိစ္စနှင့်ပတ်သတ်ရင် နံပါတ် ၃ကိုနှိပ်ပါ
အလုပ်လုပ်ချိန်နဲ့ နေရာကိုသိလိုလျှင် နံပါတ် ၄ကိုနှိပ်ပါ”


ဈေးနှုန်းသိချင်လို့ နှိပ်လိုက်ပါတယ် နံပါတ် ၁ကို။

“အေ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၁ကိုနှိပ်ပါ
ဘီ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၂ကိုနှိပ်ပါ
စီ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၃ကိုနှိပ်ပါ၊”


ဘီ ဈေးနှုန်းသိချင်လို့ နှိပ်လိုက်ပါတယ် နံပါတ် ၂ကို။

“၀မ်းနည်းပါတယ်
အရောင်းဝန်ထမ်းအားလုံး မအားသေးပါရှင်
ကျေးဇူးပြု၍ ခတစောင့်ဆိုင်းပေးပါရှင်”


စိတ်ပျက်စရာ ....ဖုန်းကိုင်ရင်းတန်းလန်းနဲ့ စောင့်နေရတာ ၂ မိနစ်လောက်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါရှင်”


စိတ်ပျက်စရာ ....ဖုန်းကိုင်ရင်းတန်းလန်းနဲ့ စောင့်နေရတာ နောက်ထပ်၂ မိနစ်လောက်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ကျေးဇူးပြု၍ သင့်ရဲ့ နံပါတ်ကို ပေးခဲ့ပါ။
မကြာခင် ပြန်လည်ခေါ်ဆိုပါ့မယ်။”


သိပြီးသားပါ။ ဒင်းတို့ ဘယ်တော့မှ ပြန်ခေါ်လိမ့်မယ်မဟုတ်ပါ။
ဒီတော့ထပ်ပြီး ဖုန်း ကိုင်ထားရင်း စောင့်ရပြန်တယ်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ခေတ္တစောင်ဆိုင်းပြီးမှ ပြန်လည်ခေါ်ပါရှင်
ကျေးဇူးအထူးတင်ပါတယ်” တီတီတီ....တီ..


အမလေး အရပ်ကတို့ရေ သေလောက်အောင် အလိုအလျောက် စက်ကပြောတဲ့ စကားသံကိုစောင့်ပြီးမှ ဖုန်းမဖြေဘဲလိုင်းကို ဖြတ်လိုက်တာ စိတ်ရှိတဲ့အတိုင်းဆို အော်ပြီး ဆဲလိုက်ချင်တယ်။ မနည်းကို စိတ်ကထိန်းထားလို့ဗျ။

နည်းပညာတွေက အရမ်းထွန်းကားနေပြန်တော့လည်း လူကပြောမည့် ဖြေမည့်အစား အသံကိုကြိုတင်သွင်းပြီး စက်ထဲတည့်ထား၊ ဖုန်းမေးရင် အဲဒီအသံသွင်းထားတဲ့စက်က ပြော။ တော်တော်လေးကို စိတ်ပျက်စရာ။ လိုရင်းပြောချင်တဲ့သူဆီကို ရောက်ဖို့ အသက်ထွက်မတပ်ကို စောင့်စားရတာပြောမနေနဲ့တော့။

တစ်ခါတစ်လေ စိတ်ပိန်လို့ ပြောချင်တဲ့သူနဲ့ စကားပြောခွင့်ရပြီဆိုရင် ကြုံတုန်း ကျေးဇူးပြု၍ သင့်ရဲ့ တိုက်ရိုက်နံပါတ်ကို ပေးပါလားခင်ဗျာလို့ဆိုရင် ...တစ်ခါတည်း မပြောလိုက်နဲ..


...အို့.. စိတ်မရှိပါနဲ့ .....အခုခေါ်တဲ့ အဓိကလိုင်းနံပါတ်ကို ဘဲခေါ်လိုက်ပါ။

ကျွန်တော့်စိတ်ထဲတော့ ဒင်းကို အော်ဟစ်ပြီး တုတ်လိုက်ချင်တယ်။ အဲဒီအတိုင်းပြန်ခေါ်ရင် အဲဒီလိုဘဲ အခက်အခဲတွေကြုံတွေ့ရဦးမှာပေါ့။ အင်း...တိုးတက်တဲ့နိုင်ငံတွေကြပြန်တော့လည်း ....လူကြီးမင်းတွေနဲ့မတွေ့ဘဲ .....ကြက်သတုံး အော်တိုမက်တစ် အဖြေဖုန်းတွေနဲ့ တွေ့နေပြန်ပါပြီ လို့ တွေးမိတယ်။

သြော်....ဒုက္ခ ဒုက္ခ...ဖုန်းခေါ်ရတဲ့ ဒုက္ခ..။ ဒင်းတို့ကို ဖုန်းခေါ်ရတဲ့ ဒုက္ခဟာ ရန်ကုန်မြို့တော်ခန်းမနားက ကားမှတ်တိုင်မှာ ကားစောင့်ရတဲ့ ထက်တောင် ပိုဆိုးနေပါသလားလို့ တွေးမိပါတယ် အရပ်ကတို့ရေ။

Tuesday, July 24, 2007

စင်္ကာပူမှာ အလုပ်လုပ်မယ်ဆိုရင်

အမှန်တကယ်တော့ အမိမြေကိုစွန့်ခွာပြီး နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ဆိုတာ မိမိကိုယ်ရေးအချက်အလက်တွေကို ပြင်ဆင်ရုံမျှမက အခြား အခြားသော လိုအပ်ချက်များကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။ မိမိဘ၀ကို နိုင်ငံတကာအတွေ့အကြုံရဖို့ တနည်းအားဖြင့် နိုင်ငံခြားမှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားသူများအတွက် မမျှော်လင့်သော အခက်အခဲများ၊ ယဉ်ကျေးမှုကွာခြားမှု၊ ဘာသာစကား ကွဲပြားမှု၊ စတာတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်သိထားဖို့လိုတယ်။ ဘယ်တော့မှာ မိမိကို မိမိ လျော့မတွက်ပါနဲ့။ ဥပမာ - မိမိနိုင်ငံနှင့်ယှဉ်လျှင် ကွဲပြားခြားနားတဲ့ - လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေများ၊ နေထိုင်ခွင့်ဆိုင်ရာ အချက်အလက်များ၊ အလုပ်လုပ်ကိုင်ခွင့် အဆင့်ဆင့်နည်းလမ်းများ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ နည်းလမ်များ နှင့် ယဉ်ကျေးမှုကွဲပြားခြားနားမှုဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို သတိထားပြီး ကြိုတင်လေ့လာရမှာဖြစ်တယ်။

ဒါ့ကြောင့် အခုရေးထားတဲ့ အောက်ပါအချက်အလက်တွေဟာ ခင်ဗျားတို့အတွက် တနည်းမဟုတ် တနည်း အထောက်အကူ ပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။



အလုပ်လုပ်ခွင့် ပါမစ်

၁) လစာ စင်္ကာပူဒေါ်လာ၂၅၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Employment Pass (EP) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် အဆင့်မြင့်တာဝန်များကိုထမ်းဆောင့်သည့်သူများအတွက်။
၂) လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Special Pass (S Pass) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် အလယ်အလတ်အဆင့် တာဝန်များကိုထမ်းဆောင့်သည့်သူများအတွက်။
၃) အနိမ့်ဆုံးလစာ စင်္ကာပူဒေါ်လာ ၄၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Work Permit (WP) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် ကာယတာဝန်များကို ထမ်းဆောင့်သည့်သူများအတွက်။

အလုပ်ကြော်ငြာများ

၁) စထရစ်တိုင်း(Stratis Times) ခေါ် စင်္ကာပူအမျိုးသားရေး သတင်းစာသည့် အဓိက အလုပ်ကြော်ငြာများကို ကြော်ငြာသည့်အတွက် အထူးဝယ်ဖတ်ရန်လိုအပ်သည်။
၂) အကယ်၍ ကိုယ်ကိုတိုင်က စင်္ကာပူမရောက်ခင်ရှာမယ်ဆိုရင် ဒီဝက်ဘ်ဆိုက်တွေကတဆင့်လည်း ရှာနိုင်တယ်။
- http://sg.jobstreet.com/
- http://www.jobsdb.com/Singapore/Jobs
- http://www.st701.com/

အဓိကကတော့ အခုလို အလုပ်ရှာရတာ အပြိုင်အဆိုင်များသည့်အပြင့် လူတော်လူမွန်ပေါင်းမြောက်များစွာ အလုပ်ရှာကြသည့် စင်္ကာပူနိုင်ငံမှာ မိမိကိုယ်မိမိ အပြုသဘောဆောင်၊ ရင့်ကျက်မှု့စိတ်ဓါတ်အပြည့်ဖြင့် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါ။

ကိုယ်ရေးရာဇ၀င် အချက်အလက်ရေးသားခြင်း

၁) စင်္ကာပူမှာ ကိုယ်ရေးရာဇ၀င်ကို CV လို့မခေါ်ဘဲ Resume လို့ခေါ်ဝေါ်သုံးစွဲတယ်။
၂) ကိုယ့်ရဲ့ Resume ရီဇူမ်းဟာ ကိုယ့်အကြောင်း အထူးသဖြင့်ကြော်ငြာသည့်သဘော ဖြစ်သည့်အတွက် အထူးဂရုပြု၍ ရေးပါ။ အထူးသဖြင့် မိမိအလုပ်လျောက်သည့်အလုပ်ရှင်က အလုပ်အင်တာဗျူးခေါ်ချင်အောင်ကြိုးစားဖို့ မမေ့ပါနှင့်။
၃) ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်အမျိုးမျိုးကို ပုံသေ Resume ရီဇူမ်းတစ်ခုတည်းနဲ့ လျောက်မယ့်အစား အလုပ်သဘာဝပေါ် မူတည်၍ ပြောင်းလဲဖို့ မမေ့ပါနှင့်။
၎) ပညာအရည်အချင်း၊ ဘွဲ့ ဒီပလိုမာ စသည်တို့ကို အထူးသဖြင့် လောလောဆယ် ရထားသည့် ဘွဲ့ ဒီပလိုမာကို ပထမဦးဆုံးတင်ပြီး နောက်ပြန်ရေးပါ။
၅) အလုပ်ရှင်နှစ်သက်သော စာလုံးများဖြစ်သော demostrated, contributed, organised, managed များကို ထည့်သုံးပါ။
၆) မိမိကို ဆက်သွယ်လို့ရမည့် ဖုန်း၊ အီးမေးလ် စသည့်တို့ကို ထည့်ဖြစ်အောင်ထည့်ပါ။

မိတ်ဆက်စာ နှင့် နောက်ဆက်တွဲ ရေးသားခြင်း

၁) မိမိလျောက်မည့် လုပ်ငန်းနှင့် နှီးနွယ်ဆက်စပ်သည့် အတွေ့အကြုံ၊ အောင်မြင်မှုများတို့ကိုသာ အဓိကထားပြီးရေးပါ။
၂) စာ ၁ မျက်နှာထက် မကျော်ပါစေနဲ့။
၃) အထက်ပါ မိတ်ဆက်စာ၊ ကိုယ်ရေးရာဇ၀င်များနှင့်အတူ လတ်တလောရိုက်ထားတဲ့ ဓါတ်ပုံ၊ ဘွဲ့လက်မှတ်၊ မူရင်း၊ ဘာသာပြန်၊ ယခင်အလုပ်ရှင်၊ ကျောင်းမှ ဆရာ များ၏ ထောက်ခံစာများ၊ ပတ်စပို့ စသည်များကို တစ်ပါတည်းတွဲပြီး ပို့ပါ။

ဆောင်ရန်

၁) များသောအားဖြင့် စင်္ကာပူဒေါ်လာကိုသာ အသုံးပြုသည်ကို သတိပြုပါ။
၂) အလုပ်မလျောက်ခင် လျောက်မည့် လုပ်ငန်းအကြောင်းကို ပိုမိုနားလည်အောင် အင်တာနက်မှ တဆင့် ကြိုတင်လေ့လာပါ။
၃) ဖြစ်နိုင်လျှင် မိမိရဲ့ လုပ်ငန်းနှင့် ဆက်နွယ်သည့် အောင်မြင် စွမ်းဆောင်မှုများကို တင်ပြပါ။
၎) အင်တာဗျုးခွင့်ရခဲ့လျှင် အင်တာဗျုးပြီးနောက် အဆိုပါကျေးဇူးတင်ကြောင်း အီးမေးလ် ပို့ဖို့ မမေ့ပါနှင့်။

ရှောင်ရန်

၁) မိမိရဲ့ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ထောက်ခံရှင်အဖြစ် အသုံးမပြုပါနဲ့။
၂) အင်တာဗျုးတွင် အင်တာဗျုးသည့်သူက ထိုင်လို့ပြောမှသာ ထိုင်ပါ။
၃) ယခင်အလုပ်ရှင်နှင့် အလုပ်၏ မကောင်းကြောင်းကို မပြောပါနဲ့။
၎) အင်တာဗျုးတွင် ရင်တုန်း ပန်းတုန် မဖြစ်စေရန် ကြိုတင်လေ့ကျင့်ပါ။

စင်္ကာပူ ယဉ်ကျေးမှု ဓလေ့စရိုက်

၁) စင်္ကာပူအစိုးရသည် စီးပွားရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီပေးသည်။
၂) လူမျိုးစုံပေါင်းစပ် လုပ်ကိုင်သည့် လုပ်ငန်းကြီးများသည့် စင်္ကာပူတွင် ခိုင်မြဲစွာ အခြေတည်လျက်ရှိသည်။
၃) စင်္ကာပူလူမျိုးများသည် အထူးသဖြင့် လုပ်ငန်းအတိအကျအတိုင်း လုပ်ရန် နှစ်သက်သည်။ ဒါပေမဲ့ ပြီးစီးမှုအတိုင်းအတာကိုတော့ အတိအကျပြောဖို့ မနှစ်သက်ကြ။
၎) စင်္ကာပူတွင် အချိန်သည့် ငွေဖြစ်သည်။ အားတိုင်း ဟိုဒီလျောက်လည်ဖို့ စိတ်မကူးပါနဲ့။
၅) ဘယ်အလုပ်မဆို ကြိုတင်ချိန်းဆိုပြီးမှသာ တွေ့ဆုံကြသည်။
၆) အ၀တ်အစားကို အတပ်နိုင်ဆုံး သင့်တော်အောင် ၀တ်ဆင်ကြသည်။ တိုးတက်သည့် နိုင်ငံဖြစ်သော်လည်း အနောက်နိုင်ငံများကဲ့သို့ ကြမ်းတမ်းစွာ မ၀တ်ဆင်ကြပါ။

စင်္ကာပူလမ်းညွှန်စာအုပ် (အိုင်အက်ဘီအမ် - ၉၀-၅၈၉၆-၀၂၆၉) မှ သင့်တော်သည်များကို ကောက်နုတ်တင်ပြခြင်းဖြစ်သည်။ အသေးစိတ်သိလိုသည်ပါက ထိုစာအုပ် (သို့) စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် http://www.mom.gov.sg/ တွင် ကြည့်ပါ။

Monday, July 23, 2007

ဘာလဲဟဲ့ လူ့ဘဝ

ပေါက်တက်ကရ လျောက်တွေးရင်းနဲ့ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်နားလည်သလို ရေးချလိုက်ပါတယ်။

လူ့ဘ၀ဆိုတာ ဘာကိုခေါ်တာလဲ။
လူဖြစ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
လူတိုင်းရှိရမဲ့ အခြေခံ အချက်အလက်တွေ ကဘာတွေလဲ။
လူဖြစ်ရကျိုးနပ်အောင် ဘာလုပ်ရမလဲ။
အောင်မြင်တဲ့သူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ။


တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း နဲ့ အဓိပ္ပါယ်ဖွင့်ရင်တော့ အများကြီးပေါ့။ ကျွန်တော်လည်း အခုလိုသာ စဉ်းစားမိတာ အဖြေတွေကတော့ ဟိုတမျိုး ဒီတမျိုးပေါ့ဗျာ။ ခင်ဗျားတို့လည်း နားလည်သလို စဉ်းစားမိလို့ ရေရေရာရာ အဖြေရရင် ဝေငှပါအုံး (မတွန့်တိုဘူးဆိုရင်ပေါ့)။

တစ်ချို့ကပြောတယ်။ လူ့ဘ၀ရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်က ဘုရားရဲ့အမိန့်စကားကို နားထောင်ဖို့နဲ့ ကောင်းချီးပေးခြင်း ခံရဖို့၊ ဒါမှ နောင်တမလွန်ဘ၀မှာ ကောင်းမွန်တဲ့နေရာမှာ ခံစား စံစားနိုင်မယ်ပေါ့။ ဒါဆိုရင် ဥပမာဆိုကြပါဆို့ - ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့သူတွေ၊ မိခင်ဗိုက်ထဲမှာဘဲ မမွေးခင်ဆုံးသွားသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူတွေ၊ တခြားဘာသာခြား လူတွေနဲ့ ဘာသာမရှိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါစဉ်းစားစရာဘဲ။ တကယ်တော့ လူအမျိုးမျိုး၊ စိတ်အဖုံဖုံ၊ ဘာသာတရားနဲ့ ယုံကြည်မှုအမျိုးမျိုးရှိတဲ့အတွက် ဘ၀အပေါ်မှာထားတဲ့ ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အသုံးကျမှု အမြင်၊အယူအဆ အပြုအမှုတွေဟာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါ့ကြောင် တူညီတဲ့ အယူအဆနဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။

လူသားတိုင်းဟာ ဘ၀ဖြစ်စဉ် အဆင့်ဆင့်ဖြစ်တဲ့ မွေးဖွားခြင်း၊ အိုချင်း၊ နာမကျန်းခြင်း၊ သေခြင်းတွေကို ဘယ်ဘာသာခြား၊ လူမျိုးခြားမဆို မလွဲမသေ ရင်ဆိုင်ကြရမှာဖြစ်တယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးကိုစံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်ဆိုတဲ့ အသိတရားဟာ ဘယ်ဘာသာ၊ ဘယ်လူမျိုးဘဲဖြစ်ဖြစ် လိုက်နာရမယ့် ကမ္ဘာဥပဒေသ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကြောင်းနဲ့ အကျိုးဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သဘောပေါက်ရမှာဖြစ်တယ်။ ဒီသဘောကို နားမလည်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီလူဟာ မကောင်းမှုတွေကို ကျူးလွန်မိမှာ မလွဲပါ။ သူ့အတွက်ကတော့ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါဘဲ။ ဒါ့ကြောင့်လဲ ယနေ့ခတ် ကမ္ဘာကြီးပေါ်မှာ ထဲလ်ရိုးရစ်ဇမ် လို့ခေါ်တဲ့ လူသားချင်းမစာနာ အကြမ်းဖက်မှုတွေ၊ လူကုန်ကူးမှု၊ သူတစ်ပါးသားသမီးအား စော်ကားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေပြီဖြစ်တယ်။ ဒါတွေကို မည်သို့ပင် မင်းအစိုးရတို့က စည်းကမ်းဥပဒေသတ်မှတ် သော်လည်း ဒီအကျိုးအကြောင်း အဆိုးအကောင်းကို မလိုက်နာတဲ့သူအတွက်ရှိနေတဲ့အတွက် ယနေ့ ကမ္ဘာကြီးဟာ စိုးရိမ်ထိပ်လန့်စရာတွေနဲ့ တစီချည်းရှိနေတယ်ဆိုတာ အားလုံးမျက်မြင်ပါဘဲ။

တစ်ကယ်တော့ ဘာသာတရားဆိုတာ လူတိုင်းအတွက် ခုံလှုံစရာ အရိပ်ပမာပါဘဲ။ ဘာသာတရားက လူတွေကို ယဉ်ကျေးအောင်၊ လူအချင်းချင်း စာနာနားလည်မှုရှိအောင်၊ ချစ်ခင်လေးစားအောင်၊ ကြီးသူရိုသေ ငယ်သူလေးစားအောင်၊ အမိအဖကို ရိုသေကိုင်းရှိုင်းအောင်၊ မိမိကိုယ်ကို ကောင်းမွန်အောင် ပြုမှု ကြံစည် ဆက်ဆံနိုင်အောင် စတဲ့ အချက်တွေကို သင်ကြားပေးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ သေချာပြန်လည် ဆန်းစစ်ဖို့လိုတာက အဲဒီဘာသာတရားက သင်ကြားပေးလိုက်တဲ့ အတိုင်းရော အဲဒီဘာသာတရားကို လိုက်နာကြတဲ့ လူတွေက တကယ်ကော လိုက်နာကြရဲ့လားဆိုတာကို အလေးအနက် စဉ်းစားဖို့လိုပါတယ်။ ဥပမာ - လူအချင်းချင်း ချစ်ခင်လေးစားဖို့သင်ကြားထားတဲ့အတိုင်း၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့သင်ကြားထားတဲ့အတိုင်းရော ယနေ့ခေတ် လူတွေလိုက်နာကြရဲ့လား ---ဘာသာတရားရဲ့အဆုံးအမကို ဘယ်အတိုင်းအတာထိ လိုက်နာနေကြတာလဲ... စသဖြင့် မိမိကိုယ်ကို ဆန်းစစ်ကြဖို့လိုပါတယ်။

ဒါ့ကြောင့် လူဘ၀ဆိုတာ သူ့သဘောအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်းပါ။ ဒါပေမဲ့ ဒီလူ့ဘ၀မှာ လူလာဖြစ်ကြတဲ့ လူသားတွေကြောင့်ဘဲ အဓိပ္ပါယ်အမျိုးမျိုးထွက်ကုန်တယ်လို့ နားလည်မိပါတယ်။ မိမိကိုယ်ကို မိမိ ပျော်ရွင်အောင်နေဖို့၊ မိမိလုပ်ထားတဲ့ ကောင်းမှုတွေကို ကောင်းသထက်ကောင်းအောင် ထပ်လုပ်ဖို့၊ လိုအပ်ချက်တွေကို အတပ်နိုင်ဆုံးဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိတာတွေကို ဖြစ်နိုင်အောင် စွမ်းဆောင်ဖို့လုပ်ရင်းနဲ့ ဘယ်အချိန် ဘယ်နေရာ ဘယ်အရွယ်မှာ လာခေါ်မည်မသိတဲ့ မရဏသေမင်းထံကို သွားရဖို့ မမေ့ကြဖို့ တိုက်တွန်းမိပါတယ်။

(ကျွန်တော်ကိုယ်တိုင်သည်ပင် လူ့ဘ၀အဓိပ္ပါယ်ကို အရှင်းဆုံး ပြန်ဆိုနိုင်ခြင်းမရှိသေးကြောင်း ၀န်ခံပါသည်။)

Sunday, July 22, 2007

စိမ်းလန်းပါစေ တို့ကမ္ဘာမြေ

၇-၇-၂၀၀၇ က ကမ္ဘာတိုက်ကြီး ၇ခုမှာ ၂၄နာရီ မရပ်မနား ကျင်းပပြီးစီးသွားသည့် “ရှင်သန်နေမည့် ကမ္ဘာမြေ” သီချင်းဆိုပွဲမှ အကောင်းဆုံးအဆိုတော်များ၏ သီချင်းများကို ဒီကနေ့ တီဗွီ ၅ နံပါတ်လိုင်းမှာ ၃နာရီကြာ ပြန်လည်ပြသခဲ့တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုကျော်ပေါင်း ၁၀၀ ရာကျော်ဟာ သက်ဆိုင်ရာ သီဆိုရမည့် တိုက်ကိုယ်စားပြု နိုင်ငံတွေကို သွားရောက်ပြီး ပရိတ်သတ်ပေါင်း ၂ဘီလီယံကို အင်တိုက်အားတိုက် ဖျော်ဖြေ ခဲ့ကြတယ်။

တနင်္ဂနွေနေ့ဆိုတော့ ကျွန်တော်လည်း ထုံးစံအတိုင်း အိမ်မှာ နားရင်းနဲ့ မကြည့်လိုက်ရတဲ့ အဆိုကျော်တစ်ချို့ ကို ပြန်ကြည့်မယ်ဆိုပြီး ညနေ ၄နာရီ ကတည်းက ၇ နာရီအထိ တရစပ်ကြည့်လိုက်တယ်။

ဒီပွဲရဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး တကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံး အမှတ်တရ သတိထားမိစေရန် အမေရိကန် ဒုတိယသမ္မတဟောင်း မစ္စတာ အယ်လ်ဂိုးက ဦးဆောင်ပြီး လုပ်တဲ့ပွဲလည်းဖြစ်တယ်။

ကျွန်တော်တို့သိကြတဲ့အတိုင်းဘဲ ဒီကနေ့ကမ္ဘာမြေကြီးဟာ ပူနွေးလာပြီဖြစ်တဲ့အလျောက် တချိုနေရာတွေမှာ ဆိုရင် အအေးလွန်ကဲခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်းစတဲ့ အဖြစ်အပျက်တွေဟာ တဖြည်းဖြည်းနဲ့ ပြင်းထန်လွန်းတဲ့ အတွက် လူပေါင်းများစွာ သေကြေ၊ ဒါဏ်ရာရခြင်း၊ အစာရေစာပြတ်လတ်ခြင်း၊ စတဲ့အဖြစ်ဆိုးတွေဟာ တနေ့တခြား တိုးပွားနေပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အသိဥာဏ်ရှိတဲ့ လူသားအားလုံး “ကျေးဇူးသိ ကျေးဇူးဆပ်” ဆိုတဲ့အတိုင်း ဤကမ္ဘာမြေကြီးကို တာဝန်သိသိဖြင့် တစ်ဦးတစ်ယောက်ခြင်းကစပြီး အောက်ပါ အခြေခံ အချက်တွေကို လိုက်နာစောင့်ထိန်းဖို့ တိုက်တွန်းရင်း နဲ့ ကျွန်တော်ကြိုက်တဲ့အဆိုတော်တွေထဲက ခင်ဗျားတို့လည်း နှစ်သက်မယ်လို့ထင်ရတဲ့ အဆိုကျော်တစ်ချို့ရဲ့ ဓါတ်ပုံကို တင်ပြလိုက်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းရဲ့ စွမ်းဆောင်မှုဟာ ကမ္ဘာကြီးအတွက် ဘာမျှမဖြစ်လောက်ပေမဲ့ လူပေါင်းမြောက်များစွာ စုပေါင်းလိုက်ပါက အံ့မခန်း စွမ်းဆောင်မှုကြီးဖြစ်တဲ့အတွက် ဘယ်တော့မှ လျော့မတွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

၁) မီးကို အတပ်နိုင်ဆုံး ခြွေတာသုံးပါ။ အထူးသဖြင့် စွမ်းအင်အရမ်းကျသည့် မီးသီးများအစား fluorescent lights (CFLs) မီးသီးအမျိုးအစားကိုပြောင်းသုံးပါ။
၂) အဲယားကွန်းအအေးစံနှုန်းကို လျော့သုံးပါ။
၃) မလိုအပ်ဘဲ စွမ်းအင်သုံး ရေပူဖြင့်ရေချိုးခြင်းကို လျော့ပါ။
၎) ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်သတ္တ၀ါတွေဟာ တဖြည်းဖြည်းနဲ့ ပျက်သုံးနေတဲ့အတွက် ပင်လယ်စာများကို အတပ်နိုင်ဆုံး ဆင်ခြင်စားသုံးပါ။
၅) အီလက်ထရောနစ်ပစ္စည်းများကို ၀ယ်တဲ့အခါ Energy Star တံဆိပ်ပါသော ပစ္စည်းများကိုသာဝယ်ပါ။
၆) အတပ်နိုင်ဆုံး ဒေသထွက်ကုန်များကို ၀ယ်ယူစားသုံးပါ။
၇) တစ်ခါသုံးခွက်များဖြင့် သောက်သုံးစားသောက်ခြင်းထက် ပြန်လည်သုံးလို့ရသည့် ပန်းကန် ခွက်ယောက် များဖြင့်စားသုံးပါ။
၈) လမ်းခရီးကို အတပ်နိုင်ဆုံး ခြေလျင်ခရီးဖြင့် သွားလို့ရပါက သွားပါ။
၉) ကွန်ပျူတာမော်နီတာကို အသုံးမပြုသည့်အခိုက် Sleep Mode သို့ပြောင်းထားပါ။
၁၀) မလိုအပ်ဘဲ ဓါတ်လှေကား၊ စက်လှေကားကိုအသုံးမပြုဘဲ ခြေကျင်တက်ပါ။
၁၁) ကွန်ပျူတာ၊ ပန်ကာ၊ ပရင်တာ၊ စကန်နာ၊ လက်ကိုင်ဖုန်း၊ တီဗွီအစရှိသော ပလပ်များကိုအသုံးမပြုပါက မီးပေါက်မှ ဖြုတ်၍ထားပါ။ ဘာကြောင့်လဲဆိုတော့ ဒီပလပ်တွေကတဆင့် လျပ်စစ်စီးဆင်းနိုင်တဲ့အတွက် စွမ်းအင်ကို မခြွေတာရာ ရောက်ပါတယ်။



(ကျွန်တော်တို့အတွက် သင့်တင်လျောက်ပတ်သည့် အချက်အလက်များကိုသာ အမ်အက်စ်အမ် အင်တာနက်စာမျက်နှာမှ ဘာသာပြန်ခြင်းဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၄င်းစာမျက်နှာတွင်သာ သွားရောက်ကြည့်ရှုပါရန်၊)

ကျွန်တော့်တို့အားလုံး ကမ္ဘာမြေကြီးကို စိမ်းလန်းအောင်ထိန်းသိမ်းဖို့ ကြိုးစားကြပါစို့ ++

Saturday, July 21, 2007

သာဓုပါ သာအေးရာ

ဒီရက်ပိုင်းတွေထဲမှာ အလှူဒကာတွေ တော်တော်များနေတော့ ဟိုကကျွေးလိုက် ဒီကကျွေးလိုက်နဲ့ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတဲ့ ကျွန်တော်တစ်ယောက်တော့ ချဖို့နေနေသာသာ ခန္ဓာကိုယ်အလေးချိန်က တိုးပြီးရင်းတိုးနေတော့ တာပါဘဲဗျာ။

ဒီနေ့လည်း နေ့လည်ပိုင်းလောက် မြို့ထဲမှာ ပြသနေတဲ့ “သင်နှင့် ကျန်းမာရေး” ပြပွဲကို သွားဖို့ဆိုပြီး အိမ်ကထွက်ခဲ့တယ်။ ဟိုရောက်တော့ ကျန်းမာရေးအကြောင်းသိကောင်းစရာများကို လေ့လာရင်း အမြည်းကျွေးသော စားသောက်ပစ္စည်းတွေကို ထုံးစံအတိုင်း အားမနာ လျာမကြိုး စားခဲ့တယ်။ ပြီးတော့ စင်္ကာပူအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြသတဲ့ ပြခန်းမှာ အခမဲ့ ကျန်းမာရေးစစ်ဆေးနေတာ တွေ့တာနဲ့ ကျွန်တော်လည်း ….ဘာရမလဲ…အလကားဆိုတော့….. ၀င်တန်းစီရင်း သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ကိုယ်ခန္ဓာကျန်းမာရေးစံနှုန်းစစ်ဆေးတာတွေကို လုပ်ခဲ့တယ်။ အဖြေထွက်လာတော့ ကြည်လိုက်တဲ့အခါ ကျွန်တော်ရဲ့ ကိုယ်အလေးချိန်ဟာ သာမန်ထက် ကျော်လွန်နေတာတွေ့ရတော့မှ ကျွန်တော့်ကို ကျွန်တော် သံဝေဂရမိတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကနဲလာပြီးကတည်းက မလုပ်ဖြစ်ဘဲ အစားဘဲ စားပြီးရင်း စားနေတာလည်း အကြောင်းတစ်ခုဘဲလို့ သတိထားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အစားအသောက်ကို စပြီး ဆင်ခြင်ဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ဆုံးမရင်း ပြပွဲကပြန်ထွက်လာခဲ့တယ်။

အဲဒီတော့မှာ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပြီး သူကဒီနေ့ ညစာကျွေးမယ်ဆိုလို့ ချိန်းဆိုထားတဲ့ အက်စ်စပန်နစ် ပြဇာတ်ရုံနေရာကို သွားခဲ့တယ်။ သူငယ်ချင်းအားလုံးပေါင်း လေးယောက်ဆိုတော့ ဈေးနှုန်းလည်းချို နေရာလည်း ကောင်းတဲ့ စားသောက်ဆိုင်ကို လိုက်ရှာကြတယ်။ ထိုင်းအစားအစာကို မစားရတာလဲကြာပြီဆိုတော့ ကျွန်တော်ကဘဲ အကြံပေးလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်တို့အားလုံး ပြဇာတ်ရုံဘေးနားက “Thai Express” စားသောက်ဆိုင်မှာ စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ရောက်တော့ အထဲမှာမထိုင်ဘဲ ဟိုဟိုဒီဒီလည်း ကြည့်လို့ရအောင်ဆိုပြီး အပြင်ခုံမှာထိုင်ကြတယ်။

စားစရာမှာမယ်ဆိုတော့ သူငယ်ချင်းအားလုံးကလဲ မင်းသဘောဆိုတာနဲ့ ကျွန်တော်လည်း ကိုယ်လဲကြိုက်စေ ---အာပတ်ပြေ ---သူတို့လည်းကြိုက်စေဆိုတဲ့အတိုင်း ထိုင်းအလွမ်းပြေ အောက်ပါ အတိုင်း မှာလိုက်သတည်း….

ကြက်သားအုန်းနို့ဟင်း၊ ပင်လယ်စာ အစပ်ဟင်း၊ သင်္ဘောသီးထောင်း၊ ပဲပြားကြော်သုတ်၊ ထုံရမ်းကွန့်၊ ကန်စွန်းအချိုကြော်၊ ပြီးတော့ အချိုပွဲအတွက် သရက်သီးအုန်းနို့စမ်းကောက်ညင်း၊ ငှက်ပျော အုန်းနို့ရေခဲမုန့်၊ ထောပတ်သီးဖျော်ရည်၊ သီးစုံရေခဲမုန့်တွေကို မှာလိုက်တယ်။

ဗိုက်စာနေကြပြီဆိုတော့ ကျွန်တော်တို့လည်း အားပါးတရ ဇူစကာပုဏ္ဏားအတိုင်း လက်ကျန်မရှိ အကုန်ကွိလိုက်ပါတယ်။ ခုနတုန်းက ကိုယ့်ကိုယ်ကို ဆုံးမထားတဲ့ ဆုံးမစကားတွေက စားနေရင်း ခေါင်းထဲတော့ ပေါ်လာတယ်။ ဒါပေမဲ့လည်း အခုစားတာက အမြဲတမ်းစားရတာမဟုတ်တော့ဗျာ ….. ကိုယ့်ကိုယ်ကိုဘဲ ဖျောင်းဖြရင်း အကုန်လုံး ကျွန်တော်က ဦိးဆောင်ပြီး တွယ်လိုက်ပါတော့တယ်။
ကျွန်တော့် သိစိတ်ကတော့ --- ဒီလိုပုံစံမျိုးနဲ့ဆို ဘယ်လိုလုပ်ပြီး ကိုယ်အလေးချိန်ကို သွားချမလဲ ----လို့ ထပ်ခါတလဲလဲ ကြိမ်းဝါးနေတော့တာပါဘဲဗျာ။

ကျွန်တော်ကတော့ ဘာဘဲပြောပြော သူများက စေတနာအပြည့်နဲ့ကျွေးတာဆိုတော့ အထမြောက်အောင်တော့ စားရမှာပေါ…ဟဲဟဲ…။ စားပြီးပြီဆိုတော့ ထုံးစံအတိုင်း စိတ်ထဲကတော့ ဆုပေးလိုက်ပါတယ်…ဗျာ။

“သာဓုပါ သာအေးရာ -----မောင်မင်းကြီးသားတစ်ယောက် --- ဒီထက်ပိုပြီး အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့ပြီး ရည်မှန်းထားသော အိမ်ထောင်ဘက်ကို လျင်စွာမုချ ရနိုင်ပါစေလို့….”