Thursday, July 29, 2010

ဈေးကွက်ဖော်ဆောင်သူများ အတွက်..


ဒီနေ့ တနင်္ဂနွေနေ့ ဆိုတော့ ခါတိုင်းနေ့တွေထက်စာရင် ပိုပြီး အချိန်ရတာနဲ့ ကျွန်တော့်ဝမ်းစာအတွက် လုပ်ကိုင်နေရတဲ့ အလုပ်နဲ့ နှီးနွယ်မည့် အကြောင်းကို ရေးဖို့ စိတ်ကူးလိုက်ပါတယ်။

ကျွန်တော့်ရဲ့ ၅ နှစ်တာ (ရန်ကုန် ၂ နှစ်၊ စင်္ကာပူ ၃ နှစ်) ကာလ ဖြတ်သန်းခဲ့တဲ့ ဈေးကွက်ဖော်ဆောင်ခြင်း အတွေ့အကြုံဟာ ကျွန်တော့်ရဲ့ မူလရှိရင်းစွဲ ဈေးကွက်အတွက်အကြုံကို ပိုပြီး ရင့်ကျက်မှု ရလာစေသလို၊ အဲဒါနဲ့ပတ်သတ်ပြီး နည်းနည်းပါးပါး ကိုဖောရွှေ လုပ်နိုင်လာတယ်လို့ ၀န်ခံပါရစေ။

ကျွန်တော် စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဘွဲ့ရပြီးတော့ ကျွန်တော့်ကို ကျွန်တော် ဘာအလုပ်နဲ့ ၀မ်းစာရှာရရင် ကောင်းမလဲပေါ့။ အထူးသဖြင့်ကတော့ ကိုယ့်ဘ၀မှာ အပျော်ဆုံးအလုပ်နဲ့၊ မဖြစ်မနေ ဖြတ်သန်းရမည့် ဘ၀ရဲ့ အချိန်တွေကိုကုန်လွန်ရင်း အလုပ်လုပ်ဖို့ အရမ်းကို တောင့်တမိပါတယ်။ ဒါ့ကြောင့် မိမိဘာကို အားသန်သလဲဆိုတာ ကိုယ့်ကိုယ်ကို သတိထားရင်းနဲ့ …

သြော်..ငါက-- တင်းတင်းကျပ်ကျပ် အမိန့်တွေအောက်မှာ လုပ်ရတာမကြိုက်၊ နေ့တဒူဝ မပြောင်းလဲသော အလုပ်တွေကို( ဥပမာ - စာရင်းကိုင်၊ ကွန်ပျူတာ စာရိုက်၊ စာရင်းစစ် အစရှိသဖြင့်) မနှစ်သက်ဘူး။

ကိုယ်ကြိုက်တာက …. ဆန်းသစ်တီထွင်မှု၊ လူတွေနဲ့ ဆက်ဆံမှု၊ သူတပါးအတွက် ၀န်ဆောင်မှု၊ အပြင် အထူးသဖြင့် ကျွန်တော်သိချင်တာ ကတော့ လူတွေဟာ သူတို့ရဲ့ ပိုက်ဆံတွေကို သူတို့နှစ်သက်မှုအလိုက် ဘယ်လိုသုံး ဖြုန်းနေကြသလဲဆိုတာကိုဘဲ။

ဒါ့ကြောင့် ရန်ကုန်မှ ကျွန်တော် အလုပ်စလုပ်တဲ့အခါကျတော့ အဲဒီ ဆန်းသစ်တီထွင်မှု တွေနဲ့ လုပ်ဆောင်နေရသော အလုပ်တစ်ခုဖြစ်တဲ့အပြင် မိမိကလည်း စိတ်အားထက်သန်တဲ့အလုပ်ဖြစ်တဲ့ ဈေးကွက်ဖော်ဆောင်မှု အလုပ်ကို စပြီးလုပ်ခဲ့တယ်။ နောက်ပြီး အဲဒီဘာသာရပ်ဟာ ကျောင်းသားဘ၀တည်းက အင်တိုက်အားတိုက် စိတ်ပါဝင်စား လေ့လာခဲ့တဲ့ ဘာသာရပ်လည်းဖြစ်နေတယ်။

ကျွန်တော့်အတွက်ကတော့ ဈေးကွက်ဖော်ဆောင်တဲ့အလုပ်ဟာ သူ့နေရာ ဌာနအလိုက် ကန်သတ်မှုရှိတဲ့ အလုပ်မျိုးမဟုတ်ဘူး။ နောက်ပြီး အများက ယူဆထားသလို ကြော်ငြာလုပ်ခြင်း(တီဗွီ-ရေဒီယို-အက်ဖ်အမ်-စာရွက်-အင်တာနက်တို့တွင်)၊ ဈေးပွဲတော်လုပ်ခြင်း၊ အရောင်းအားမြှင့်တင်ခြင်း၊ ၀ယ်သူအကြိုက် လုပ်ဆောင်ခြင်း ဆိုတဲ့အချက်တွေတင် မကပါဘူး။ ဒါကို အထူးသတိပြုဖို့လိုပါတယ်။

ဈေးကွက်ဖော်ဆောင်ခြင်းသည် စနစ်တကျ လေ့ကျင့်ပြင်ဆင်ထားသော ကြီးမားတဲ့ ဖြစ်စဉ်ပါဘဲ။ အဲဒီ ဖြစ်စဉ်ထဲမှာ ဘာတွေပါဝင်နေသလဲဆိုရင် .. ၀ယ်သူနှစ်သက်မှုရှိပြီး ၀ယ်ချင်လာအောင်၊ အလွယ်တကူ ၀ယ်နိုင်အောင်၊ ဘယ်လို ပြုမှုလုပ်ဆောင်ရမယ်၊ ၀ယ်သူတွေဟာ မိမိရဲ့ ပြိုက်ဖက်ကနေ မ၀ယ်ဘဲ မိမိဆီမှာ ပိုပြီး ထပ်ခါ ထပ်ခါ ၀ယ်အောင် ဘယ်လိုလုပ်ရမယ်…စတာတွေ ပါဝင်နေတယ်။

ဈေးကွက်ဖော်ဆောင်သူများအတွက် အချက် (၃) ချက်






ဈေးကွက်ဖော်ဆောင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ကျွမ်းကျင်ပညာရှင်များဟာ အောက်ပါ အချက် သုံးချက်ကို မဖြစ်မနေရှိရမှာဖြစ်ပါတယ်။


၁) ခွဲခြမ်းစိတ်ဖြာခြင်း
စင်္ကာပူမှာ ကျွန်တော် အာရှ ပစိဖိတ်ဆိုင်ရာ ဈေးကွက်ဖော်ဆောင်မှုဘာသာရပ်နဲ့ ဘွဲ့လွန်တက်တုန်းက စင်္ကာပူအမျိုးသား တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပြောတဲ့စကားကို သတိရမိတယ်။ ဆရာကပြောတယ်-- အခုသင်မည့် သင်ခန်းစာမှာ “ကုန်စည်” ဆိုတဲ့စကားကို မသုံးဖို့။ မပြောဖို့။ ပြောခဲ့ရင် ဒဏ်ငွေချမယ်ဆိုတယ်။ အဖြေကတော့ ရှင်းပါတယ်- ဘာကြောင့်လဲဆိုတော့ ကုန်စည်ဆိုတာမရှိဘူး၊ အရာရာတိုင်းကို ခွဲခြမ်းစိတ်ဖြာနိုင်လို့ဘဲ။


ဘယ်လိုနည်းနဲ့မှကို ကုန်စည်လို့ခေါ်တဲ့ ပစ္စည်းဆိုတာမရှိပါ။ အဲဒီကုန်စည်သည်ပင်လျှင် သူ့ပတ်ဝန်းကျင်မှာ အမျိုးမျိုးသော ၀န်ဆောင်မှုတွေနဲ့ ၀န်းရံနေလို့ဘဲဖြစ်တယ်။ ဥပမာ - ခေါင်းလိမ်းဆီ ဆိုတဲ့ ကုန်စည်မှာ ကွဲပြားခြားနားတဲ့ ၀န်ဆောင်မှုတွေဖြစ်တဲ့ အရည်အသွေး၊ သင့်တင်လျောက်ပတ်မှု (ဗောက်သေခြင်း၊ ဆံပင်ပေါက်ခြင်း၊ နက်ခြင်း၊ အမွှေးရနံ့သင်းခြင်း)၊ ယုံကြည်စိတ်ချရချင်း၊ ထိုက်တန်သော ဈေးနှုန်းဖြင့် ရောင်းခြင်း စတာတွေက ၀န်းရံနေပါတယ်။ ဒီတော့ အဲဒီ ပစ္စည်းသည်ပင်လျှင် ကွဲပြားခြားနားတဲ့ ၀န်ဆောင်မှုပေါ်လိုက်ပြီး ပြောင်းလဲသွားတယ်။ အဲဒီလို ဈေးကွက်ဖော်ဆောင်သူတွေက ခွဲခြမ်းစိတ်ဖြာနိုင်ရမယ်။ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိဥာဏ်ရှိရမယ်။


၂) ဆန်းသစ်တီထွင်ခြင်း
မိမိတို့လုပ်ရတဲ့ လုပ်ငန်းပတ်ဝန်းကျင်ဟာ အထူးသဖြင့် အပြုသဘောဆောင် ဆန်းသစ်တီထွင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ဖြစ်ခဲ့လျှင့် မိမိကိုယ်မိမိ အလွန်ကံကောင်းသူလို့ မှတ်ချက်ချလိုက်ပါ။ ဒီလိုပါဘဲ.. ဈေးကွက်ဖော်ဆောင်သူတွေဟာ မိမိလုပ်တဲ့လုပ်ငန်းမှာ ဆန်းသစ်တီထွင်မှုရှိတဲ့ ပတ်ဝန်းကျင်၊ ဆန်းသစ်တီတွင်မှုရှိတဲ့ စိတ်ဓါတ်နဲ့လုပ်နေကြတဲ့သူတွေကို ခန့်အပ်ခြင်း ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ မရှိရင် အတက်နိုင်ဆုံး ကြိုးစားပြီး ဖန်တီးပါ။


ဘာကြောင့်လဲဆိုတော့ သမရိုးကျ ဈေးကွက်ဟာ အောင်မြင်မှုလျော့နည်းလာတဲ့အခါ ဆန်းသစ်တီထွင်မှုရှိတဲ့ ဈေးကွက်ဖော်ဆောင်သူတွေသာလျှင် အနာဂါတ်ဈေးကွက်ကို ဖန်တီး၊ စီမံနိုင်မှာဖြစ်တယ်။ သိထားရမှာက မိမိတို့သည် ဆန်းသစ်တီထွင်နေတဲ့ ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေရမယ်ဆိုတဲ့ အသိဘဲ။


ယနေ့ကမ္ဘာကြီးကို ကြည့်ရင်လည်း အတူတူပါဘဲ။ ဆန်းသစ်တီတွင်မှုရှိတဲ့ ဒေသတွေသာလျှင် ကမ္ဘာမှာ အတိုးတက်ဆုံး ဖြစ်နေကြတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို ကြည့်ရင်လည်း ဒီအတိုင်းဘဲ။ စင်္ကာပူနိုင်ငံဟာ တစ်ကယ်တော့ ရန်ကုန်တိုင်းထက်တောင် အကျယ်အ၀န်အားဖြင့် ကျဉ်းမြောင်းပါတယ်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် အသေးဆုံးနိုင်ငံဖြစ်တယ်။ ဒါပေမဲ့ စီးပွားရေ၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ နည်းပညာ၊ ကုန်သွယ်ရေး၊ ၀န်ဆောင်မှု စတဲ့နေရာတွေမှာ တိုးတက်နေရုံမကဘဲ ရှိပြီးသားကို ဆန်းသစ်တီထွင်မှု အမြဲရှိနေတဲ့အတွက် အခြား အခြားသော အရှေ့တောင်အာရှနိုင်ငံတွေထက် စာရင် တိုးတက်မှုနှုန်း အမြင့်မားဆုံးလို့ ဆိုနိုင်တယ်။ ဒါကြောင့် ကြီးသည် သေးသည်က ပဓါနမဟုတ်ဘဲ၊ အရည်အချင်း ဆန်းသစ်တီထွင်ခြင်းကသာ ပဓါနဆိုတာကို နားလည်သဘောပေါက်ရမယ်။


၃) ရှေ့ကဦးဆောင်ခြင်း
ဈေးကွက်ဖော်ဆောင်သူတွေအားလုံးသည် စီမံခန့်ခွဲသူများမဟုတ်ဘဲ ရှေ့က ကြိုပြေးနေတဲ့ ဦးဆောင်ရှင်တွေဖြစ်တယ်။ အကယ်၍ မိမိဟာ နေ့စဉ်လုပ်ငန်းရဲ့ အချိန်တော်တော်များများကို စာရင်းအင်း၊ ဖွဲ့စည်းပုံ အဆင့်ဆင့်၊ ကုန်ကျစရိတ်၊ အသေးအမွားကိစ္စတွေပေါ်မှာဘဲ အာရုံကရပြီး လုပ်ကိုင်နေမယ်ဆိုရင် မိမိသည် ဈေးကွက်ဖော်ဆောင်သူမဟုတ်၊ စီမံခန့်ခွဲသူသာဖြစ်သည်။


ဦးဆောင်ရှင်ဖြစ်ဖို့အတွက်ဆိုရင် မိမိရဲ့ အချိန်တော်တော်များများကို အခွင့်အရေးကို မျက်ခြေမပျက် စောင့်ကြည့်ခြင်း၊ စိတ်ကူးဖော်ဆောင်ခြင်း၊ ရည်မှန်းချက်ခြမှတ်ခြင်း၊ လူတွေနဲ့ဆက်ဆံခြင်း စတာတွေအပေါ်မှာ အသုံးပြုဖို့လိုပါတယ်။


တချို့ကပြောတယ်။ ဦးဆောင်သူတွေဟာ ရုပ်ရည် ဥပတိ ကောင်းမွန်ဖို့၊ သူတပါးတွေအားကျအောင် လုပ်ပြဖို့၊ စိတ်ဝင်စားအောင်နေထိုင်ဖို့ လိုအပ်တယ်တဲ့။ ဒါဆိုရင် တချို့သော အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဟာ သူတို့ရဲ့အလုပ်တွေကို တည်ငြိမ်အေးဆေးတဲ့နည်းလမ်းနဲ့ လုပ်ငန်းမှာရှိတဲ့ သူတွေရဲ့ စိတ်နဲ့နှလုံးသားကို ထိတွေ့ဆက်ဆံကြတာတွေ လက်တွေ့မှာ အများကြီးရှိပါတယ်။ သူတို့တွေဟာ ရိုးရှင်းပွင်လင်း၊ ဟိတ်ဟန်မရှိ၊ သူတပါးကိုစားနာထောက်ထားပြီး ဆက်ဆံရေးကောင်းမွန်သောသူများ ဖြစ်ကြတယ်။ ဆိုရိုးစကားတစ်ခုအရဆိုရင် “အောင်မြင်တဲ့ ဦးဆောင်ရှင်ဆိုတာ လူတွေက သူရှိတယ်လို့တောင် သိပ်မသိကြရင် အကောင်းဆုံးဘဲ”တဲ့။ ဒါကြောင့် မိမိတို့အနေနဲ့ ကနဦးအဆိုကို သေချာစီစစ်ပြီးမှ ယနေ့လက်ရှိအောင်မြင်နေကြသော ဈေးကွက်ဖော်ဆောင်သူတွေရဲ့ထုံးကို နှလုံးမူရမှာ ဖြစ်ပါတယ်။


အောင်မြင်နေကြသော ဈေးကွက်ဖော်ဆောင်သူတွေဟာ အမြဲတမ်းပြောင်းလဲ ဆန်းသစ်တီထွင်နေတဲ့ ဈေးကွက်ကို နားလည်အောင် အချိန်ပေး၍ လက်တွေ့ လေ့လာ လုပ်ဆောင်နေသူများဖြစ်ပါတယ်။


နိဂုံးချုပ်ရမည်ဆိုလျှင် အထက်ပါဖော်ပြခဲ့သော အချက် (၃) ချက်ကို ယနေ့လက်ရှိ ဈေးကွက်ဖော်ဆောင်သူတွေ အနေနဲ့ ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။ တကယ်တော့ ဈေးကွက်ဖော်ဆောင်မှုကို လေ့လာမည်ဆိုရင် တစ်ရက်နဲ့ ရနိုင်ပြီး ကျွမ်းကျင်ဖို့ဆိုရင်တော့ ဘ၀တလျောက်လုံး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။


+++အားလုံး အားလုံး --- မိမိအလုပ်မှာ ထားရှိရမည့် အကောင်းဆုံးအရည်အချင်းတွေနဲ့ ပြည့်စုံကြပါစေလို့…+++




++ ၀န်ခံချက် - ဆရာ ဖီးလစ် ကိုခ်လာ၏ ဈေးကွက်ဖော်ဆောင်ခြင်း၏ စီမံခန့်ခွဲမှု စာအုပ်မှ တချို့ကို မှီညမ်းထားပါသည်။++

Friday, June 25, 2010

အပြောင်းအလဲကို လက်ခံဖို့ - Accepting Change


အထူးသဖြင့် ယနေ့ခေတ် ကျွန်တော်တို့တတွေဟာ စစ်မှန်တဲ့ ပျော်ရွှင်မှု့၊ လွတ်လပ်မှု့၊ ငြိမ်းချမ်းမှု့များကို တောင့်တ လိုလားကြသော်လည်း လက်တွေ့မှာ တကယ်ရအောင်လုပ်ဖို့ အင်မတန် ၀န်လေးနေတက်ကြပါတယ်။ ဘာ့ကြောင့်အခုလို ၀န်လေးနေကြသလဲဆိုတာကို စဉ်းစားကြည့်ရင် အဓိက အကြောင်းအရင်းတစ်ခုကတော့ ပြောင်းလဲမှု့ကို လက်ခံနိုင်တဲ့စွမ်းရည်ဟာ ကျွန်တော်တို့တတွေမှာ နည်းပါးနေတဲ့အတွက်ကြောင့်လို့ ယူဆမိပါတယ်။

တကယ်တော့ မိမိရဲ့အလုပ် ဆုံးရှုံးတဲ့အခါ စိုးရိမ်သောကရောက်ရတယ်၊ မိမိရဲ့ ချစ်သောသူ နဲ့ခွဲခွာရတဲ့အခါ ပူဆွေးငိုကြွေးကြတယ်၊ မိမိဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျကြတယ်၊ အစရှိတာတွေဟာ ကျွန်တော်တို့တစ်တွေ မလွဲမသွေ ရင်ဆိုင်ကြုံဆုံနေကြရတယ်။ အမှန်တကယ်ကတော့ အခုလို ပူဆွေး သောက စိုးရိမ် ပူပန်ရခြင်းရဲ့ အကြောင်းဟာ မိမိအလုပ်ဆုံးရှုံးခြင်း၊ ချစ်သူနဲ့ ကွာကွဲခြင်း၊ ဖြစ်ချင်တိုင်း ဖြစ်မလာခြင်းစတာတွေကြောင့်မဟုတ်ဘဲ မိမိကိုယ်တိုင်က ဖြစ်ပျက်မှုရဲ့ အပြောင်းအလဲကို လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းတွေကြောင့်သာ ဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်ရပါလိမ့်မယ်။

ကျွန်တော်တို့ဘ၀မှာ တခါတလေ ကောင်းသော အပြောင်းအလဲကိုတောင် လက်ခံပြောင်းလဲဖို့ တော်တော်လေးကြိုးစားရတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်ဖူးကြပါလိမ့်မယ်။ အဲဒီအခါကြရင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့၊ အားပေးဖို့၊ ပြင်လည်ပြင်ဆင်ဖို့၊ ပြန်လည်စုစည်းဖို့ စတဲ့အချက်အလက်တွေကို ပြုလုပ်ရပါတယ်။ အထူးသဖြင့် အဲဒီအပြောင်းအလဲဟာ မိမိဘ၀အတွက် စိတ်ချ၊ ယုံကြည်၊ ခိုင်မာသော အပြောင်းအလဲဖြစ်အောင် အဘက်ဘက်က ကြိုးစားဖို့လိုပါတယ်။

အကယ်၍ လက်မခံနိုင်ဘူးဆိုရင်တောင် ဘာကြောင့်လဲဆိုတဲ့ အခြေခံအကြောင်းကို မိမိကိုယ်တိုင် သေချာစွာ ဆန်းစစ်ဖို့ လိုပါတယ်။ အခွင့်အခါသင့်လျင် မိမိရဲ့ မိတ်ဆွေ (သို့) ပညာရှိများနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်ရယူပါက ပိုကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိရဲ့ စိတ်ဓါတ်ကသာ ပဒါနကြတယ်ဆိုတာကို မမေ့ပါနှင့်။ ကနဦး မိမိစိတ်ကို မိမိနားလည် သဘောပေါက်အောင် ကြိုးစားရမှာဖြစ်တယ်။

ဘ၀မှာ ပြောင်းလဲမှုထက် ပိုပြီး ပီပြင် သဘာဝကျသောအရာ မရှိနိုင်ပါဘူး။ “အကြောင်းတရားအားလုံးသည် သူ့အလိုလိုဖြစ်ပေါ်ပြီး သူ့အလိုလိုသာလျှင် ပျက်စီး အဆုံးသတ်ကြရသည်” ဟု ဗုဒ္ဓစာပေတွင် လေ့လာမှတ်သားဖူးသည့် အတိုင်း ကျွန်တော်တို့ ရင်ဆိုင်ရသော ကောင်းခြင်း ဆိုးခြင်း ပူဆွေးခြင်းအားလုံးတို့ဟာ သူ့ဖာသာသူ အဆုံးသတ်သွားကြတာ လက်တွေ့ကြုံဖူးပါလိမ့်မယ်။ ဥပမာအားဖြင့် မိမိကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်ခဲ့မှု့တွေ၊ စိုးရိမ်ခဲ့မှု့တွေကို ပြန်လည်စဉ်းစားကြည့်ပါ။ သေချာတာကတော့ ပြန်လည်မှတ်မိနိုင်ပြီး အဲဒီအတွေ့အကြုံတွေအားလုံး ဘယ်ကို ရောက်သွားသလဲဆိုတာ မည်သူ သိနိုင်ကြပါမလား?။ ဒါ့ကြောင့် အဓိက သတိရဖို့ကတော့ ခံစားမှုအားလုံးသည် တဒင်္ဂသာ ဖြစ်ပြီး ဘ၀ရဲ့ သဘာဝအကျဆုံးအဆင့်ဖြစ်တဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့ လက်မခံနိုင်မှုကြောင့် အဲဒီခံစားမှုတွေဟာ ဖန်တီး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း နားလည်ဖို့လိုပါတယ်။

တကယ်တော့ ကျွန်တော်တို့အတွက် အဓိက စွမ်းဆောင်ရည်ရှိဖို့ကတော့ မိမိရဲ့ အတွင်းနဲ့အပြင်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲနေသော သဘာဝကို လက်ခံပြီး ထိုမှတဆင့် တကယ်လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းမှုကို ဖန်တီးဖို့ဖြစ်ပါတယ်။ မိမိကိုယ်ကလည်း ပြောင်းလဲမှုကို ခံနိုင်ရည်ရှိပြီး အပြောင်းအလဲကို နားလည်ဖို့ ကြိုးစားနေခြင်းသည်ပင်လျှင် မိမိကိုယ်တိုင် ဒုက္ခမဖြစ်ဖို့ အပြင် မိမိပတ်ဝန်းကျင်ကိုပါ ဒုက္ခ မရောက်အောင် ဆောင်ရွက်ခြင်းသကဲ့သို့ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိကိုယ်တိုင်က အသိဥာဏ်မြင့်မားအောင်၊ ရင့်ကျက်မှုရှိအောင်အပြင် မိမိပတ်ဝန်းကျင်ကိုပါ အားကျမှုရှိအောင် ကြိုးစားဖို့လိုပါသည်။

ဒီနေရာမှာ ကျွန်တော်တစ်ယောက် ရွှေတောင်ကုန်းဆရာတော်ကြီး စင်္ကာပူမှာ တရားစခန်းဖွင့်စဉ်က ဆရာတော်ကြီး မိန့်ကြားခဲ့သော စကားကို ပြန်ပြီး ဖောက်သည်ချပါရစေ။ အဲဒီတုန်းက ညနေစောင်းအချိန်ဆိုတော့ ဆရာတော်ကြီးကလည်း အေးအေးဆေးဆေးရှိတာနဲ့ မိနစ် ၄၀ မျှကြာအောင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးကပြောတယ်။

“ဘ၀မှာ မိမိကြောင့် သူတစ်ပါးဒုက္ခမရောက်အောင်
ပြုမှု ပြောဆို ကြံတွေးရမှာ ဖြစ်သလို
သူတစ်ပါးကြောင့် မိမိမှာ
ဒုက္ခမဖြစ်အောင်လည်း ပါးနပ်ရမယ်”
ဆိုတဲ့မိန့်ကြားစကားပါဘဲ။

ဒါကြောင့် ကျွန်တော်တို့တစ်တွေဟာ ဆရာတော်ကြီး မိန့်မှာချက်နဲ့အညီ လုပ်ကိုင်ကြဖို့ တိုက်တွန်းပါတယ်။ တချို့က သူတစ်ပါးကို ဒုက္ခမပေးဘူး။ ဒါပေမဲ့ သူတပါးရဲ့ ဒုက္ခကိုတတော့ တလှေကြီး ခံကြရတယ်။ ဒါဟာလည်း မကောင်းဘူး။ နောက်တစ်ခုကတော့ မိမိကိုယ်တိုင်က သူတပါးဒုက္ခမရောက်အောင် အတပ်နိုင်ဆုံး ပြော ကြံ လုပ် ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အပြောင်းအလဲ အတွေ့အကြုံတွေလောက် ဘယ်အရာမှ သဘာဝကျကျ မဖြစ်နိုင်တာကို သိပြီးနောက်မှာ အထူးသတိထားရမှာက ဘ၀ရဲ့ ဖြစ်စဉ်ပြောင်းလဲမှုတွေတိုင်းမှာ မည်သည့်အရာကိုမှ ကြောက်ရွံ့စရာ မလိုဘူးဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်က အဲဒီ အဖြစ်အပျက် အပြောင်းအလဲတွေကို ပိုပြီး နားလည်လာမယ်ဆိုရင် အဲဒီ အကောင်း အဆိုးဆိုတာတွေရဲ့ ဖြစ်တည်ပျက်မှု (ကိုယ့်ကြောင့် သူတပါးအကျိုးပျက်မှု၊ စိတ်ဆင်းရဲမှု၊ သူတပါးကြောင့် မိမိ အကျိုးပျက်မှု) တွေရဲ့ ဇစ်မြစ်ကို သဘောပေါက်လာပါလိမ့်မယ်။ တနည်းအားဖြင့် ကိုယ်ကိုယ်တိုင်က ပြောင်းလဲမှုကို လက်မခံနိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာများကိုဆိုလိုခြင်းဖြစ်တယ်။

ဒါ့ကြောင့် ကျွန်တော်တို့အတွက် ပြောင်းလဲမှုတွေကို ရင်ဆိုင်ရတိုင်း မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ဖို့ အောက်ပါ အချက်လေးချက်ကို လေ့ကျင့်ထားဖို့တိုက်တွန်းပါတယ်။

၁) ကိုယ်တွေ့ကြုံရတဲ့ အပြောင်းအလဲကို ခုခံတိုက်ခိုက်နေရတဲ့ မိမိရဲ့ စွမ်းရည်ကို နားလည်ပါ။
၂) ပြောင်းလဲမှုဟာ ဘ၀အတွက် သဘာဝအကျဆုံးအရာဆိုတာကို အသိအမှတ်ပြုပါ။
၃) အရာရာတိုင်းဟာ ရေစီးကြောင်းကဲ့သို့ ဖြစ်တည်စီးဆင်းနေတယ်၊ တည်မြဲမှုမရှိ၊ ပြောင်းလဲမှု (ခံစားမှု) တွေဟာ တခဏသာဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပါ။
၎) တွေ့ကြုံရတဲ့ ချမ်းမြေစရာ ပြောင်းလဲမှုနဲ့ စိတ်ညစ်စရာ ပြောင်းလဲမှုများကို လက်ခံပြီး ကျေးဇူးတင်မိဖို့ ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြောင်းလဲမှုတွေကြောင့်ဘဲ မိမိရဲ့ဘ၀ဟာ တိုးတက်ခြင်းကို ဖြစ်စေလို့ပါ။

အထူးသဖြင့် လူတိုင်း လူတိုင်းဟာ မိမိဘ၀ကို သက်တောင့်သက်သာနဲ့ အပြောင်းအလဲကို ရင်ဆိုင်ဖို့ တာဝန်အပြည့်ရှိပါတယ်ဆိုတာကို ယုံကြည်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

++ မည်သူ့ကြောင့်မျှ မိမိကိုယ်ကို စိတ်ဓါတ်မကျပါစေနဲ့။
++ မည်သူမျှ မိမိကို မခြိမ်းခြောက်နိုင်ပါ။
++ အရာရာတိုင်းဟာ ပြောင်းလဲနေတယ်။
++ ခံနိုင်ရည်ရှိမှုဟာ ပန်းတိုင်သို့ ရောက်နိုင်တယ်။

( ၀န်ခံချက်---- အိုင်ယာလန်စာရေးဆရာ မစ်ခ်ကွမ် ရေးသားသော စွမ်းရည်နှင့် အလှတရား စာအုပ်မှ ကောက်နုတ်ချက်တချို့ကို မှီညမ်းထားပါသည်။)

Friday, June 18, 2010

သုံးမှာလား၊ ဖြုန်းမှာလား - Use It or Lose It


မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ကို ဘယ်တော့မှာ သံချေးမတက်စေပါနဲ့။ အထူးသဖြင့် သွက်လက်ဖြတ်လတ်အောင် နေ့စဉ်လေ့ကျင့်ပါ။

မကြခဏဆိုသလို မေးမိသော မေးခွန်း။

“ခင်ဗျား မေ့တက်လား” လို့ မေးရင် အများစုကတော့
“ဟုတ်တယ်ဗျ မေ့တတ်တယ်” လို့ လွယ်လွယ်ကူကူ ပြန်ဖြေတတ်ကြတယ်။

အဲဒီအခါကျရင် နောက်မေးခွန်းက -
“ဟုတ်လား၊ ဒါဆိုရင် ခင်ဗျားဆီက ပိုက်ဆံ တစ်သိန်းချေးသွားတဲ့သူကိုရော ခင်ဗျားမေ့တတ်လား” ဆိုတော့

“ခင်ဗျားကလည်း ပေါက်ကရလေးဆယ်၊ အဲဒါကိုတော့ ဘယ်လိုလုပ်ပြီး မေ့လို့ရမှာလဲဗျ၊ ဒီလောက် ထင်ထင်ရှားရှားကြီးကို” လို့ ပြန်ဖြေကြတယ်။

အဲ့ဒီတော့ ဘာဖြစ်လို့ ဒါကျတော့ မမေ့တာလဲဆိုတော့ အများစုကပြောကြတယ်။ အဲဒီလိုကိစ္စမျိုးကျတော လွယ်လွယ်ကူကူ မေ့ပျောက်လို့ ဘယ်ရမလဲတဲ့။

တကယ်တော့ မေ့တတ်တယ်၊ သတိကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာဖြစ်တာလဲဆိုတော့ အလေ့အကျင့် မလုပ်ပေးလို့ဘဲ။ ပုံမှန်အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် မှတ်ဥာဏ်ဆိုတာ အင်မတန်မှ ကောင်းလာပါလိမ့်မယ်။ အဓိကပြဿနာက မှတ်ဥာဏ်စွမ်းရည်ကို နေ့ချင်းညချင်း ကောင်းအောင်လုပ်ချင်တဲ့ အများစုရဲ့ မျော်လင့်ချက်ကြောင့်ဘဲ။ မိမိမှတ်ဥာဏ်ကို သေချာလေ့ကျင့်ပြီး သိချင်သောအရာကို မှတ်ထား၊ ပြီးရင် အသုံးချတဲ့အခါ ပြန်ခေါ်စဉ်းစားကြည့်ပါ။ မှတ်မိတာကို တွေ့ရလိမ့်မယ်။

ကျွန်တော့်တွေ့ဖူးတဲ့ အသက် ၇၅နှစ်ရှိ မစ္စတာယိုး ဆိုရင် အခုအချိန်အထိ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ဦးစီးပြီး အလုပ်လုပ်နေတုန်း။ လုပ်သမျှကိစ္စတိုင်း ချက်ကျကျ စနစ်တကျ လုပ်တတ်တဲ့သူ။ အသက်ကြီးပေမဲ့ မှတ်ဥာဏ်ကောင်းတဲ့သူ၊ သူ့ပစ္စည်းဈေးနှုန်း တွက်ချက်မှုတိုင်းကို လက်မတင် ဈေးတွက်ပေးနိုင်သူမျိုး။ ဒါ့ကြောင့် မှတ်ဥာဏ်သည် အသက်ကြီးသည် ငယ်သည်နှင့်မဆိုင်ပါ။ အသက်ကြီးခြင်းသည် လေ့ကျင့်ထားသော မှတ်ဥာဏ်ကို မဖျက်ဆီးနိုင်ပါ။

ဥပမာအနေနဲ့ဆိုရင် - အသုံးမပြုတဲ့ ဓါးလိုပါဘဲ - ပုံမှန်လှီးဖြတ်တဲ့အလုပ်ကို အဲဒီဓားက ဟန်ကျကျ လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီဓားကို ပြန်ပြီး ထက်အောင်သွေးမယ်ဆိုရင်တော့ ပြန်လည် အသွားထက် လှီးဖြတ်နိုင်မှာဖြစ်တယ်။ အဲဒီလိုနဲ့ အနေကြာပြန်ရင်လည်း ဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက် ပြန်လည် သွေးရဦးရပါအုံးမယ်။ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း အဲဒီအတိုင်းဘဲ အလုပ်လုပ်ပါတယ်။ အချိန်နဲ့အမျှ မိမိတို့ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အသွားထက်အောင် သွေးနေရမှာဖြစ်တယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုသလို မိမိတို့ရဲ့ မှတ်ဥာဏ်ကိုလည်း အခုဖော်ပြမဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဖို့ ဖော်ပြလိုက်ပါတယ်။

၁) ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။

အများစု မေ့တတ်တဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အကြောင်းအရာ ကိစ္စတစ်ရပ်အား ကြည်ရှုစစ်ဆေးတတ်တဲ့ စွမ်းရည်ကို တိုးတက်အောင် မလုပ်ခြင်းကြောင့်ဘဲ။ ရေးလက်စဘောပင်ကို မူလနေရာပြန်မထားဘဲ ပြီးတဲ့နေရာထားခဲ့၊ နောက် ရေးမယ်လုပ်တော့ ရှာလို့မတွေ့လို စိတ်ပျက်ခဲ့ရမှုတွေ။ မိမိဘောင်းဘီအိတ်၊ အင်္ကျီအိတ်ထဲ ထည့်ထားပြီး ပျောက်သွားတဲ့ဘောပင်ကို ရှာနေတာတွေဟာ တကယ်တော့ ပျာယာခတ်နေတဲ့ စိတ်ကို ဒီအတိုင်းလွတ်ထားပြီး အလုပ်လုပ်နေတဲ့အတွက်ကြောင့်ဘဲ။

နောက်ပြီး များသောအားဖြင့် အသိမိတ်ဆွေအသစ်တွေ့လို့ နှုတ်ဆက်ရင် နံမည်ကို အရင်ပြောပြပြီး ဘယ်မှာလုပ်တယ် စသဖြင့် ပြောပြီး မိတ်ဆက်တတ်ကြတယ်။ အကယ်၍ မိမိက သေသေချာချာ မကြားလိုက်ဘူးဆိုရင် ပြန်ပြီး နောက်တစ်ခေါက် နံမည်ထပ်ပြောဖို့ ၀န်မလေးပါနဲ့။ ဒါမှ မှတ်မိမှာကို။ တကယ်လို့ တပါးသူက နံမည်ကပ်ပြားကို ပေးမယ်ဆိုရင်လည်း နံမည်၊အလုပ်အကိုင်ကို သက်ဆိုင်ရာတစ်ခုခုနဲ့ တွဲမှတ်ဖို့ ကြိုးစားပါ။ ဥပမာ - အဲဒီလူနံမည်က မအေးအေးသန်း အလုပ်လုပ်တာက ရွေဝါ၀ါ ကုမ္ပဏီမှာဆိုရင် - မိမိစိတ်ထဲက မှတ်လို့လွယ်အောင် “ရွှေဝါဆပ်ပြာနဲ့ဆိုရင် အသားအရည်ဟာ အေးမြသန့်ရှင်းလိမ့်မယ်” စသည်ဖြင့်ပေါ့ဗျာ။ အတပ်နိုင်ဆုံး မိမိသန်ရာ ၀ါသနာပါရာနဲ့ မှတ်ပါ။ ကျွန်တော် အတွေ့အကြုံအရဆိုရင် အခုလို မှတ်နည်းဟာ အင်မတန်မှကို အကျိုးများပါတယ်။ ကျွန်တော့်ဖောက်သည်တွေရဲ့ နာမည် အလုပ်ဌာနတွေဆိုရင် ရှုပ်မှရှုပ်၊ တချို့က ကုလားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က မလေးရှားလူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ၊ တချို့က တရုတ်လူမျိုး အလုပ်လုပ်တာက တရုတ်ဆီမှာ ဒါပေမဲ့ သူ့နံမည်က အနောက်တိုင်းနံမည်.. အို စုံနေတာဘဲ။ ခေါ်လို့ အခက်ဆုံးက တရုတ်နံမည်တွေဘဲ။

၂) စိတ်အာရုံစူးစိုက်မှုကို မြှင့်တင်ပါ။




ဒါဟာလည်း မှတ်ဥာဏ်တိုးတက်ရေးမှာ အင်မတန်မှကို အရေးကြီးပါတယ်။ အဲဒီအတွက် ပုံမှန်လေ့ကျင့်ဖို့လိုတယ်။ စိတ်အာရုံစူးစိုက်မှုပိုမိုကောင်းမွန်လာပြီဆိုတာနဲအမျှ မိမိတို့ရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာလည်း လည်ပတ်နှုန်းပိုမိုအားကောင်းလာပြီး မှတ်ထားတဲ့ကိစ္စကို အလွယ်တကူ ပြန်လည် ဖော်နိုင်ပါတယ်။ အခွင့်သင့်လို့ မိမိကြိုက်တဲ့ သီချင်း (သို့) မှတ်စုတစ်ချို့ရဲ့ စာသားများကို အလွတ်ကျက်ပြီး ပြန်လည် ဆိုကြည့်တဲ့လေ့ကျင့်ခန်းမျိုးကိုလုပ်ကြည့်ပါ။ ဤကဲ့သို့ အင်တိုက်အားတိုက် ကျက်မှတ်လိုက်တဲ့အခါ မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ပုံမှန်ထက် ပိုပြီး အားစိုက်လုပ်ကိုင်ရတဲ့အတွက် သာမန်မှတ်သားမှုမျိုးမဟုတ်ဘဲ သေသေချာချာ မှတ်သားခြင်းမျိုးဖြစ်သွားတယ်။ အဲ့ဒီအတွက်ကြောင့် နောက်နောင်ပြန်လည်ပြီး တွေးခေါ်ကြည့်လျှင် ဖော်ပြနိုင်တယ်ဆိုတာ လက်တွေ့ပါဘဲ။


၃) အသစ်အဆန်းတစ်ခုခုကို ပုံမှန်လေ့လာပါ။



မိမိကိုယ်တိုင်က နေ့စဉ် ပုံမှန် အသစ်အဆန်းကို လေ့လာမှတ်သားနေမယ်ဆိုရင် မိမိရဲ့ မှတ်ဥာဏ် ဦးနှောက်ဟာလည်း ပိုပြီး တက်ကြွလန်းဆန်းနေပြီး မိမိကိုယ်တိုင်လည်း ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။ အလွယ်ကူဆုံးကတော့ အဘိဓါန်ထဲက စာသားများကို နေ့စဉ် တစ်လုံး (သို့) နှစ်လုံး အာဂုံဆောင်ပြီး စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် အသုံးချတတ်အောင် ကြိုးစားပါ။ အကယ်၍ အင်တာနက်ရှိတဲ့ နေရာမျိုးမှာ နေရင်တော့ မိမိစိတ်ဝင်စားရာ၊ အထူးသဖြင့် မိမိမသိသေးတဲ့ အကြောင်းအရာကို အင်တာနက်စာမျက်နှာတွေကတဆင့် လေ့လာပါ။


အထက်ပါဖော်ပြချက်တွေကို လုပ်သွားမယ်ဆိုရင် ဗေဒင်မေးစရာမလို မိမိရဲ့ မှတ်ဥာဏ်ဦးနှောက်ဟာ ဆက်စပ် ဖွံ့ဖြိုးမှုအားကောင်းလာမှဖြစ်ပြီး အကြောင်းအရာအချက်အလက်များကို မှတ်သားတဲ့အခါမှာလည်း ပိုပြီး ထက်မြက်စူးရှလာမှာဖြစ်ပါတယ်။




Saturday, May 1, 2010

စည်းကမ်းရှိပါ - Be Discipline


ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျောင်းသင်ခန်းစာထဲမှာ “စည်းကမ်းသည် လူ၏ တန်ဖိုး”၊ “စည်းကမ်းရှိမှ တိုးတက်မည်” စသည်ဖြင့် လေ့လာကျက်မှတ်ခဲ့ရတာကို အားလုံးသိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီတုန်းက လေ့လာမှတ်သားဖူးတဲ့အတိုင်းရော ကျွန်တော်တို့ ကျင့်သုံးကြပါသလားလို့ အချိန်ရရင် ကိုယ့်ကိုယ်ကို မေးကြည့်မယ်ဆိုရင်တော့ ရာခိုင်းနှုန်းများများဟာ မလုပ်ကြတာကို တွေ့ရပါလိမ့်မယ်။

စည်းကမ်းသည် လူ၏တန်ဖိုးကိုတက်စေသည်။ ငွေကြေးရှိခြင်း၊ မရှိခြင်း၊ ရာထူးရှိခြင်း၊မရှိခြင်းတို့နဲ့မဆိုင်။ အခြေအနေတိုင်းနဲ့မဆိုင်။ မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည်။ တစ်ဦးချင်းကစ၊ လူပေါင်းများစွာတိုင်ရင် စည်းကမ်းရှိသော မိသားစု၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ဖြစ်မှာ မသွေပင်။ တချို့ကပြောတယ် .. မရှိ ခိုးနိုးတဲ့.. အဲဒီအဆိုကို ကျွန်တော်လက်မခံနိုင်ပါ။ မရှိရင် ရှိအောင်လုပ်လို့ရတယ်။ အဲဒီလိုရှိအောင် စည်းကမ်းနဲ့ စရမှာဖြစ်တယ်။ ဘာစည်းကမ်းလဲဆိုရင် အရင်စရမှာက ရှိတာနဲ့ ရောင့်ရဲတင်းတိမ်ပါ ဆိုတာဘဲ။ ဒီနေရာမှာ လူပျင်းတို့ရဲ့ ရောင့်ရဲခြင်းကို မဆိုလိုပါ။ မိမိနဲ့ မတန်သေးတာကို ရအောင်မလုပ်နဲ့။ မိမိလက်ရှိအခြေအနေကို သိအောင်လုပ်ပါ။ ပြီးတော့မှ တဆင့်မြင့်အောင် စနစ်တကျ လှမ်းပါ။ ဖြစ်ချင်တာတွေကို သိပ်ပြီး ဦးစားမပေးပါနဲ့။ လက်ရှိ အခြေအနေမှာ မိမိဘ၀အတွက် ဖြစ်သင့်တာထဲကမှ မိမိဖြစ်နိုင်တာကို အရင် အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာဖြစ်တယ်။ ဒါဆိုရင် မိမိသည် အရှိကို အရှိအတိုင်းသိပြီး မိမိမျှော်မှန်းရာ ပန်းတိုင်းကို စနစ်တကျ စည်းကမ်းရှိရှိ လှမ်းနေပြီလို့ ပြောနိုင်ပြီ။

ကျွန်တော်တို့ မြန်မာလူမျိုးအများစု အခက်အခဲက တစ်စိတ်ကို တစ်အိပ်လုပ်ချင်တဲ့ လက်တွေ့မဆန်သော စိတ်ကူးယဉ်သက်သက်တွေနဲ့ စည်းမရှိ ကမ်းမရှိ ဖြစ်ချင်ကြတဲ့အတွက် ဒုက္ခတွေ ပင်လယ်ဝေနေကြတာဘဲ။ ဒါ့အပြင် မရောင်ရာ ဆီလူးတတ်တဲ့အတွက် ဗေဒင်ဆရာ၊ သိုက်ဆရာ တွေရဲ့ တွင်းထဲ နှစ်မွန်းရတာဘဲ။ နိုင်ငံခြားသွားချင်တဲ့သူကလည်း မိမိကိုယ်တိုင်အားထုတ်ဖို့ မကြိုးစား၊ ဒင်းတို့လက်ထဲ ၀ါးကွက်အပ်တယ်။ စာမေးပွဲအောင်ချင်သူ၊ ရာထူးတက်ချင်သူကလည်း စနစ်တကျ စည်းကမ်းရှိရှိ မကြိုးစားဘဲ အင်း၊ ယတြာတို့ ဘာတို့ကို ချဉ်းကပ်တယ်။ ပြီးတော့ ကိုယ်ကောင်းဖို့အတွက် သူများကို ဒုက္ခရောက်အောင် ချောက်တွန်းတတ်ကြတယ်။ ဒါတွေဟာ တကယ်တော့ မိမိအပြင် မိမိနဲ့ထိတွေဆက်စပ်နေတဲ့ သူတွေကိုပါ ပင်ပန်းစေနိုင်တယ်ဆိုတာကို နားလည်ဖို့ကောင်းပါပြီ။ ယနေ့ခေတ်မှာ စည်းနဲ့ကမ်းနဲ့ စတင်ကြဖို့ လိုပါပြီ။

မိမိကိုယ်တိုင်တင်မက သူတပါးဆီကလည်း အတုယူဖို့ လိုအပ်ပါတယ်။ ကောင်းမွန်သော အရာဆိုရင် အတုယူသင့်ပါပြီ။ ကျွန်တော်တို့ငယ်ငယ်တုန်းက မိဘ ဘိုးဘွားတွေဆုံးမသလိုဆိုတဲ့အတိုင်း … ဘယ်ရောက်ရောက် ..သွား စည်းကမ်း၊ စား စည်းကမ်း၊ နေ စည်းကမ်း လို့ ပြောရမလိုတောင် ဖြစ်နေပါပြီ။

စည်းကမ်းစနစ်တကျရှိပြီးသားသူများအတွက် ဘယ်နေရာရောက်ရောက် အထူးတလည် စည်းကမ်းလိုက်နာစရာမလိုပါ။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က စည်းကမ်းရှိနေပြီဖြစ်လို့ဘဲ။ ဥပမာ .. ဆေးလိပ်မသောက်ရဆိုတဲ့နေရာမှာ ဆေးလိပ်သောက်မိလျှင် ဒဏ်ငွေ၊ ဒါပေမဲ့ သူကိုယ်တိုင်က ဆေးလိပ်မသောက်တက်ဖူးဆိုရင် အဲဒီစည်းကမ်းကို လိုက်နာစရာမလို။

ဒီနေရာမှာ ကျွန်တော်တို့ အများစုဟာ ရှောင်ရန်ကျင့်ဝတ်များကို လိုက်နာတက်ကြပြီး ဆောင်ရန်ကျင့်ဝတ်များ ကိုတော့ လိုက်နာဖို့ အင်မတန်မှ ၀န်လေးကြတယ်။ ဥပမာ - သူများအသက်မသတ်ဖို့ ကျင့်ဝတ်ကို လိုက်နာကြတယ်။ ဒါပေမဲ့ ဆောင်ရန်ကျင့်ဝတ်တွေဖြစ်တဲ့ မိမိအ၀တ်အစားတွေ ၀တ်ပြီးရင် လျော်ဖွတ်ဖို့၊ အိပ်ယာသိမ်းဖို့၊ ယဉ်ကျေးစွာ ပြုမှုဆက်ဆံဖို့ စတာတွေကျတော့ အင်တိုက်အားတိုက် မလိုက်နာနိုင်ကြပါ။ ဒါကြောင့်လည်း တိုးတက်သင့်သလောက် မတိုးတက်ကြတာဟာ ဗေဒင်မေးစရာ မလိုပါဘူး။

ဒါကြောင့် ဒီပို့စ်မှာ အထူးသဖြင့် ဆောင်ရန်ကျင့်ဝတ်များကို လိုက်နာကြဖို့ အထူးတိုက်တွန်းရင်း နဲ့ အားကျဖွယ် အတုယူဖွယ် စင်္ကာပူက စည်းကမ်းတချို့ကို ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။



Monday, November 30, 2009

မပြတ်လေ့လာ ဆည်းပူးပါ - Lifelong Learning

ကျေးဇူးတော်ရှင် ယောဆရာတော်ကြီး ရေးသားတဲ့ အထက်က လင်္ကာကို ကျွန်တော် ၈ တန်းကျောင်းသား ဘ၀ကတည်းက အလွတ်ကျက်ခဲ့တာ၊ အခုအချိန်ထိ မမေ့သေးဘူး။ မှတ်ဥာဏ်ကောင်းလို့တော့ မဟုတ်ဘူး၊ နှလုံးသားထဲမှာ စွဲနေလို့ဗျ။ ငယ်ငယ်တုန်းကတော့ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကလေးပီပီ သင်ပေးတာတွေ ကျက်ခဲ့ရတဲ့ဘ၀။ စာပြန်လို့ အလွတ်မရရင် ဆရာက ကြေးစည်ဘု နဲ့ နဖူးထိပ်ကို ထုလိုက်တာများ တရုတ်ကားထဲက မိုးကြိုးသွားပမာ ခံစားရတာ ပြောမနေနဲ့တော့ အရပ်ကတို့ရေ။

အခုအချိန်ကျတော့မှ သြော် ဒီစာပိုဒ်လေးဟာ တော်တော်ကို တန်ဖိုးရှိပါလားဆိုတာ သိလာတာ။ ဒီစာပိုဒ်ရဲ့ အဓိပ္ပါယ်ကို အထူးလင်းစရာ မလိုပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပညာမရှိ၊ နည်းပါးတဲ့ ယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုကဲ့သို့ လည်းကောင်း၊ ယုံကြည်မှုမရှိ၊ နည်းပါးတဲ့ ပညာဟာလည်း မြေခွေးတစ်ကောင်ကဲ့သို့ လည်းကောင်း ဥပမာအလား ဆင်တူသည်။ ဒါကြောင့် ယုံကြည်ခိုင်မာတဲ့ ပညာသာလျှင် မိမိဘ၀အတွက်ရော မိမိပတ်ဝန်းကျင်မက ကမ္ဘာလောကကြီးအတွက်ပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အဲဒီ ပညာ လို့ခေါ်တဲ့ သင်ယူမှု၊ သင်ကြားမှု လေ့လာမှုအကြောင်းတွေကို ကျွန်တော့် မတောက်တခေါက် အသိဥာဏ်နဲ့ တင်ပြချင်ပါတယ်။

ဘာ့ကြောင် သင်ယူလေ့လာနေရတာလဲ။




အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ဘ၀အပေါ်မှာ ပိုပြီး နားလည်လာသည်နှင့်အမျှ ဘ၀ကို ပိုပြီး နှစ်ထောင်းအားရ ကျေနပ်ကြတယ်။ အကယ်၍များ ကျွန်တော်တို့ဟာ အသိတရားတို့၊ နားလည်မှုတို့ မရှိဘူးဆိုရင် ကျွန်တော်တို့ဘ၀ဟာ ကျောက်တုံးပမာကဲ့သို့လည်းကောင်း အသက်ရှိပြီး ရှင်သန်မှုမရှိသကဲ့သို့ ဖြစ်နေပါလိမ့်မယ်။ သင်ယူဆည်းပူးခြင်းဟာ ကျွန်တော်တို့ဘ၀အတွက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသလို ပိုပြီးလည်း အဓိပ္ပါယ် ရှိပါတယ်။ ဘ၀ဟာ တည်မြဲမှုမရှိ အမြဲတမ်းပြောင်းလဲနေသည့်အလျောက် ကျွန်တော်တို့တတွေလည်း ပြောင်းလဲမှုနဲ့အညီ သင်ယူလေ့လာနေဖို့၊ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိအောင် ပြုလုပ်သင့်ပါတယ်။ တကယ်တော့ သင်ယူလေ့လာခြင်းဟာ မိမိအတွက်တင်မကဘဲ ပတ်ဝန်းကျင်အတွက်၊ သူတပါးအတွက်ပါ သဟဇာတဖြစ်စေပါတယ်။


ကြားဖူးခဲ့သော စကားပုံအတိုင်းဆိုရင် စဉ်ဆက်မပြတ် သင်ယူလေ့လာနေသူတိုင်းဟာ အမြဲတမ်း နုပျိုနေတယ်လို့ ဆိုတဲ့အတိုင်းပါဘဲဗျာ။ အကယ်၍များ ကျွန်တော်တို့တတွေဟာ မိမိ စိတ်နှစ်သက်ရာပေါ်မှာ အမြဲတမ်းလေ့လာ သင်ယူနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရောဂါများမှလည်း ကင်းဝေးစေနိုင်တယ်လို့ မှတ်သားဖူးပါတယ်။ ဥပမာ - မိမိနှစ်သက်ရာ စာပေ၊ ကဗျာ၊ ဂီတ၊ အနုပညာ၊ ဘာသာစကား ကွန်ပျူတာ အစရှိသဖြင့်ပေါ့။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အစဉ်ရှင်သန်နေဖို့အတွက် တကယ်တော့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းများကဲ့သို့ ပုံမှန်လေ့ကျင်ခန်းလို့ခေါ်တဲ့ သင်ယူလေ့လာမှုလုပ်ဖို့ လိုအပ်ပါတယ်။ ရှေးစကားအရ .. အသုံးပြုဖို့လား - ဆုံးရှုံးဖို့လား ဆိုတဲ့အတိုင်း မိမိကိုယ်ကို မိမိ သေချာစွာ စီစစ်ဖို့လိုပါတယ်။


ဘာတွေကို ဘယ်ကနေ ဘယ်လို လေ့လာသင့်သလဲ။



တကယ်တော့ ကျွန်တော်တို့တတွေ ဘာကိုဘဲစိတ်ဝင်စားစား၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုချင်း မတူညီနိုင်ပါ။ ဘယ်လိုမှလည်း တူညီဖို့ရာ မဖြစ်နိုင်ပါ။ တခြားသူသိတာကို မိမိသိချင်မှသိမယ်။ မိမိသိနေတာကို တခြားသူက သိချင်မှသိမယ်။ ဒါဆိုရင် မိမိနဲ့ အဲဒီတခြားသူတို့ အသိချင်း ဖလှယ်ကြရင် ပိုမကောင်းဘူးလား။ ဒါတွေးတောစရာ။ ပိုရော အကျိုးမရှိနိုင်ဘူးလား။ သင်ယူလေ့လာခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အသိပညာ ကြွယ်ဝဖို့ထက် ပိုပြီးအခြား မရှိနိုင်ပါဘူး။ အသိပညာ၊ အသိတရားဟာ နားလည်မှုကို ဦးတည်စေတဲ့အပြင် စာနာခြင်း၊ နှစ်ထောင်းအားရခြင်း၊ ချစ်ခင်နှစ်သက်ခြင်းတို့ကို ဖြစ်စေတယ်။


ဒါ့ကြောင့် ကျွန်တော်တို့တတွေဟာ မိမိဘ၀အကြောင်းကို ပိုမိုလေ့လာမိလျှင် မိမိတို့ဘ၀အပေါ် ချစ်ခင်မြတ်နိုးမှု ကိုလည်း ပိုမို မွေးဖွားနိုင်မှာဖြစ်တယ်။ အဲဒီ့ ဘ၀အပေါ်မှာ ချင်ခင်မြတ်နိုးမှုသည်ပင်လျှင် ငြိမ်းချမ်းမှုဖြစ်တယ်ဆိုတာကို နားလည်ရမှာ ဖြစ်တယ်။


ဒါဆိုရင် ဘာကြောင့်သင်ယူလေ့လာနေတာလဲ၊ ဘာတွေကိုလေ့လာမလဲဆိုတဲ့ မေးခွန်းကို ဖြေပြီးလောက်ပြီဟု ကျွန်တော် ထင်ပါတယ်။ ဆက်ပြီး ကျွန်တော်တို့ စဉ်းစားရမှာက ဘယ်လိုပုံနဲ့ လေ့လာဆည်းပူး မလဲဆိုတဲ့အချက်ဘဲ။ ဒီအထဲမှာ ကျွန်တော်နားလည်ထားတဲ့ ပုံစံနဲ့ ဖြေပါရစေ။ တခြားလုပ်စရာလေးတွေ ရှိနေတာမို့ အကျဉ်းချုံးခွင့်ပြုပါ။


၁) မိမိအတွေ့အကြုံကနေ လေ့လာဆည်းပူးပါ။
၂) မိမိအခက်အခဲတွေကနေ လေ့လာဆည်းပူးပါ။
၃) မိမိအမှားများကနေ လေ့လာဆည်းပူးပါ။
၎) မေးခွန်းများ မေးရင်းကနေ လေ့လာဆည်းပူးပါ။
၅) သူတပါးဆီကနေ လေ့လာဆည်းပူးပါ။
၆) သင်ကြားပေးမှုကနေ လေ့လာဆည်းပူးပါ။
၇) မိမိစိတ်ကို ဘယ်လိုပြောင်းမလဲဆိုတာကနေ လေ့လာဆည်းပူးပါ။
၈) အမှန်တရားကို ရှာဖွေရင်းကနေ လေ့လာဆည်းပူးပါ။



မိမိသင်ယူဆည်းပူးပြီးလျှင် ဘယ်တော့မှ မကြွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်ယူ ဆည်းပူးမှုဟာ ဘယ်တော့မှ ကုန်ဆုံးနိုင်မှာ မဟုတ်လို့ပါ။ အဲ့ဒါအပြင် မိမိသိတယ်ဆိုတာ အခြားသူ မြောက်များစွာနှင့် ယှဉ်လျှင် နွားခြေရာခွက် ရေအိုင်ထဲက ဖားသူငယ်ပမာ အလားတူပါတယ်။


နိဂုံးချုပ်အနေနဲ့ ဒီစာကြောင်းလေးကြောင်းနဲ့ အဆုံးသတ်ပါရစေ။


သူ့ကို ရှောင်ပါ - ဘာမှ မသိတဲသူ၊ ဒါကိုလည်း သူကိုယ်တိုင်က မသိဘူး။
သူ့ကို သင်ပေးပါ - ဘာမှ မသိတဲသူ၊ ဒါပေမဲ့ သူကိုယ်တိုင် မသိဘူးဆိုတာကို သိတယ်။
သူ့ကို တိုက်တွန်းပါ - သိတော့သိတယ်၊ သူကိုယ်တိုင်ကတော့ မသိရှာဘူး။
သူ့နောက်က လိုက်ပါ - သိတယ်၊ သူ့ကိုယ်သူလည်း သိတယ်။


+++ ဆွေးနွေးစရာများရှိပါက ပြောချင်ရာပြော ခွက်ထဲမှာ ရိုက်လိုက်ပါ။ +++

Monday, July 20, 2009

အကောင်းမြင်ပါစေ - Positive Mindset

ထုံးစံအတိုင်း ဒီပို့စ်ကို ရေးမယ်လို့ဟန်ပြင်ပြီး စဉ်းစားလိုက်တော့ အလုပ်တူသူငယ်ချင်း စင်္ကာပူနိုင်ငံသား တစ်ယောက်က ဒီနေ့ပြောလိုက်တဲ့စကားကို သွားသတိရမိပြီး အကောင်းမြင်နိုင်တဲ့ စိတ်ဓါတ်အကြောင်းကို ရေးဖို့ ဦးတည်လိုက်ပါတယ်။


တကယ်တော့ ကျွန်တော်တို့က ပါးစပ်ကသာ ရွှန်းရွှန်းဝေအောင် ဘယ်လိုဘဲပြောပြော ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကိုက အကောင်းမြင်တဲ့ အကျင့်ရဖို့လိုပါတယ်။ မြင် တွေ ကြားသမျှ အရာရာတိုင်းကိုတော့ အကောင်းမြင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဟာလည်း လူတစ်ဦးနဲ့တစ်ဦးရဲ့ အတွေ့အကြုံ၊ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်၊ ရင့်ကျက်မှုအသိဥာဏ်တွေပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်။ လူတချို့ကပြောတယ်၊ အကောင်းမြင်စိတ်ဆိုတာ မွေးရာပါတဲ့၊ ကျွန်တော်ကတော့ ဒီ အဆိုကို လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်မှာ အကောင်းမြင်နိုင်ခြင်းဆိုတဲ့ စိတ်ဟာ ဒီလူရဲ့ ကြူံတွေ့ရတဲ့ အချိန်ကာလပြောင်းလဲသွားတာနှင့်အမျှ၊ အသက်အပိုင်းအခြားရွေလျားသွားတာနဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲနိုင်လို့ပါဘဲ။ ဒါ့အပြင် အဲဒီစိတ်ကို ကျွန်တော်တို့အနေနဲ့ လေ့ကျင်ယူလို့ရတယ်။

ဘယ်လိုဘဲ မကောင်းတဲ့စိတ်အခြေခံလူတစ်ယောက်ဘဲဖြစ်ပါစေ၊ ဤသူကိုယ်တိုင် ကောင်းတဲ့စိတ်အခြေခံရှိအောင် လေ့ကျင့်ပြုစု ပျိုးထောင်သွားမည်ဆိုရင် ဒီလူဟာ ပိုပြီးကောင်းလာနိုင်ပါတယ်။ ကျွန်တော့်အတွေအကြုံအရဆိုရင် အခုလိုနည်းနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။

စာစကားနဲ့ပြောရင် တရားအားထုတ်တယ်လို့ပြောတယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ ကိုယ့်စိတ်ကို သိအောင် လေ့ကျင့်ခြင်းလို့ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလေ့ကျင့်ခြင်းဟာ လူမျိုး ဘာသာမရွေး အကုန်အကျ မရှိဘဲ လုပ်နိုင်ပါတယ်။ စကားလုံးကြီးသွားရင် လက်တွေ့လုပ်တဲ့အခါမှာ ဟိတ်ကြီးဟန်ကြီးတွေ လုပ်နေမိတဲ့အတွက်ကြောင့် ရိုးရိုးရှင်းရှင်းဘဲ ပြောကြတာကောင်းပါတယ်။ စကားပုံအတိုင်းဆိုရင် “ရိုးရှင်းခြင်းဟာ အကောင်းဆုံးပါဘဲ” ဆိုတဲ့အတိုင်းပေါ့။

ကနဦးမှာ အချိန်တွေအများကြီးမယူနိုင်ဘူးဆိုရင်လည်းရတယ်။ ဒါပေမဲ့ ဒီလေ့ကျင့်ခြင်းကိုတော့ အဆက်မပြတ် လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ - အိပ်ယာမ၀င်ခင် ခြေလက် သုတ်သင်ပြီးပြီ ဆိုရင် ထိုင်နေရင်း ဒါမှမဟုတ် အိပ်လျက် လဲလျောင်းနေရင်း မိမိရဲ့ ၀င်လေ ထွက်လေကို နှာသီးဝမှာ တိုးထိသွားတာကို သတိဖြင့် ကြည့်ကြည့်ပါ။ ဒီနေရာမှာ ဖားအောက် ဆရာတော်ကြီးကတော့ ကြည့်ရလွယ်အောင်လို့ ကိန်းဂဏန်းဖြင့် မှတ်ဖို့ တိုက်တွန်းညွှန်ကြားထားတဲ့အတိုင်း လုပ်ချင်ရင်လည်း ရပါတယ်။ ဆိုလိုတာက မိမိနှာသီးဝကို ၀င်ထိတဲ့လေ တစ်ခါနဲ့ နှာသီးဝက တိုးထွက်တဲ့တစ်ခါပြီးတိုင်း စိတ်ထဲက (၁) လို့ မှတ်ရမယ်။ ဒီလိုနဲ့ (၈) ကြိမ်မြောက်တဲ့အထိ မှတ်သွား၊ ရောက်ရင် (၁)ကပြန်စပေါ့။ ဒီလိုနဲ့ ကြိုးစားပြီး အနည်းဆုံး ၁၀ မိနစ်လောက်စီ ညတိုင်းလုပ်သွားကြည့်ပါ။ ဒီနည်းအတိုင်း မနက်အိပ်ယာထတဲ့အခါလည်း အိပ်ယာက မထမှီ ၁၀ မိနစ်လောက် ကြိုးစားပြီး လုပ်ကြည့်ပါ။ ၁ လလောက်နည်းပါးကြာလာရင် မိမိကိုယ်မိမိ တဖြည်းဖြည်းပြောင်းလဲလာတာကို သိလာနိုင်ပါတယ်။

ထိုနည်းအတိုင်း နေ့စဉ် လုပ်ငန်းတွေမှာလည်း အသုံးချလို့ရပါတယ်။ ဥပမာ - ကိုယ့်စိတ်က ဒေါသထွက်နေတယ်ဆိုရင်လည်း အဲဒီဒေါသကို အတပ်နိုင်ဆုံးပျောက်ဖို့အတွက် ၀င်လေထွက်လေကို အထက်ပါနည်းအတိုင်း စမ်းလုပ်ကြည့်ပါ။ စိတ်တည်ငြိမ်မှုကို ရလာပါလိမ့်မယ်။ အဲဒီကြတော့မှ ပြောသင့် ပြောထိုက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်ပါ။ ထူးခြားမှုကို မုချခံစားရပါလိမ့်မည်။ ဒီနည်းကို ဘယ်နေရာ ဘယ်အချိန်မှာမဆို လုပ်လို့ရပါတယ်။ ကျွန်တော်ဆို စာမေးပွဲခန်းမှာ မဖြေခင်၊ တခါတလေ ကားစီး၊ ရထားစီးတဲ့အခါ လုပ်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ကို တည်ငြိမ်မှုရအောင်လို့ပါ။ ဒါမှ စိတ်ဟာ ပိုပြီး အစွမ်းထက်လာတာကို တွေ့ရပါလိမ်မယ်။

စိတ်တည်ငြိမ်ပြီးမှ ဆုံးဖြတ်သော ကိစ္စ၊ ပြောဆိုမှု၊ ကြံစည်မှုတွေဟာ အကောင်းဘက်ကို ဦးတည်သွားမှာဖြစ်ပါတယ်။ အားလုံးအတွက် မြတ်စွာဘုရားဟောကြားခဲ့တဲ့ စာတစ်ပိုဒ်ဖြင့် ဒီပို့စ်ကို နိဂုံးချုပ်ပါရစေ။

“စိတ်တည်ငြိမ်မှု ရအောင် လေ့ကျင့်ပါ
ကြည်လင် တည်ငြိမ်မှုရှိပြီးသားစိတ်သည်သာ အကျိုးအကြောင်း အဆိုးအကောင်းကို
မှန်ကန်စွာ မုချ ဆုံးဖြတ်နိုင်ပါမယ်” ++


++ နားလည်သလို့ မြန်မာမှုပြုထားသည့်အတွက် အမှားများပါရှိပါက ပြင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

အားလုံး အားလုံး မိမိစိတ်ကို အကောင်မြင်နိုင်အောင် ကြိုးစားနိုင်ကြပါစေ....။

Sunday, May 18, 2008

ရှိသင့်သော စိတ်ဖိအား စွမ်းအင် - Stress Performance Connection


ယနေ့ခေတ်လူတိုင်းလိုလို စိတ်ဖိစီးမှုဆိုတဲ့ ခံစားမှုကို ကြုံနေကြတာဟာ မြေကြီးလက်ခတ်မလွဲပါ။ အထူးသဖြင့် မိမိဟာ အမြင့်ကို အဆင့်ဆင့် မျှော်မှန်းပြီး ကြိုးစားနေတဲ့သူဆိုရင် ပိုပြီး ရင်ဆိုင်ရမှာ ဖြစ်တယ်။ ဥပမာ - မိမိရှေ့မှာ သတိမူတဲ့ ကလေးတစ်ယောက် လမ်းအလယ်မှာ ဖြတ်ပြေးရင်း ကားအလာနဲ့ကြုံလို့ လက်တကမ်း ကယ်တင်လိုက်တာမျိုး၊ မီးလောင်နေတဲ့အခါ တချို့လေးပင်သော အရာကိုပင် အလွယ်တကူ မသယ်သွားလိုက်တာမျိုး၊ သရဲကြောက်လို့ ၁၅ မိနစ်လောက်ပြေးရမဲ့ လမ်းကို ၅ မိနစ်နဲ့ ပြေးခဲ့တာမျိုး၊ လူကြီး အဆူခံရမှာကြောက်လို့ ၁ ရက်လောက်လုပ်ရမဲ့အလုပ်ကို နေ့ဝက်ထဲနဲ့ ပြီးစီးခဲ့တာမျိုး.. စတာတွေဟာ အံ့သြစရာကောင်းလောက်အောင် မိမိရဲ့ စွမ်းအင်တွေဘဲဆိုတာကို လျစ်လျူရှုလို့မရကောင်းပါ။ ဤကဲ့သို့ အမှတ်တမဲ့ ရုတ်တရတ် ကြုံတဲ့အခါမှာ မိမိတို့ခန္ဓာကိုယ်မှာရှိတဲ့ စိတ်စွမ်းအားတွေအာ တမဟုတ်ချင်း စုပေါင်းသွားပြီး အထူးသဖြင့် မိမိတို့အနေနဲ့ လျပ်တပြတ် တုံ့ပြန်လိုက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ကြတယ်။

အထက်မှာ ဖော်ပြခဲ့သလို စိတ်ဖိစီးတိုင်းကို လူတိုင်းကြုံဖူးကြပါတယ်။ လူအမျိုးမျိုးအလိုက် စိတ်ဖိစီးမှုဟာ အနည်း အများ အမျိုးမျိုးရှိတတ်ကြတယ်။ ဒါပေမဲ့ ရှိသင့်တာထက် ပိုပြီး မထားသင့်ပါ။ အဓိကအရေးအကြီးဆုံးက အဲဒီ့ စိတ်ဖိစီးမှုတွေကို ဘယ်လို မိမိတို့ မှန်ကန်သော ဘက်မျှသောနည်းနဲ့ တုံ့ပြန်ကြမလဲဆိုတာဘဲ။ ဒါကို ကျွန်တော်နားလည်သော ပုံစံနဲ့ ဆွေးနွေးကြရအောင်။

ပထမဦးဆုံး လုပ်ရမည့်ကိစ္စက မကောင်းတဲ့စိတ်ဖိစီးမှုတွေကို အကောင်းဘက်ဦးတည်တဲ့ စိတ်ဖိစီးမှုဖြစ်အောင် ပြောင်းပေးဖို့လိုတယ်။ ပြီးတော့ အဲဒီ မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိဘ၀တက်လမ်းအတွက် အောင်မြင်အောင် ဘယ်လို အထောက်အပံ့ပေးနိုင်တယ်ဆိုတာကို နားလည်အောင် ကြိုးစားရမှာဖြစ်တယ်။

၁) စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိအတွက် အလုပ် လုပ်ဆောင်ဖို့ လှုံဆော်မှု တစ်ခုဖြစ်တယ်။


အလုပ်တစ်ခုလုပ်ဖို့၊ အောင်မြင်ဖို့အတွက် မိမိကိုယ်တိုင်က တက်တက်ကြွကြွ လှုံ့ဆော်တိုက်တွန်း အကောင်အထည်ဖော်ဖို့လိုတယ်။ အဲဒီအတွက် မှန်ကန်တဲ့ စိတ်ဖိစီးမှုစွမ်းအားရှိရမယ်။ အကယ်၍ စိတ်ဖိစီးမှုများပြန်ရင်လည်း ကတုန်ကရင် စိတ်လှုပ်ရှားမှု၊ စနစ်တကျ မစီမံနိုင်မှု၊ စတဲ့ မလိုလားအပ်တာတွေ ဖြစ်နိုင်တယ်ဆိုတာကို သဘောပေါက်ရမယ်။ ထားရှိသင့်သော စိတ်ဖိစီးမှုစွမ်းအားသာလျှင် မိမိအလုပ်ကို အလျှင်မြန်ဆုံး၊ အကောင်းဆုံး၊ သတ်မှတ်ထားတဲ့ အချိန်အတွင်း စနစ်တကျ လုပ်ဆောင်နိုင်မှာဖြစ်တယ်။


၂) စိတ်ဖိစီးမှုစွမ်းအင်ဟာ အလုပ်ကို လျှင်မြန်ပြီးမြောက်စေသော အရည်အချင်းရှိတယ်။


စိတ်ဖိစီးမှု စွမ်းအင်မရှိဘဲနဲ့ ဘယ်အလုပ်ကိုမှ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။ လူတိုင်းဟာ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ပျင်းတတ်၊ နှေးကွေးတတ်တာ ဓမ္မတာပင်။ အလွယ်လမ်းကို လိုက်ချင်ကြတယ်။ ကြိုတင်ပြင်ဆင်ခြင်းမရှိ နောက်ဆုံးအချိန်ကြမှ ကမန်းကတန်းလုပ်ချင်ကြတယ်။
လုံလောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်သည် မိမိအလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်စေနိုင်တယ်။ ဥပမာ - စိတ်အားထက်သန်မှု စွမ်းအားကြောင့် ၁ပတ်လုပ်ရမည့် အလုပ်ကို ၁ရက်တည်းနဲ့ ပြီးစေတဲ့ အဖြစ်အပျက်မျိုး။


၃) စိတ်ဖိစီးမှုစွမ်းအင်ဟာ အောင်မြင်မှုကို ဦးတည်စေတယ်။

ဆူနာမီရေလှိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ အသက် ၃၂နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ ၆ ရက်လုံးလုံး အစာရေစာ မစားသောက်ရသော်လည်း စိတ်မလျော့တမ်း ကြိးစားပန်းစား သစ်သားတုံးနဲ့ ကူးခတ်ပြီး နီးစပ်ရာ ကမ်းကို အောင်မြင်စွာ ရောက်ရှိခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင် ကျွန်တော်တို့ နားလည်နိုင်ပါတယ်။ အကယ်၍များ အဲဒီအမျိုးသမီးက သေရမှာကို ကြောက်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ကို မှန်မှန်ကန်ကန် အသုံးမချလို့ တော်ပါပြီ သေလဲ သေပါစေတော့ဆိုပြီး ဒီအတိုင်း ရေစုန်မျောခဲ့ရင် အခုအချိန်ထိ လူ့လောကထဲမှာ ရှင်သန်မှာမဟုတ်။ ဒါ့ကြောင့် ထားရှိသင့်တဲ့ စိတ်စွမ်းအင်ဟာ မိမိတို့ ဘ၀မှာ လုပ်ဆောင်ကြတဲ့ အလုပ်တွေကို အောင်မြင်အောင် အထောက်အကူပေးနိုင်တယ်။



တချို့သောသူတွေ အများက အံ့သြလောက်အောင် စွမ်းဆောင်ခဲ့ကြလို့ လုပ်ငန်းအတူတူချင်းမှာတောင် နေရာကောင်း ရနေကြတာဟာလဲ လက်တွေ့ ဥပမာတစ်ခုပါဘဲ။ ဘ၀မှာ ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်မရှိလျှင် ရည်ရွယ်ချက်မရှိတာနဲ့ အတူတူဘဲ။ တနည်းအားဖြင့် ဘာကိုမှ ခက်ခက်ခဲခဲဆိုရင် မလုပ်ချင်ဘူး၊ ပျင်းရိငိုင်တွေ၊ အပျော်အပါးလိုက်စားဖို့ကိုဘဲ ဦးတည်နေကြတယ်။ ရည်ရွယ်ချက်မရှိမှတော့ ဘယ်လိုလုပ်ပြီး ဘာကို အောင်မြင်အောင် ဆောင်ရွက်ရမှလဲ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ရေစုန်မျှောရင်းနဲ့ အသက်သေသွားကြသူတွေဟာ မရေမတွက်နိုင်ပါ။


၎) စိတ်ဖိစီးမှုစွမ်းအင်ဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။

ဆေးပညာလေ့လာတွေ့ရှိမှုအရဆိုရင် ထားရှိသင့်တဲ့ စိတ်ဖိစီးမှုစွမ်းအင်ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားကို တိုးပွားစေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု ခွန်အားစတင်ချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ဓာတုဗေဒစွမ်းအားတွေဟာ အလိုလို ထုတ်လွတ်လိုက်သောကြောင့် ခုခံစွမ်းရည်ကို ပိုမိုကောင်းမွန်စေပြီး မိမိဦးနှောက်ကိုလည်း အလုပ်များများစွမ်းဆောင်နိုင်အောင် အကျိုးပြုစေပါတယ်လို့ဆိုပါတယ်။


ဒါ့ကြောင့် နေ့စဉ် လုပ်သော မိမိအလုပ်မှာ တပ်နိုင်သမျှ မှန်ကန်သော စိတ်ဖိစီးမှုစွမ်းအင်ကို ပေါ်ပေါ်က်စေဖို့ အထူးကြိုးစားပါ။ ဒါမှလည်း မိမိကိုယ်တိုင်က ကြိုးစားပန်းစားနဲ့ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။


စိတ်ဖိစီးမှုများရင် စိတ်လှုပ်ရှားမှု၊ အလုပ်မှန်သမျှ အစီအစဉ်မကျမှုတွေဖြစ်တယ်။
စိတ်ဖိစီးမှုမရှိ၊ နည်းရင် အိပ်ချင်ငိုက်မျည်း၊ နိုးနိုးကြားကြားမရှိမှု တွေဖြစ်တယ်။
လုံလောက်သော မျှတသော စိတ်ဖိစီးမှုစွမ်းအားသာလျှင် အရာရာကို အကောင်းဆုံးအဆင့်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။



နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးက စိတ်ဖိစီးမှုစွမ်းအားကြောင့် မိမိဒုက္ခမရောက်အောင် ကြိုးစားပါ။ အဲဒီ စိတ်ဖိစီးမှုစွမ်းအင်ကို မိမိကောင်းစားဖို့အတွက် အသုံးချတတ်အောင် လုပ်ဆောင်ပါ။