Monday, September 10, 2007

ဘာဘာ ညာညာနဲ့ ဆက်ဆံရေး


အခုတလော ကျွန်တော့် ကျောင်းကိစ္စတွေကတဖက်၊ အလုပ်ကိစ္စတွေကတစ်ဖက်နဲ့ မအားမလပ်တာလို့ ပို့စ်အသစ်မတင်ဖြစ်ဘူးလို့ဘဲ ဆင်ခြေပေးပါရစေဗျာ။ ဖတ်နေကြသူတွေကိုတော့ အားတော့နာပါတယ်။

ဖြစ်ချင်တာတွေထဲက၊ ဖြစ်သင့်တာတွေကိုစီစစ်ပြီး၊ အဲဒီအထဲကမှ ဖြစ်နိုင်၊လုပ်နိုင်တာတွေကို နံပါတ်တပ် သူ့အစီအစဉ်အလိုက် လုပ်ဖို့ကို တော်တော်လေးကြိုးစားနေရတယ်။ စိတ်ထဲမှာရှိပြီး လက်တွေ့အကောင်အထည်ဖော်ဖို့လုပ်လိုက်တိုင်း ဟိုကိစ္စ ဒီကိစ္စတွေက အလိုလိုပေါ်လာ၊ အဲဒါတွေကို စဉ်းစားလိုက်၊ ပြန်ပြီး လုပ်လက်စကို အကောင်အထည်ဖော်ဖို့ လုပ်လိုက်၊ အဲဒီလို ခပ်ကွင်းပြင်နေတာနဲ့ ကျွန်တော်တစ်ယောက် ရွာသစ်ကြီးကို ရောက်ဖို့ ခဲယဉ်းနေတယ်။ တနည်းအားဖြင့် စိတ်တည်ငြိမ်မှု အားနည်းနေတယ်ဆိုတာကို ၀န်ခံရမှာ ဖြစ်တယ်။ စာကြည့်စားပွဲထိုင်ရင်း စာကိုအာရုံစိုက်မယ်လုပ်လိုက်၊ စိတ်ထဲက တခြားကိစ္စတွေပေါ်လာပြန်၊ အတွေးတွေက အဲဒီကိစ္စမှာ မျောသွားပြန်၊ သတိရလို့ စာပြန်ကြည့်လိုက်၊ အိပ်ချင်စိတ်က စိုးမိုးလာ၊ လမ်းထလျှောက်လိုက်၊ သီချင်းနားထောင်လိုက် ဒီလိုနဲ့ ည ၁၂နာရီထိုးသွားပြန်၊ အိပ်ယာကို ဦးတည်ရပြန်ရော။ သြော် တော်တော်လေးကို ခက်ခက်ခဲခဲ ထိန်းသိမ်းရတဲ့ စိတ်ပါလားနော်။

ကောင်းတာလုပ်ဖို့ မနည်းကြိုးစားနေရသော်လည်း ၊ တခြားမဟုတ်တာ အပျော်အပါးကိစ္စုဆိုရင် သူ့အလိုလို မတိုက်မတွန်းရ။ တက်တက်ကြွကြွ ရှေးဆုံးကနေ။

အဲဒီလောက် မိမိကိုယ်ကိုယ် စနစ်တကျဖြစ်အောင် ထိန်းသိမ်းနေတာတောင် မိမိချမှတ်ထားတဲ့ လမ်းစဉ်ကို သိပ်မလိုက်နာချင်ဘူးဖြစ်နေပြန်တယ်။ ဒီအတိုင်းဆို ဘယ်လိုလုပ်ပြီး သူတပါးကို ဆိုဆုံးမဖို့ မလွယ်ကူနိုင်။ စိတ်က မတည်ငြိမ်တော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒုက္ခရောက်တာတွေ့ရတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလားဘူးဆိုရင် နဂိုကောင်းနေတဲ့စိတ်ကနေ ပေါက်တတ်ကရစိတ်တွေဖြစ်ကုန်ရော။

ဒါ့ကြောင့် ဒီနေရာမှာ စဉ်းစားစရာတစ်ခုက “ဆက်ဆံရေး” ဆိုတာကိုဘဲ။

မိဘနဲ့ သားသမီးဆက်ဆံရေး
မောင်နှမအချင်းချင်း ဆက်ဆံရေး
ဆရာနဲ့ တပည့်ဆက်ဆံရေး
ရာထူးကြီးသူနဲ့ ငယ်သူဆက်ဆံရေး
လူကြီးနဲ့ လူငယ်ဆက်ဆံရေး
အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး
နိုင်ငံအချင်းချင်း ဆက်ဆံရေး

မိဘကလည်း သားသမီးတွေအားလုံး သူတို့ ပြောစကားကိုနားထောင်စေချင်ကြတယ်။ သားသမီးတွေက ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင် ဘ၀င်မကျ ဖြစ်ကြတယ်။ တနည်းအားဖြင့် ဆက်ဆံရေးတွေ ကမောက်ကမဖြစ်ကုန်တယ်။ နားလည်မှုတွေလွဲကုန်ကြတယ်။ မိဘကလည်း ငါ မိဘကွ၊ သားသမီးကလည်း မရှင်းပြလို၊ အဲဒီလိုနဲဘဲ သံသရာတွေရှည်ကုန်ရော။ တချို့ဆို သေခန်းဖြတ်၊ အမွေဖြတ်ကြကုန်ပါလေရော။ သြော် တော်တော်ဆိုးတဲ့ ဆက်ဆံရေးတွေ။

ထို့အတူတူပါဘဲ၊ အသေးအမွှားကစပြီး အဆင်မပြေရာကနေ နောက်ဆုံး နိုင်ငံအချင်းချင်း စစ်ဖြစ်ကြသည်အထိ ဆက်ဆံရေးဟာ ဒုက္ခပေးတတ်ပါတယ်။

ဒါဆိုရင် အဲဒီဆက်ဆံရေးကို ကောင်းမွန်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော့်အမြင်ကတော့ တစ်ဦးတစ်ယောက်ချင်းက နေစရမယ်လို မြင်ပါတယ်။ အဲဒီတစ်ဦးချင်းကနေ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် ယနေ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ အထူးပြောစရာမလိုအောင် ကောင်းမွန်လာကြမှာ အသေအချာပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးတဲ့စကားအတိုင်း “ပြေပြေလည်လည်ပြောရင် လေယဉ်ပျံကိုတောင် အလကားစီးလို့ရတယ်” ဆိုရင် ကျွန်တော်တို့အားလုံး မချစ်သော်လည်း အောင့်ကာနမ်းပြီး ကောင်းကောင်းမွန်မွန်ပြောကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပြေပြေလည်လည် မပြောကြလို့လဲ အားလုံး ဒုက္ခရောက်နေကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း လက်တွေ့အတိုင်းပါဘဲ။

ထားရှိတဲ့ မာန၊ သည်းမခံနိုင်တဲ့စိတ်တွေဟာ အပြုသဘောတွေအားလုံးကို ရိုက်ချိုးပြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး မေ့လို့မရပါ။