Monday, July 30, 2007

ကိုယ့်အထွာနဲ့ ကိုယ်ပေါ့


“ဟိုမှာကြည့်စမ်း ကိုအောင်၊ ရှေ့နားက စုံတွဲက မမသင်းတို့ မဟုတ်လား”

“ဟုတ်မယ်ထင်တာဘဲ”

“ဟုတ်ပါတယ် ကိုအောင်ကလဲ မျက်စိက ဒီလောက်တောင် မကောင်းဘူးလား၊ လာ ခပ်သွက်သွက်လျောက်”

“အေးကလည်း မလောနဲ့ကွာ၊ တွေ့မှာဘဲဟာကို”

ဒီလိုနဲ့ ကိုအောင်ထွန်းတို့ ဇနီးမောင်နှံဟာ စင်္ကာပူ ဆန်တိုစာကမ်းခြေမှာ အပန်းဖြေ လမ်းလျောက်ရင်းနဲ့ ရန်ကုန်က အသိမိတ်ဆွေ ဒေါ်သင်းသင်းနဲ့ သူ့အမျိုးသားတို့ကို ဆုံတွေ့ခဲ့ကြတယ်။

“ဟယ် မမသင်းတို့ပါလား မတွေ့တာတောင်ကြာပြီ။ အားလုံး နေကောင်းကြလား”

“ဟယ် အေးအေးတို့၊ ကြည့်စမ်း ကြည့်စမ်း တစ်ခါတည်းကိုမှဘဲ ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် ဖြစ်နေပြီ။ အရင်ကနဲ့ တခြားစီဘဲ၊ အခုဘာတွေလုပ်နေကြလဲ”

“အို မမကလဲ သူများကိုကြီးဘဲ မပြောနဲ့လေ၊ မမကလည်း အရမ်းကို လှနေတာဘဲ၊ မနာလိုတော့ဘူး။
အခု အေးကတော့ ပင်နီဆူးလား ပလာဇာက မြန်မာဆိုင် တစ်ခုမှာ ၀င်ကူလုပ်နေတယ်၊ ရောက်တာကလည်း မကြာသေးတော့ နောက်ပြီး ဘာသာစကားကလဲ အခက်အခဲရှိတာနဲ့ ကိုအောင်ရဲ့ အသိမိတ်ဆွေနဲ့ ပတ်သက်ပြီး အဲဒီဆိုင်မှာဘဲ ၀င်လုပ်နေတာ”

“အို ညည်းမို့လို့ မြန်မာဆိုင်မှာ ၀င်လုပ်တယ်၊ ဘယ်နှယ့်တော် ဒင်းတို့က များများခိုင်းပြီး၊ နဲနဲပေးတာ၊ စင်္ကာပူက တရုတ်တွေထက်တောင် ပိုဆိုးသေးတယ်အေ့။ မလုပ်နဲ့။ တခြားအလုပ်ရှာပေါ့။ ဘာဖြစ်လဲ ကိုယ်က ပီအာ (အမြဲနေခွင်ရသူ) ဘဲဟာကို၊ ဘာမှ အောက်ကျမခံနဲ့”

“ဟုတ်တော့ ဟုတ်ပါတယ်လေ။ ဒါပေမဲ့လည်း အေးက အင်္ဂလိပ်စာ သိပ်မရတော့ နည်းနည်း စိုးရိမ်လို့။ ဒါနဲ့ မမတို့ အခုဘယ်မှာ နေကြလဲ”

“တို့က အခု အော့မိုကိုက ကွန်ဒုံး..အဲမဟုတ်ပါဘူး...ကွန်ဒိုမီနီယံမှာ ၀ယ်ထားတယ် စင်္ကာပူဒေါ်လာ မီလီယံဝက်လောက် ကျတယ်လေ။ နောက်ပြီး ညည်းအစ်ကိုက ရထားစီးရတာ အဆင်မပြေလို့ဆိုပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကဘဲ ကားဝယ်လိုက်တယ်။”

“မမတို့များ ဒီလောက်အဆင်ပြေနေတာတောင် ကိုယ့်ညီမကိုတောင် သတိမရဘူးပေါ့”

“အို..မဟုတ်ရပါဘူး ...အေးရယ်၊ မမကိုယ်တိုင်ကလည်း ကုမ္ပဏီအလုပ်တွေနဲ့ ရှုပ်နေလို့၊ ပြီးတော့ နင့်အစ်ကိုကလည်း စနေ၊ တနင်္ဂနွေပါမကျန် အလုပ်က များနေတာနဲ့ ဘယ်သူ့ကိုမှ မဆက်သွယ်ဖြစ်တာ၊ ဒီတပတ်တော့ မမအလုပ်သိပ်မရှုပ်ဘူး၊ အေးအေး အားရင် အိမ်ကို လာလည်ပါလား”

“အင်း.. ကောင်းသားဘဲ၊ ဒါပေမဲ့ ဆိုင်နဲ့ ညှိရအုံးမယ်။ အေးက စနေ၊ တနင်္ဂနွေ အလုပ်ဆင်းရလို့။ မမဖုန်းနံပါတ် ပေးထားလေ။ အေး ပြန်ဆက်မယ်”

“ဟုတ်ပြီလေ...အေးသဘော။ မလာခင် ဖုန်းဆက်လိုက်လေ၊ ကဲဒါဆို သွားကြမယ်။
ကိုအောင် သွားမယ်နော်”

“ဟုတ်ကဲ့ မမသင်း။ နောက်တော့မှ တွေမယ်။”

ဒီလိုနဲ့ အေးအေးတို့ ဇနီးမောင်နှံဟာ ကမ်းခြေဘက်ကို လမ်းဆက်လျောက်ခဲ့ပါတယ်။

“တွေ့လား ကိုအောင်၊ မမသင်းတို့တောင် အိမ်ဝယ်၊ ကားဝယ်ကုန်ပြီး၊ အေးတို့မှာ အခုထိ သူများအိမ်ငှားနေရတုန်း၊
နည်းနည်းပါးပါးလေးလဲ အားစိုက်ပါအုံး။ အေးလည်း ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်လှပြီ။”

“ဖြစ်လာမှာပေါ့ အေးရယ်၊ ဆန္ဒတွေ မစောလွန်းပါနဲ။ ကိုယ့်အထွာနဲ့ ကိုယ်ဆိုတာ မမေ့နဲလေ”

“အေးသိပါတယ်။ အေးက ပိုကြိုးစားဖို့ ပြောတာပါ။ ပြီးတော့ ကိုအောင်ဘက်က မိသားစုတွေကို ထောက်နေတာကိုလည်း နဲနဲလျော့တော့ပေါ့၊ သူတို့လည်း သူတို့ဖာသာ လုပ်ကိုင်စားပစေပေါ့၊ သူများကြီးဘဲ အားမကိုးစေနဲ့လေ၊ အဲလိုမှမလုပ်ရင် အေးတို့ ..ဒီတသက် ကိုယ်ပိုင်ကား ဘယ်လိုလုပ်ပြီး စီးနိုင်မှာလဲလို့။”

“တော်ပါအေးရယ်၊ ကဲ အပန်းဖြေကြစို့ကွာ၊ လာ ဟိုဘက်နားသွားကြအောင်”

“တွေ့လား သူ့အမျိုးအကြောင်းပြောပြီဆိုရင် စကားလမ်းကြောင်းကို ပြောင်းတယ်။ သိပ်စိတ်ဆိုးတာဘဲ သိလား”


+++

ပုံပြင်လေးကတော့ ဒါပါဘဲဗျာ။

တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုး တချို့ဟာ မရှိတာကို အရှိလုပ်ချင်ကြသလို၊ မကြွားသင့်တာကို ကြွားချင်ကြတာကို လက်တွေ့ ကြုံဖူးကြပါလိမ့်မယ်။ ဒီနေရာမှာ တချို့လား၊ အများစုလားဆိုတာ ကျွန်တော် မခန့်မှန်းတက်တာကိုတော့ ၀န်ခံပါရစေ။

အရှည်ကြီးကို မစဉ်းစားပါနဲ့ဦး၊ စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ အိမ်ဖော်တောင် ဘာနဲလာလည်းလို့ မေးရင် -- Silk Air နဲ့လာတယ်လို့ဖြေကြတယ်။ ဘယ်တော့မှ မြန်မာ့အဲဝေးလ်နဲ့ လာတယ်လို့ ပြောလေ့မရှိသလို စီးဖို့လည်း စိတ်ကူးမရှိကြဘူး။ သြော်....ဒုက္ခ ဒုက္ခ ... ကြွားရတဲ့ ဒုက္ခ။

ဒီနေရာမှာ အယူအဆတစ်ခုကို တင်ပြပါရစေ။
အနောက်နိုင်ငံတွေက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ပိုင်ဆိုင်မှုထက် အသုံးချဖို့အတွက် ခံယူကြတယ်။
အရှေ့တိုင်းနိုင်ငံများက လူမျိုးတွေက ကား၊ အိမ်၊ စတာတွေကို ငါ့ဥစ္စာ ငါ့ပိုင်ဆိုင်မှုဆိုပြီး ခံယူကြတယ်။

ဒါ့ကြောင့်လည်း အသုံးချဖို့ထက် အဲဒီပိုင်ဆိုင်မှုတွေကို စောင်ရှောက်ထိန်းသိမ်းရင်းနဲ့ဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်လွန်စေတယ်တဲ့။
အဲဒီ အယူအဆ မှားတယ် မှန်တယ်ဆိုတာ မိမိဖာသာ စိတ်ကြိုက် ဆုံးဖြတ်ပါ။

နိဂုံးချုပ်အရ ဤပုံပြင်ကိုထောက်၍ ..... အထူးသဖြင့် လူပျိုများအတွက်...

မိမိအထွာကို မိမိသိကြပါစေ။ (သန်ရာ သန်ရာ ဘာသာ မပြန်ပါနဲ့)
မိမိအပေါ်မှာ အထူးနားလည်ပြီး ကိုယ်ချင်းစာစိတ်မွေးနိုင်တဲ့ အိမ်ထောင်ဘက်တွေ ရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။..

++ ခံစားချက်များကို ဖော်ပြရေးသားခြင်းဖြစ်ပြီး မည်သည့်အဖြစ်အပျက်ကိုမှ မှီညမ်းထားခြင်းမရှိကြောင်း ၀န်ခံပါသည်။++

Friday, July 27, 2007

ဒေါ်လေးရယ် ဖြစ်နိုင်ရင်..

“ဟဲ့ ထွန်းမြတစ်ယောက် ပျောက်ချက်သား ကောင်းလှချည်လား၊ အခုမှဘဲ နင့်ကို ဖူးရတော့တယ်”

“မဟုတ်ပါဘူး ဒေါ်လေးရာ၊ ကျွန်တော်လည်း မြို့တက်ပြီး အလုပ်လေးဘာလေးရှာဖို့အတွက် လုံးပန်းနေရလို့ပါ၊ တစ်မျိုးမထင်ပါနဲ့ဗျာ။”

“ကဲပါ၊ ဆင်ခြေဆင်လက် ဆင်နားရွက်နဲ့၊ ထားပါတော့၊ လိုရင်းကိုဆို”

“ဒီလိုဒေါ်လေးရ၊ ဒေါ်လေးရဲ့တူ သာအေးတစ်ယောက် ရန်ကုန်မှာ ကြီးပွားနေတယ်ဆိုတာ ကျွန်တော်ကြားလို့”

“ဒီလိုပါဘဲဟယ် လူတွေကတော့ ဟိုတစ်မျိုးဒီတစ်မျိုးနဲ့ပြောကြတာပါ၊ သူလည်း သူ့ဟာနဲ့သူလုပ်နေရတာပါဘဲ။ အဲဒါနဲ့ နင်က ဘာဆိုင်လို့လဲ”

“မဟုတ်ပါဘူး ဒေါ်လေးရာ ကျွန်တော်က ဒေါ်လေးဆီက အကူအညီလေးဘာလေးများ ရမလားလို့ လာတာပါဗျာ၊ ကူညီပါအုံး”

“ဟဲ့ သူ့ဟာနဲ့သူကြီးပွားနေတာ ငါနဲ့ဘာပတ်သက်လို့တုန်း၊ နင်လည်း ကိုယ်ဘာသာ ကြီးပွားအောင် ကိုယ်လမ်းကိုလျောက်ပေါ့။ သူများကြီးဘဲအားမကိုနဲလေ၊ သာအေးတုန်းကလည်း ဒီလိုဘဲ ဖြစ်အောင် လုပ်သွားတဲ့ဟာကို”

“အို..ဒေါ်လေးကလည်း နည်းနည်းလောက်တော့ ကူညီပါဗျာ.. ဟိုဗျာ နေဖို့ထိုင်ဖို့လေးများ အဆင်ပြေအောင်ပေါ့၊ ကူညီပါဗျာ”

“အေးလေ..ငါတပ်နိုင်တာကိုဘဲ ကူညီမယ်။ ဒါပေမယ့် သူလုပ်ပေးနိုင် မလုပ်ပေးနိုင်တော့ ငါမသိဘူးနော်၊ နင့်ကို ငါစာတစ်စောင် ရေးပေးလိုက်မယ်”


“ကျေးဇူးပါဘဲဗျာ၊ ဒေါ်လေးကျေးဇူးကို ကျွန်တော်ကြီးပွားရင် ပြန်ဆပ်ပါ့မယ်”

“တော်ပါ ထွန်းမြရယ် နင်ငါ့ကျေးဇူးမဆပ်ပါနဲ့ ကျေးဇူးမကန်းဘူးဆိုရင်ကို နင့်ကို ငါ့က ကျေးဇူးတင်ရအုံးမှာ၊ ကဲလိုတာ ရရင် သွားတော့”


အထက်ပါ ဇာတ်လမ်းကို ကျွန်တော်တို့ ကြားဖူးကြပါလိမ့်မယ်။ တကယ်ပြန်စဉ်းစားကြည့်ရင်

ဟို က သာအေးက ဘယ်လိုလုပ်ပြီး ရှာစားနေရတယ်ဆိုတာမသိ၊ သူတစ်ပါးကို အားမနာ အကူအညီတောင်းဖို့ လူတွေများ….သြော် လူတွေ လူတွေ။

ဒီလိုပါဘဲ..ကျွန်တော်တို့ စင်္ကာပူမှာ အလုပ်ရှာတုန်းက ဘယ်သူကမှ ဟက်ဟက်ပက်ပက် ကူညီဖို့နေနေသာသာ အဖက်တောင် မလုပ်ချင်ကြဘူး။ အော် ကိုယ်က ကျားကုတ်ကျားကဲနဲ့ စင်္ကာပူမှာ ခြေတစ်ကုတ်ရဖို့ ကြိုးစားအောင်မြင်ရော …..လာပါပြီ…အရပ်ကတို့ရေ။

သူတို့က အဲဒီအထက်က ဇာတ်လမ်းအတိုင်း ကူးဖို့ကြိုးစားကြတော့တာပါဘဲ။ အဲဒီတော့ စဉ်းစားကြည့်ပေါ့ဗျာ… နေထိုင်တယ်ဆိုတာက ဒီကလုပ်ဖော်သူငယ်ချင်းတွေနဲ့ စုပြီး ငှားနေရတဲ့ သာအေးဘ၀… ဘယ်လိုလုပ်ပြီး အဲဒီဇတ်လမ်းထဲက မစ္စတာ ထွန်းမြကို ရက်ရက်ရောရော အိမ်ဦးခန်းမှ တင်ထားလို့ ရပါ့မလဲ။ တင်ကြည့်ပါလား… ကျန်တဲ့ အဖော်တွေက အဲဒီသာအေးကိုလေ……မပြောလိုက်ချင်ဘူး….ဟိုဒင်း ဟိုဝှာ. လုပ်လိမ့်မယ်။

တွက်ကြည့် လူတစ်ယောက် အတွက် ၁လစာ ကုန်ကျစရိတ်။ (စင်္ကာပူဒေါ်လာ)
နေထိုင်စရိတ် --- ၂၀၀ - ၃၀၀ ဒေါ်လာ
စားစရိတ် - ၂၀၀ - ၃၀၀ ဒေါ်လာ
ခရီးစရိတ် - ၁၀၀ - ၁၅၀ ဒေါ်လာ
တယ်လီဖုန်း - ၅၀ - ၁၀၀ ဒေါ်လာ
အမြတ်ခွန် - ၅၀ - ၁၅၀ ဒေါ်လာ
အသေးသုံး - ၅၀ - ၁၀၀ ဒေါ်လာ (ဘီယာ ကွမ်း အရက် ဆေးလိပ် နာမကျန်းမှု မပါ)

ဒီတော့ တစ်လ တစ်လကို ခြိုးခြံနေရင်တောင် ၆၀၀ - ၇၀၀ ၀န်းကျင်လောက် ကျတယ်။ ဘယ့်နဲ့ အဲဒီသာအေးက နောက်တစ်ယောက်ကို အိမ်ဦးခန်းထားပြီး သံတော်ဦးတင်နိုင်မှာလဲဗျာ။

ဒါ့ကြောင့် ရွာက ဒေါ်လေးကိုလည်း မှာလိုက်ပါတယ်….

“ဒေါ်လေးတူ သာအေးတစ်ယောက် ကိုထွန်းမြကို ကူညီဖို့နေနေသာသာ ကျွန်တော်တောင် မြန်မာသံရုံးမှာ အခွန်မဆောင်ရသေးဘူး၊ ဖြစ်နိုင်ရင် ရွာက လယ်ကို ပေါင်ပြီး ကိုထွန်းမြနဲ့ ထည့်ပေးလိုက်ပါ၊ သံရုံးမှာ အခွန်ဆောင်ရမှာမို့၊ ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကလည်း သက်တမ်းကုန်တော့မယ်ဆိုတော့ အားလုံးပေါင်း စကာင်္ပူဒေါ်လာ ၃၀၀၀ ၀န်းကျင်လောက်ကျမယ်။ လယ်နဲ့မလောက်ရင် ဘကြီးရဲ့ နွားတင်ကုတ်ကိုပါ အပြတ်ဖြုတ်လိုက်ပါ လို့”

…ဒီစာကို ဖတ်ရင်း အားလုံး အားလုံး ကိုယ်ချင်းစာစိတ် မွေးနိုင်ကြပါစေ………….

Thursday, July 26, 2007

စိတ်ပျက်စရာ ဖုန်းခေါ်ဆိုမှု

“မင်္ဂလာပါ အေဘီစီ ကကြိုဆိုပါတယ်၊
အင်္ဂလိပ်လို ပြောလိုပါက နံပါတ် ၁ ကိုနှိပ်ပါ
တရုတ်ဘာသာလို ပြောလိုပါက နံပါတ် ၂ ကိုနှိပ်ပါ
မလေးဘာသာလို ပြောလိုပါက နံပါတ် ၃ ကိုနှိပ်ပါ”


နှိပ်လိုက်ပါတယ် နံပါတ် ၁ကို။

“အရောင်းနှင့်ပတ်သတ်ရင် နံပါတ် ၁ကိုနှိပ်ပါ
နည်းပညာပြင်ဆင်မှုနှင့်ပတ်သတ်ရင် နံပါတ် ၂ကိုနှိပ်ပါ
စာရင်းအင်းကိစ္စနှင့်ပတ်သတ်ရင် နံပါတ် ၃ကိုနှိပ်ပါ
အလုပ်လုပ်ချိန်နဲ့ နေရာကိုသိလိုလျှင် နံပါတ် ၄ကိုနှိပ်ပါ”


ဈေးနှုန်းသိချင်လို့ နှိပ်လိုက်ပါတယ် နံပါတ် ၁ကို။

“အေ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၁ကိုနှိပ်ပါ
ဘီ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၂ကိုနှိပ်ပါ
စီ ပစ္စည်းဈေးနှုန်းဆို နံပါတ် ၃ကိုနှိပ်ပါ၊”


ဘီ ဈေးနှုန်းသိချင်လို့ နှိပ်လိုက်ပါတယ် နံပါတ် ၂ကို။

“၀မ်းနည်းပါတယ်
အရောင်းဝန်ထမ်းအားလုံး မအားသေးပါရှင်
ကျေးဇူးပြု၍ ခတစောင့်ဆိုင်းပေးပါရှင်”


စိတ်ပျက်စရာ ....ဖုန်းကိုင်ရင်းတန်းလန်းနဲ့ စောင့်နေရတာ ၂ မိနစ်လောက်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါရှင်”


စိတ်ပျက်စရာ ....ဖုန်းကိုင်ရင်းတန်းလန်းနဲ့ စောင့်နေရတာ နောက်ထပ်၂ မိနစ်လောက်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ကျေးဇူးပြု၍ သင့်ရဲ့ နံပါတ်ကို ပေးခဲ့ပါ။
မကြာခင် ပြန်လည်ခေါ်ဆိုပါ့မယ်။”


သိပြီးသားပါ။ ဒင်းတို့ ဘယ်တော့မှ ပြန်ခေါ်လိမ့်မယ်မဟုတ်ပါ။
ဒီတော့ထပ်ပြီး ဖုန်း ကိုင်ထားရင်း စောင့်ရပြန်တယ်။

“၀မ်းနည်းပါတယ်။ သင့်ရဲ့ ခေါ်ဆိုမှုဟာ
ကျွန်မတို့အတွက် အလွန်မှ အရေးကြီးပါတယ်။
ခေတ္တစောင်ဆိုင်းပြီးမှ ပြန်လည်ခေါ်ပါရှင်
ကျေးဇူးအထူးတင်ပါတယ်” တီတီတီ....တီ..


အမလေး အရပ်ကတို့ရေ သေလောက်အောင် အလိုအလျောက် စက်ကပြောတဲ့ စကားသံကိုစောင့်ပြီးမှ ဖုန်းမဖြေဘဲလိုင်းကို ဖြတ်လိုက်တာ စိတ်ရှိတဲ့အတိုင်းဆို အော်ပြီး ဆဲလိုက်ချင်တယ်။ မနည်းကို စိတ်ကထိန်းထားလို့ဗျ။

နည်းပညာတွေက အရမ်းထွန်းကားနေပြန်တော့လည်း လူကပြောမည့် ဖြေမည့်အစား အသံကိုကြိုတင်သွင်းပြီး စက်ထဲတည့်ထား၊ ဖုန်းမေးရင် အဲဒီအသံသွင်းထားတဲ့စက်က ပြော။ တော်တော်လေးကို စိတ်ပျက်စရာ။ လိုရင်းပြောချင်တဲ့သူဆီကို ရောက်ဖို့ အသက်ထွက်မတပ်ကို စောင့်စားရတာပြောမနေနဲ့တော့။

တစ်ခါတစ်လေ စိတ်ပိန်လို့ ပြောချင်တဲ့သူနဲ့ စကားပြောခွင့်ရပြီဆိုရင် ကြုံတုန်း ကျေးဇူးပြု၍ သင့်ရဲ့ တိုက်ရိုက်နံပါတ်ကို ပေးပါလားခင်ဗျာလို့ဆိုရင် ...တစ်ခါတည်း မပြောလိုက်နဲ..


...အို့.. စိတ်မရှိပါနဲ့ .....အခုခေါ်တဲ့ အဓိကလိုင်းနံပါတ်ကို ဘဲခေါ်လိုက်ပါ။

ကျွန်တော့်စိတ်ထဲတော့ ဒင်းကို အော်ဟစ်ပြီး တုတ်လိုက်ချင်တယ်။ အဲဒီအတိုင်းပြန်ခေါ်ရင် အဲဒီလိုဘဲ အခက်အခဲတွေကြုံတွေ့ရဦးမှာပေါ့။ အင်း...တိုးတက်တဲ့နိုင်ငံတွေကြပြန်တော့လည်း ....လူကြီးမင်းတွေနဲ့မတွေ့ဘဲ .....ကြက်သတုံး အော်တိုမက်တစ် အဖြေဖုန်းတွေနဲ့ တွေ့နေပြန်ပါပြီ လို့ တွေးမိတယ်။

သြော်....ဒုက္ခ ဒုက္ခ...ဖုန်းခေါ်ရတဲ့ ဒုက္ခ..။ ဒင်းတို့ကို ဖုန်းခေါ်ရတဲ့ ဒုက္ခဟာ ရန်ကုန်မြို့တော်ခန်းမနားက ကားမှတ်တိုင်မှာ ကားစောင့်ရတဲ့ ထက်တောင် ပိုဆိုးနေပါသလားလို့ တွေးမိပါတယ် အရပ်ကတို့ရေ။

Tuesday, July 24, 2007

စင်္ကာပူမှာ အလုပ်လုပ်မယ်ဆိုရင်

အမှန်တကယ်တော့ အမိမြေကိုစွန့်ခွာပြီး နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ဆိုတာ မိမိကိုယ်ရေးအချက်အလက်တွေကို ပြင်ဆင်ရုံမျှမက အခြား အခြားသော လိုအပ်ချက်များကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။ မိမိဘ၀ကို နိုင်ငံတကာအတွေ့အကြုံရဖို့ တနည်းအားဖြင့် နိုင်ငံခြားမှာအလုပ်လုပ်ဖို့ ရည်ရွယ်ထားသူများအတွက် မမျှော်လင့်သော အခက်အခဲများ၊ ယဉ်ကျေးမှုကွာခြားမှု၊ ဘာသာစကား ကွဲပြားမှု၊ စတာတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်သိထားဖို့လိုတယ်။ ဘယ်တော့မှာ မိမိကို မိမိ လျော့မတွက်ပါနဲ့။ ဥပမာ - မိမိနိုင်ငံနှင့်ယှဉ်လျှင် ကွဲပြားခြားနားတဲ့ - လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေများ၊ နေထိုင်ခွင့်ဆိုင်ရာ အချက်အလက်များ၊ အလုပ်လုပ်ကိုင်ခွင့် အဆင့်ဆင့်နည်းလမ်းများ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ နည်းလမ်များ နှင့် ယဉ်ကျေးမှုကွဲပြားခြားနားမှုဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို သတိထားပြီး ကြိုတင်လေ့လာရမှာဖြစ်တယ်။

ဒါ့ကြောင့် အခုရေးထားတဲ့ အောက်ပါအချက်အလက်တွေဟာ ခင်ဗျားတို့အတွက် တနည်းမဟုတ် တနည်း အထောက်အကူ ပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။



အလုပ်လုပ်ခွင့် ပါမစ်

၁) လစာ စင်္ကာပူဒေါ်လာ၂၅၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Employment Pass (EP) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် အဆင့်မြင့်တာဝန်များကိုထမ်းဆောင့်သည့်သူများအတွက်။
၂) လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Special Pass (S Pass) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် အလယ်အလတ်အဆင့် တာဝန်များကိုထမ်းဆောင့်သည့်သူများအတွက်။
၃) အနိမ့်ဆုံးလစာ စင်္ကာပူဒေါ်လာ ၄၀၀ အထက်ရသော အလုပ်အကိုင်များကိုလျောက်မည့် နိုင်ငံခြားသားများသည် Work Permit (WP) အဆင့်ကိုလျောက်ရမယ်။ တနည်းအားဖြင့် ကာယတာဝန်များကို ထမ်းဆောင့်သည့်သူများအတွက်။

အလုပ်ကြော်ငြာများ

၁) စထရစ်တိုင်း(Stratis Times) ခေါ် စင်္ကာပူအမျိုးသားရေး သတင်းစာသည့် အဓိက အလုပ်ကြော်ငြာများကို ကြော်ငြာသည့်အတွက် အထူးဝယ်ဖတ်ရန်လိုအပ်သည်။
၂) အကယ်၍ ကိုယ်ကိုတိုင်က စင်္ကာပူမရောက်ခင်ရှာမယ်ဆိုရင် ဒီဝက်ဘ်ဆိုက်တွေကတဆင့်လည်း ရှာနိုင်တယ်။
- http://sg.jobstreet.com/
- http://www.jobsdb.com/Singapore/Jobs
- http://www.st701.com/

အဓိကကတော့ အခုလို အလုပ်ရှာရတာ အပြိုင်အဆိုင်များသည့်အပြင့် လူတော်လူမွန်ပေါင်းမြောက်များစွာ အလုပ်ရှာကြသည့် စင်္ကာပူနိုင်ငံမှာ မိမိကိုယ်မိမိ အပြုသဘောဆောင်၊ ရင့်ကျက်မှု့စိတ်ဓါတ်အပြည့်ဖြင့် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါ။

ကိုယ်ရေးရာဇ၀င် အချက်အလက်ရေးသားခြင်း

၁) စင်္ကာပူမှာ ကိုယ်ရေးရာဇ၀င်ကို CV လို့မခေါ်ဘဲ Resume လို့ခေါ်ဝေါ်သုံးစွဲတယ်။
၂) ကိုယ့်ရဲ့ Resume ရီဇူမ်းဟာ ကိုယ့်အကြောင်း အထူးသဖြင့်ကြော်ငြာသည့်သဘော ဖြစ်သည့်အတွက် အထူးဂရုပြု၍ ရေးပါ။ အထူးသဖြင့် မိမိအလုပ်လျောက်သည့်အလုပ်ရှင်က အလုပ်အင်တာဗျူးခေါ်ချင်အောင်ကြိုးစားဖို့ မမေ့ပါနှင့်။
၃) ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်အမျိုးမျိုးကို ပုံသေ Resume ရီဇူမ်းတစ်ခုတည်းနဲ့ လျောက်မယ့်အစား အလုပ်သဘာဝပေါ် မူတည်၍ ပြောင်းလဲဖို့ မမေ့ပါနှင့်။
၎) ပညာအရည်အချင်း၊ ဘွဲ့ ဒီပလိုမာ စသည်တို့ကို အထူးသဖြင့် လောလောဆယ် ရထားသည့် ဘွဲ့ ဒီပလိုမာကို ပထမဦးဆုံးတင်ပြီး နောက်ပြန်ရေးပါ။
၅) အလုပ်ရှင်နှစ်သက်သော စာလုံးများဖြစ်သော demostrated, contributed, organised, managed များကို ထည့်သုံးပါ။
၆) မိမိကို ဆက်သွယ်လို့ရမည့် ဖုန်း၊ အီးမေးလ် စသည့်တို့ကို ထည့်ဖြစ်အောင်ထည့်ပါ။

မိတ်ဆက်စာ နှင့် နောက်ဆက်တွဲ ရေးသားခြင်း

၁) မိမိလျောက်မည့် လုပ်ငန်းနှင့် နှီးနွယ်ဆက်စပ်သည့် အတွေ့အကြုံ၊ အောင်မြင်မှုများတို့ကိုသာ အဓိကထားပြီးရေးပါ။
၂) စာ ၁ မျက်နှာထက် မကျော်ပါစေနဲ့။
၃) အထက်ပါ မိတ်ဆက်စာ၊ ကိုယ်ရေးရာဇ၀င်များနှင့်အတူ လတ်တလောရိုက်ထားတဲ့ ဓါတ်ပုံ၊ ဘွဲ့လက်မှတ်၊ မူရင်း၊ ဘာသာပြန်၊ ယခင်အလုပ်ရှင်၊ ကျောင်းမှ ဆရာ များ၏ ထောက်ခံစာများ၊ ပတ်စပို့ စသည်များကို တစ်ပါတည်းတွဲပြီး ပို့ပါ။

ဆောင်ရန်

၁) များသောအားဖြင့် စင်္ကာပူဒေါ်လာကိုသာ အသုံးပြုသည်ကို သတိပြုပါ။
၂) အလုပ်မလျောက်ခင် လျောက်မည့် လုပ်ငန်းအကြောင်းကို ပိုမိုနားလည်အောင် အင်တာနက်မှ တဆင့် ကြိုတင်လေ့လာပါ။
၃) ဖြစ်နိုင်လျှင် မိမိရဲ့ လုပ်ငန်းနှင့် ဆက်နွယ်သည့် အောင်မြင် စွမ်းဆောင်မှုများကို တင်ပြပါ။
၎) အင်တာဗျုးခွင့်ရခဲ့လျှင် အင်တာဗျုးပြီးနောက် အဆိုပါကျေးဇူးတင်ကြောင်း အီးမေးလ် ပို့ဖို့ မမေ့ပါနှင့်။

ရှောင်ရန်

၁) မိမိရဲ့ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ထောက်ခံရှင်အဖြစ် အသုံးမပြုပါနဲ့။
၂) အင်တာဗျုးတွင် အင်တာဗျုးသည့်သူက ထိုင်လို့ပြောမှသာ ထိုင်ပါ။
၃) ယခင်အလုပ်ရှင်နှင့် အလုပ်၏ မကောင်းကြောင်းကို မပြောပါနဲ့။
၎) အင်တာဗျုးတွင် ရင်တုန်း ပန်းတုန် မဖြစ်စေရန် ကြိုတင်လေ့ကျင့်ပါ။

စင်္ကာပူ ယဉ်ကျေးမှု ဓလေ့စရိုက်

၁) စင်္ကာပူအစိုးရသည် စီးပွားရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီပေးသည်။
၂) လူမျိုးစုံပေါင်းစပ် လုပ်ကိုင်သည့် လုပ်ငန်းကြီးများသည့် စင်္ကာပူတွင် ခိုင်မြဲစွာ အခြေတည်လျက်ရှိသည်။
၃) စင်္ကာပူလူမျိုးများသည် အထူးသဖြင့် လုပ်ငန်းအတိအကျအတိုင်း လုပ်ရန် နှစ်သက်သည်။ ဒါပေမဲ့ ပြီးစီးမှုအတိုင်းအတာကိုတော့ အတိအကျပြောဖို့ မနှစ်သက်ကြ။
၎) စင်္ကာပူတွင် အချိန်သည့် ငွေဖြစ်သည်။ အားတိုင်း ဟိုဒီလျောက်လည်ဖို့ စိတ်မကူးပါနဲ့။
၅) ဘယ်အလုပ်မဆို ကြိုတင်ချိန်းဆိုပြီးမှသာ တွေ့ဆုံကြသည်။
၆) အ၀တ်အစားကို အတပ်နိုင်ဆုံး သင့်တော်အောင် ၀တ်ဆင်ကြသည်။ တိုးတက်သည့် နိုင်ငံဖြစ်သော်လည်း အနောက်နိုင်ငံများကဲ့သို့ ကြမ်းတမ်းစွာ မ၀တ်ဆင်ကြပါ။

စင်္ကာပူလမ်းညွှန်စာအုပ် (အိုင်အက်ဘီအမ် - ၉၀-၅၈၉၆-၀၂၆၉) မှ သင့်တော်သည်များကို ကောက်နုတ်တင်ပြခြင်းဖြစ်သည်။ အသေးစိတ်သိလိုသည်ပါက ထိုစာအုပ် (သို့) စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် http://www.mom.gov.sg/ တွင် ကြည့်ပါ။

Monday, July 23, 2007

ဘာလဲဟဲ့ လူ့ဘဝ

ပေါက်တက်ကရ လျောက်တွေးရင်းနဲ့ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်နားလည်သလို ရေးချလိုက်ပါတယ်။

လူ့ဘ၀ဆိုတာ ဘာကိုခေါ်တာလဲ။
လူဖြစ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
လူတိုင်းရှိရမဲ့ အခြေခံ အချက်အလက်တွေ ကဘာတွေလဲ။
လူဖြစ်ရကျိုးနပ်အောင် ဘာလုပ်ရမလဲ။
အောင်မြင်တဲ့သူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ။


တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း နဲ့ အဓိပ္ပါယ်ဖွင့်ရင်တော့ အများကြီးပေါ့။ ကျွန်တော်လည်း အခုလိုသာ စဉ်းစားမိတာ အဖြေတွေကတော့ ဟိုတမျိုး ဒီတမျိုးပေါ့ဗျာ။ ခင်ဗျားတို့လည်း နားလည်သလို စဉ်းစားမိလို့ ရေရေရာရာ အဖြေရရင် ဝေငှပါအုံး (မတွန့်တိုဘူးဆိုရင်ပေါ့)။

တစ်ချို့ကပြောတယ်။ လူ့ဘ၀ရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်က ဘုရားရဲ့အမိန့်စကားကို နားထောင်ဖို့နဲ့ ကောင်းချီးပေးခြင်း ခံရဖို့၊ ဒါမှ နောင်တမလွန်ဘ၀မှာ ကောင်းမွန်တဲ့နေရာမှာ ခံစား စံစားနိုင်မယ်ပေါ့။ ဒါဆိုရင် ဥပမာဆိုကြပါဆို့ - ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့သူတွေ၊ မိခင်ဗိုက်ထဲမှာဘဲ မမွေးခင်ဆုံးသွားသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူတွေ၊ တခြားဘာသာခြား လူတွေနဲ့ ဘာသာမရှိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါစဉ်းစားစရာဘဲ။ တကယ်တော့ လူအမျိုးမျိုး၊ စိတ်အဖုံဖုံ၊ ဘာသာတရားနဲ့ ယုံကြည်မှုအမျိုးမျိုးရှိတဲ့အတွက် ဘ၀အပေါ်မှာထားတဲ့ ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အသုံးကျမှု အမြင်၊အယူအဆ အပြုအမှုတွေဟာလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါ့ကြောင် တူညီတဲ့ အယူအဆနဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။

လူသားတိုင်းဟာ ဘ၀ဖြစ်စဉ် အဆင့်ဆင့်ဖြစ်တဲ့ မွေးဖွားခြင်း၊ အိုချင်း၊ နာမကျန်းခြင်း၊ သေခြင်းတွေကို ဘယ်ဘာသာခြား၊ လူမျိုးခြားမဆို မလွဲမသေ ရင်ဆိုင်ကြရမှာဖြစ်တယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးကိုစံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်ဆိုတဲ့ အသိတရားဟာ ဘယ်ဘာသာ၊ ဘယ်လူမျိုးဘဲဖြစ်ဖြစ် လိုက်နာရမယ့် ကမ္ဘာဥပဒေသ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကြောင်းနဲ့ အကျိုးဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သဘောပေါက်ရမှာဖြစ်တယ်။ ဒီသဘောကို နားမလည်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီလူဟာ မကောင်းမှုတွေကို ကျူးလွန်မိမှာ မလွဲပါ။ သူ့အတွက်ကတော့ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါဘဲ။ ဒါ့ကြောင့်လဲ ယနေ့ခတ် ကမ္ဘာကြီးပေါ်မှာ ထဲလ်ရိုးရစ်ဇမ် လို့ခေါ်တဲ့ လူသားချင်းမစာနာ အကြမ်းဖက်မှုတွေ၊ လူကုန်ကူးမှု၊ သူတစ်ပါးသားသမီးအား စော်ကားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေပြီဖြစ်တယ်။ ဒါတွေကို မည်သို့ပင် မင်းအစိုးရတို့က စည်းကမ်းဥပဒေသတ်မှတ် သော်လည်း ဒီအကျိုးအကြောင်း အဆိုးအကောင်းကို မလိုက်နာတဲ့သူအတွက်ရှိနေတဲ့အတွက် ယနေ့ ကမ္ဘာကြီးဟာ စိုးရိမ်ထိပ်လန့်စရာတွေနဲ့ တစီချည်းရှိနေတယ်ဆိုတာ အားလုံးမျက်မြင်ပါဘဲ။

တစ်ကယ်တော့ ဘာသာတရားဆိုတာ လူတိုင်းအတွက် ခုံလှုံစရာ အရိပ်ပမာပါဘဲ။ ဘာသာတရားက လူတွေကို ယဉ်ကျေးအောင်၊ လူအချင်းချင်း စာနာနားလည်မှုရှိအောင်၊ ချစ်ခင်လေးစားအောင်၊ ကြီးသူရိုသေ ငယ်သူလေးစားအောင်၊ အမိအဖကို ရိုသေကိုင်းရှိုင်းအောင်၊ မိမိကိုယ်ကို ကောင်းမွန်အောင် ပြုမှု ကြံစည် ဆက်ဆံနိုင်အောင် စတဲ့ အချက်တွေကို သင်ကြားပေးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ သေချာပြန်လည် ဆန်းစစ်ဖို့လိုတာက အဲဒီဘာသာတရားက သင်ကြားပေးလိုက်တဲ့ အတိုင်းရော အဲဒီဘာသာတရားကို လိုက်နာကြတဲ့ လူတွေက တကယ်ကော လိုက်နာကြရဲ့လားဆိုတာကို အလေးအနက် စဉ်းစားဖို့လိုပါတယ်။ ဥပမာ - လူအချင်းချင်း ချစ်ခင်လေးစားဖို့သင်ကြားထားတဲ့အတိုင်း၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့သင်ကြားထားတဲ့အတိုင်းရော ယနေ့ခေတ် လူတွေလိုက်နာကြရဲ့လား ---ဘာသာတရားရဲ့အဆုံးအမကို ဘယ်အတိုင်းအတာထိ လိုက်နာနေကြတာလဲ... စသဖြင့် မိမိကိုယ်ကို ဆန်းစစ်ကြဖို့လိုပါတယ်။

ဒါ့ကြောင့် လူဘ၀ဆိုတာ သူ့သဘောအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်းပါ။ ဒါပေမဲ့ ဒီလူ့ဘ၀မှာ လူလာဖြစ်ကြတဲ့ လူသားတွေကြောင့်ဘဲ အဓိပ္ပါယ်အမျိုးမျိုးထွက်ကုန်တယ်လို့ နားလည်မိပါတယ်။ မိမိကိုယ်ကို မိမိ ပျော်ရွင်အောင်နေဖို့၊ မိမိလုပ်ထားတဲ့ ကောင်းမှုတွေကို ကောင်းသထက်ကောင်းအောင် ထပ်လုပ်ဖို့၊ လိုအပ်ချက်တွေကို အတပ်နိုင်ဆုံးဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိတာတွေကို ဖြစ်နိုင်အောင် စွမ်းဆောင်ဖို့လုပ်ရင်းနဲ့ ဘယ်အချိန် ဘယ်နေရာ ဘယ်အရွယ်မှာ လာခေါ်မည်မသိတဲ့ မရဏသေမင်းထံကို သွားရဖို့ မမေ့ကြဖို့ တိုက်တွန်းမိပါတယ်။

(ကျွန်တော်ကိုယ်တိုင်သည်ပင် လူ့ဘ၀အဓိပ္ပါယ်ကို အရှင်းဆုံး ပြန်ဆိုနိုင်ခြင်းမရှိသေးကြောင်း ၀န်ခံပါသည်။)

Sunday, July 22, 2007

စိမ်းလန်းပါစေ တို့ကမ္ဘာမြေ

၇-၇-၂၀၀၇ က ကမ္ဘာတိုက်ကြီး ၇ခုမှာ ၂၄နာရီ မရပ်မနား ကျင်းပပြီးစီးသွားသည့် “ရှင်သန်နေမည့် ကမ္ဘာမြေ” သီချင်းဆိုပွဲမှ အကောင်းဆုံးအဆိုတော်များ၏ သီချင်းများကို ဒီကနေ့ တီဗွီ ၅ နံပါတ်လိုင်းမှာ ၃နာရီကြာ ပြန်လည်ပြသခဲ့တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုကျော်ပေါင်း ၁၀၀ ရာကျော်ဟာ သက်ဆိုင်ရာ သီဆိုရမည့် တိုက်ကိုယ်စားပြု နိုင်ငံတွေကို သွားရောက်ပြီး ပရိတ်သတ်ပေါင်း ၂ဘီလီယံကို အင်တိုက်အားတိုက် ဖျော်ဖြေ ခဲ့ကြတယ်။

တနင်္ဂနွေနေ့ဆိုတော့ ကျွန်တော်လည်း ထုံးစံအတိုင်း အိမ်မှာ နားရင်းနဲ့ မကြည့်လိုက်ရတဲ့ အဆိုကျော်တစ်ချို့ ကို ပြန်ကြည့်မယ်ဆိုပြီး ညနေ ၄နာရီ ကတည်းက ၇ နာရီအထိ တရစပ်ကြည့်လိုက်တယ်။

ဒီပွဲရဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး တကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံး အမှတ်တရ သတိထားမိစေရန် အမေရိကန် ဒုတိယသမ္မတဟောင်း မစ္စတာ အယ်လ်ဂိုးက ဦးဆောင်ပြီး လုပ်တဲ့ပွဲလည်းဖြစ်တယ်။

ကျွန်တော်တို့သိကြတဲ့အတိုင်းဘဲ ဒီကနေ့ကမ္ဘာမြေကြီးဟာ ပူနွေးလာပြီဖြစ်တဲ့အလျောက် တချိုနေရာတွေမှာ ဆိုရင် အအေးလွန်ကဲခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်းစတဲ့ အဖြစ်အပျက်တွေဟာ တဖြည်းဖြည်းနဲ့ ပြင်းထန်လွန်းတဲ့ အတွက် လူပေါင်းများစွာ သေကြေ၊ ဒါဏ်ရာရခြင်း၊ အစာရေစာပြတ်လတ်ခြင်း၊ စတဲ့အဖြစ်ဆိုးတွေဟာ တနေ့တခြား တိုးပွားနေပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အသိဥာဏ်ရှိတဲ့ လူသားအားလုံး “ကျေးဇူးသိ ကျေးဇူးဆပ်” ဆိုတဲ့အတိုင်း ဤကမ္ဘာမြေကြီးကို တာဝန်သိသိဖြင့် တစ်ဦးတစ်ယောက်ခြင်းကစပြီး အောက်ပါ အခြေခံ အချက်တွေကို လိုက်နာစောင့်ထိန်းဖို့ တိုက်တွန်းရင်း နဲ့ ကျွန်တော်ကြိုက်တဲ့အဆိုတော်တွေထဲက ခင်ဗျားတို့လည်း နှစ်သက်မယ်လို့ထင်ရတဲ့ အဆိုကျော်တစ်ချို့ရဲ့ ဓါတ်ပုံကို တင်ပြလိုက်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းရဲ့ စွမ်းဆောင်မှုဟာ ကမ္ဘာကြီးအတွက် ဘာမျှမဖြစ်လောက်ပေမဲ့ လူပေါင်းမြောက်များစွာ စုပေါင်းလိုက်ပါက အံ့မခန်း စွမ်းဆောင်မှုကြီးဖြစ်တဲ့အတွက် ဘယ်တော့မှ လျော့မတွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

၁) မီးကို အတပ်နိုင်ဆုံး ခြွေတာသုံးပါ။ အထူးသဖြင့် စွမ်းအင်အရမ်းကျသည့် မီးသီးများအစား fluorescent lights (CFLs) မီးသီးအမျိုးအစားကိုပြောင်းသုံးပါ။
၂) အဲယားကွန်းအအေးစံနှုန်းကို လျော့သုံးပါ။
၃) မလိုအပ်ဘဲ စွမ်းအင်သုံး ရေပူဖြင့်ရေချိုးခြင်းကို လျော့ပါ။
၎) ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်သတ္တ၀ါတွေဟာ တဖြည်းဖြည်းနဲ့ ပျက်သုံးနေတဲ့အတွက် ပင်လယ်စာများကို အတပ်နိုင်ဆုံး ဆင်ခြင်စားသုံးပါ။
၅) အီလက်ထရောနစ်ပစ္စည်းများကို ၀ယ်တဲ့အခါ Energy Star တံဆိပ်ပါသော ပစ္စည်းများကိုသာဝယ်ပါ။
၆) အတပ်နိုင်ဆုံး ဒေသထွက်ကုန်များကို ၀ယ်ယူစားသုံးပါ။
၇) တစ်ခါသုံးခွက်များဖြင့် သောက်သုံးစားသောက်ခြင်းထက် ပြန်လည်သုံးလို့ရသည့် ပန်းကန် ခွက်ယောက် များဖြင့်စားသုံးပါ။
၈) လမ်းခရီးကို အတပ်နိုင်ဆုံး ခြေလျင်ခရီးဖြင့် သွားလို့ရပါက သွားပါ။
၉) ကွန်ပျူတာမော်နီတာကို အသုံးမပြုသည့်အခိုက် Sleep Mode သို့ပြောင်းထားပါ။
၁၀) မလိုအပ်ဘဲ ဓါတ်လှေကား၊ စက်လှေကားကိုအသုံးမပြုဘဲ ခြေကျင်တက်ပါ။
၁၁) ကွန်ပျူတာ၊ ပန်ကာ၊ ပရင်တာ၊ စကန်နာ၊ လက်ကိုင်ဖုန်း၊ တီဗွီအစရှိသော ပလပ်များကိုအသုံးမပြုပါက မီးပေါက်မှ ဖြုတ်၍ထားပါ။ ဘာကြောင့်လဲဆိုတော့ ဒီပလပ်တွေကတဆင့် လျပ်စစ်စီးဆင်းနိုင်တဲ့အတွက် စွမ်းအင်ကို မခြွေတာရာ ရောက်ပါတယ်။



(ကျွန်တော်တို့အတွက် သင့်တင်လျောက်ပတ်သည့် အချက်အလက်များကိုသာ အမ်အက်စ်အမ် အင်တာနက်စာမျက်နှာမှ ဘာသာပြန်ခြင်းဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၄င်းစာမျက်နှာတွင်သာ သွားရောက်ကြည့်ရှုပါရန်၊)

ကျွန်တော့်တို့အားလုံး ကမ္ဘာမြေကြီးကို စိမ်းလန်းအောင်ထိန်းသိမ်းဖို့ ကြိုးစားကြပါစို့ ++

Saturday, July 21, 2007

သာဓုပါ သာအေးရာ

ဒီရက်ပိုင်းတွေထဲမှာ အလှူဒကာတွေ တော်တော်များနေတော့ ဟိုကကျွေးလိုက် ဒီကကျွေးလိုက်နဲ့ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတဲ့ ကျွန်တော်တစ်ယောက်တော့ ချဖို့နေနေသာသာ ခန္ဓာကိုယ်အလေးချိန်က တိုးပြီးရင်းတိုးနေတော့ တာပါဘဲဗျာ။

ဒီနေ့လည်း နေ့လည်ပိုင်းလောက် မြို့ထဲမှာ ပြသနေတဲ့ “သင်နှင့် ကျန်းမာရေး” ပြပွဲကို သွားဖို့ဆိုပြီး အိမ်ကထွက်ခဲ့တယ်။ ဟိုရောက်တော့ ကျန်းမာရေးအကြောင်းသိကောင်းစရာများကို လေ့လာရင်း အမြည်းကျွေးသော စားသောက်ပစ္စည်းတွေကို ထုံးစံအတိုင်း အားမနာ လျာမကြိုး စားခဲ့တယ်။ ပြီးတော့ စင်္ကာပူအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြသတဲ့ ပြခန်းမှာ အခမဲ့ ကျန်းမာရေးစစ်ဆေးနေတာ တွေ့တာနဲ့ ကျွန်တော်လည်း ….ဘာရမလဲ…အလကားဆိုတော့….. ၀င်တန်းစီရင်း သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ကိုယ်ခန္ဓာကျန်းမာရေးစံနှုန်းစစ်ဆေးတာတွေကို လုပ်ခဲ့တယ်။ အဖြေထွက်လာတော့ ကြည်လိုက်တဲ့အခါ ကျွန်တော်ရဲ့ ကိုယ်အလေးချိန်ဟာ သာမန်ထက် ကျော်လွန်နေတာတွေ့ရတော့မှ ကျွန်တော့်ကို ကျွန်တော် သံဝေဂရမိတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကနဲလာပြီးကတည်းက မလုပ်ဖြစ်ဘဲ အစားဘဲ စားပြီးရင်း စားနေတာလည်း အကြောင်းတစ်ခုဘဲလို့ သတိထားမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အစားအသောက်ကို စပြီး ဆင်ခြင်ဖို့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ဆုံးမရင်း ပြပွဲကပြန်ထွက်လာခဲ့တယ်။

အဲဒီတော့မှာ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပြီး သူကဒီနေ့ ညစာကျွေးမယ်ဆိုလို့ ချိန်းဆိုထားတဲ့ အက်စ်စပန်နစ် ပြဇာတ်ရုံနေရာကို သွားခဲ့တယ်။ သူငယ်ချင်းအားလုံးပေါင်း လေးယောက်ဆိုတော့ ဈေးနှုန်းလည်းချို နေရာလည်း ကောင်းတဲ့ စားသောက်ဆိုင်ကို လိုက်ရှာကြတယ်။ ထိုင်းအစားအစာကို မစားရတာလဲကြာပြီဆိုတော့ ကျွန်တော်ကဘဲ အကြံပေးလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်တို့အားလုံး ပြဇာတ်ရုံဘေးနားက “Thai Express” စားသောက်ဆိုင်မှာ စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ရောက်တော့ အထဲမှာမထိုင်ဘဲ ဟိုဟိုဒီဒီလည်း ကြည့်လို့ရအောင်ဆိုပြီး အပြင်ခုံမှာထိုင်ကြတယ်။

စားစရာမှာမယ်ဆိုတော့ သူငယ်ချင်းအားလုံးကလဲ မင်းသဘောဆိုတာနဲ့ ကျွန်တော်လည်း ကိုယ်လဲကြိုက်စေ ---အာပတ်ပြေ ---သူတို့လည်းကြိုက်စေဆိုတဲ့အတိုင်း ထိုင်းအလွမ်းပြေ အောက်ပါ အတိုင်း မှာလိုက်သတည်း….

ကြက်သားအုန်းနို့ဟင်း၊ ပင်လယ်စာ အစပ်ဟင်း၊ သင်္ဘောသီးထောင်း၊ ပဲပြားကြော်သုတ်၊ ထုံရမ်းကွန့်၊ ကန်စွန်းအချိုကြော်၊ ပြီးတော့ အချိုပွဲအတွက် သရက်သီးအုန်းနို့စမ်းကောက်ညင်း၊ ငှက်ပျော အုန်းနို့ရေခဲမုန့်၊ ထောပတ်သီးဖျော်ရည်၊ သီးစုံရေခဲမုန့်တွေကို မှာလိုက်တယ်။

ဗိုက်စာနေကြပြီဆိုတော့ ကျွန်တော်တို့လည်း အားပါးတရ ဇူစကာပုဏ္ဏားအတိုင်း လက်ကျန်မရှိ အကုန်ကွိလိုက်ပါတယ်။ ခုနတုန်းက ကိုယ့်ကိုယ်ကို ဆုံးမထားတဲ့ ဆုံးမစကားတွေက စားနေရင်း ခေါင်းထဲတော့ ပေါ်လာတယ်။ ဒါပေမဲ့လည်း အခုစားတာက အမြဲတမ်းစားရတာမဟုတ်တော့ဗျာ ….. ကိုယ့်ကိုယ်ကိုဘဲ ဖျောင်းဖြရင်း အကုန်လုံး ကျွန်တော်က ဦိးဆောင်ပြီး တွယ်လိုက်ပါတော့တယ်။
ကျွန်တော့် သိစိတ်ကတော့ --- ဒီလိုပုံစံမျိုးနဲ့ဆို ဘယ်လိုလုပ်ပြီး ကိုယ်အလေးချိန်ကို သွားချမလဲ ----လို့ ထပ်ခါတလဲလဲ ကြိမ်းဝါးနေတော့တာပါဘဲဗျာ။

ကျွန်တော်ကတော့ ဘာဘဲပြောပြော သူများက စေတနာအပြည့်နဲ့ကျွေးတာဆိုတော့ အထမြောက်အောင်တော့ စားရမှာပေါ…ဟဲဟဲ…။ စားပြီးပြီဆိုတော့ ထုံးစံအတိုင်း စိတ်ထဲကတော့ ဆုပေးလိုက်ပါတယ်…ဗျာ။

“သာဓုပါ သာအေးရာ -----မောင်မင်းကြီးသားတစ်ယောက် --- ဒီထက်ပိုပြီး အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့ပြီး ရည်မှန်းထားသော အိမ်ထောင်ဘက်ကို လျင်စွာမုချ ရနိုင်ပါစေလို့….”

Thursday, July 19, 2007

စင်္ကာပူကို လာချင်တယ်

ဒီနေ့ ပို့စ်တစ်ခု တင်မယ်ဆိုပြီးစဉ်းစားလိုက်တော့ ခေါင်းထဲ အကြောင်းအရာတစ်ခုက စီးဝင်လာတာနဲ့ အခုလို ချရေးလိုက်တယ်။
ရည်ရွယ်ချက်တစ်ခု အောင်မြင်ဖို့ဆိုတာ အလေ့အကျင့်လိုတယ်။
အလေ့အကျင့်ရဖို့ အလေ့အထ ရှိရမယ်။
အဲဒီ အလေ့အထကိုရဖို့ ၀ီရိယ - စွဲမြဲမှုရှိရမယ်။
ဒါ့အပြင် ၀ီရိယကိုထိမ်းမတ်ပေးမဲ့ စူးစမ်းဆင်ချင်ဥာဏ်ရှိရမယ်။


အောင်မြင်မှုလို့ဆိုတဲ့နေရာမှာ ဘာကြီး ညာကြီး ကြီးကြီးမားမားတွေကိုမစဉ်းစားနဲ့အုံး။ ကျွန်တော်တို့ လက်တွေ့ဘ၀မှာ လူတိုင်းတောင်းတလေ့ ရှိတဲ့ အောင်မြင်မှုတစ်ခုကို စဉ်းစားကြည့်ပါစို့။

ဥပမာ- မြန်မာပြည်က လူငယ်တစ်ယောက် စင်္ကာပူမှာ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုကို အထက်ကကျွန်တော် တင်ပြထားတဲ့ စာညွှန်းအတိုင်း အကောင်အထည် ဖော်ကြည့်ရအောင်ပေါ့။

အရင်ဆုံးစဉ်းစားသင့်တာက ကိုယ့်ရဲ့လက်ရှိအခြေအနေဟာ ဘယ်အတိုင်းအတာထိရောက်နေသလဲ။ ကိုယ်က အဝေးသင် ရိုးရိုး ဘာသာနဲ့ ဘွဲ့ရထားတယ်။ ဒါပေမဲ့ ကွန်ပျူတာရောင်းတဲ့ကုမ္ပဏီမှာ စက်ပြင်အနေနဲ့လုပ်တာ အချိန်ပြည့် ၃ နှစ်လောက်ရှိပြီဆိုပါစို့။ ကိုယ်တိုင်ကလည်း ကွန်ပျူတာပြင်တာကို ၀ါသနာပါတယ်။ ဒီအလုပ်နဲ့ဘဲ စင်္ကာပူမှာ အလုပ်ရချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒါဆို ဒီရည်ရွယ်ချက်ကို အောင်မြင်ထမြောက်ဖို့က ကိုယ့်မှာ လုံးလုံးလျားလျား တာဝန်ရှိတယ်။ တနည်းအားဖြင့် အောက်ပါလိုအပ်တဲ့ အရာမှန်သမျကို စင်္ကာပူမလာခင်ကတည်းက ဖြည့်ဆည်းဖို့လိုတယ်။

၁) အလုပ်လုပ်တဲ့ ၃ နှစ်ဆိုတာ ဘွဲ့ရပြီးမှလား၊ မရသေးခင်ကတည်းကလား၊ များသောအားဖြင့် ဘွဲ့ရပြီးမှ လုပ်သက်က ၂ နှစ် ၃ နှစ်လောက်ဆိုရင်ပိုကောင်းတယ်။ ဒီမှာက အဲဒီအချက်ကိုလည်း အလုပ်ပါမစ် မချခင်မှာ ကြည့်တဲ့အတွက်ကြောင့်။

၂) ဘာသာစကား၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို ပြော၊နားထောင်၊ ဖတ်တတ်ပြီလား၊

၃) မိဘနဲ့နေတုန်းကလို ကလေးစိတ်တွေ ပြောက်သွားပြီလား။ အထူးသဖြင့် ကိုယ့်အားကိုယ်ကိုး နိုင်ပြီလား။ သူတစ်ပါးပြောတာထက် ကိုယ်ကိုယ်တိုင်က အားခွန်စိုက်ပြီး ကျိုးစားနိုင်ပြီလား။

၎) ထိုက်သင့်လိုအပ်သော ခရီးစရိတ်၊ အလုပ်မရခင် နေစရိတ် စတဲ့ကုန်ကျစရိတ်တွေကာမိအောင်ကော ရှိထားပြီလား။

၅) မိမိရဲ့အရည်အချင်းတွေကို တင်ပြနိုင်ဖို့ပြုလုပ်ထားတဲ့ စီဗွီ ခေါ် ရီရွမ်း ကိုရော ကွန်ပျူတာစက်နဲ့ လုပ်ထားပြီးပြီလား။ ဒါ့အပြင် စီဗွီနဲ့တွဲပေးတဲ့ အပေါ်ဖုံး စာကိုရော ချောချောချုချု ရေးပြင်ထားပြီးပြီလား။

၆) ပြီးရင် စင်္ကာပူရောက်မှ အလုပ်ရှာတာထက် ကြိုတင်ပြီး အင်တာနက်ဝက်ဆိုက်ဒ်တွေထဲကနေပြီး မလာခင် ၂ ပတ် ၃ ပတ်လောက်ထဲက ကြိုရှာထားဖို့ကော အဆင်သင့်ဖြစ်ပြီလား။ ဘာကြောင့်လဲဆိုတော့ ဒီစင်္ကာပူမှာက ရောက်လာပြီး အလုပ်ရှာဖို့ နေထိုင်ခွင့်က ရက်အရှည်ကြီးရတာမဟုတ်ဘူး။ အနည်းဆုံး ၂ ပတ်ကနေ အများဆုံး ၃ လအထိဘဲရတာ။ ဒါတောင် တစ်ယောက်နဲ့တစ်ယောက်တူတာ မဟုတ်ဘူး။ ဒါကြောင့် ရောက်မှ ရှာတာထက် ကြိုရှာထားတာက ပိုကောင်းလို့၊ တကယ်လို့ အလုပ်ရှင်က အင်တာဗျုးချင်မယ်ဆိုရင်တောင် ကိုယ်က ဘယ်တော့လောက်တော့ ရောက်မယ် ဘာမယ်ပေါ့။ ဒီလိုကြိုအကြောင်း ကြားထားလို့ရတာပေါ့။

၇) မြန်မာပြည်က စင်္ကာပူသံရုံးမှာ ဗီဇာရဖို့အတွက် စင်္ကာပူမှာ အမြဲနေထိုင်ခွင့်ရထားတဲ့သူ (သို့မဟုတ်) စင်္ကာပူနိုင်ငံသား တစ်ယောက်ရဲ့ထောက်ခံချက်ကိုရော ရထားပြီးပြီလား။


စတဲ့ အချက်တွေကို ပြည့်စုံဖို့လုပ်ရမှာဖြစ်တယ်။

ဒါတွေကို ဖြည့်ဆည်းဖို့ မိမိမှာ အလေ့အကျင့်လိုတယ်။ ဥပမာ.. ကိုယ်က အင်္ဂလိပ်စာသိပ်မရသေးဘူး (ခေတ်စကားပြောရရင် - အီးသိပ်မကောင်းသေးဘူးပေါ့) ဆိုရင် ကျွမ်းကျင်ဖို့ လုပ်ရမယ်။ တစ်ရက်တည်းနဲ့ ဖုတ်ပူမီးတိုက်လုပ်လို့မရဘူးဆိုတာကို မမေ့ပါနဲ့။ ပြီးတော့လည်း အမြဲတမ်းလုပ်ဖြစ်ဖို့ အလေ့အထကို မွေးမြူရမယ်။ ညအချိန် ပုံမှန် လေ့ကျင့်တာတို့၊ ကျွမ်းကျင်သူ သူငယ်ချင်းနဲ့ ဆွေးနွေးတာတို့ ကို လုပ်သင့်တယ်။

စာစကားဆိုရင်တော့ ၀ီရိယလို့ပြောရမယ်။ များသောအားဖြင့် အဲဒီ အလေ့အကျင့်ကို မြဲအောင် မအောင်မြင်မချင်း လုပ်သွားဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ကိုယ်တိုင်လုပ်ကြည့်မှသာ သိကြလိမ့်မယ်။ လေ့ကျင်မှုကိုလည်း ဒီအတိုင်းလုပ်သွား နေမယ့်အစား ကိုယ့်ပိုင်ဥာဏ်ကပ်ပြီးတော့ တစ်ကယ်ကော လုပ်နေတဲ့စနစ်က မှန်ရဲ့လား၊ ဒီအတိုင်းငါကြိုးစားရင် ဘယ်လောက် ကြာကြာ လုပ်ရအုံးမလဲ။ ငါကတော့ ဘယ်တော့လောက်ဆို စင်္ကာပူကို သွားချင်တာ.. စတဲ့အချက်တွေကို ချိန်ရမယ်။ မျက်စိစုံမှတ်ပြီး လုပ်လုပ်မရဘူး။ တစ်နည်းအားဖြင့် ခွဲခြမ်းစိတ်ဖြာတဲ့ အသိဥာဏ်ရှိဖို့လိုပါတယ်။

ဒါမှ ကိုယ်ချမှတ်တဲ့ ရည်ရွယ်ချက်ကို ဦးတည်နေရာကျပြီးအပြင် ဘယ်အတိုင်းအတာထိ ရောက်နေပြီဆိုတာကိုလည်း ကိုယ်တိုင်သိရှိနိုင်မှာဖြစ်ပါတယ်။

လိုတာကိုဖြည့်၊ နားကိုစွင့်၊ တပါးသူပြောတာကို ချင့်ယုံ၊ ကိုယ်တိုင်လေ့လာ၊ ကျားကုတ်ကျားခဲလုပ်ပါ။။

++ ကျွန်တော်ပြောသော အချက်ထဲမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်သူများကို မရည်ရွယ်ပါ။++
++ စင်္ကာပူနိုင်ငံသည် ဟိုးအဝေးက အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်စတာတွေလို ဟိုရောက်တာနဲ့ အလုပ်ရရင်ရ မရလို့ ပြန်ရမယ်ဆိုရင် တရားမ၀င်နေတာတို့၊ နိုင်ငံရေးခိုလှုံတာတို့ ဘယ်လိုနည်းနဲ့မှ ရမှာမဟုတ် +++ (အခုဒီပိုစ့် ရေးချိန်အထိ)
++ လိုအပ်တဲ့ အချက်တွေ ရှိရင် ဖြည့်ပေးကြပါ+++



Wednesday, July 18, 2007

ဇူလိုင်ရဲ့ မှတ်တိုင်

ဇူလိုင်ဟာ ကျွန်တော့်ဘ၀အတွက် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်အောင် ပြောင်းလဲခဲ့သော လတစ်လ ဖြစ်နေတာဟာ ကျွန်တော့်အတွက်ကတော့ ထူးဆန်းစရာပါဘဲ။

ပထမ အလုပ်ကနေ ဒုတိယအလုပ်သို့ ပြောင်းခဲ့သောလ
ဒုတိယ အလုပ်ကနေ တတိယအလုပ်သို့ ပြောင်းရန် မြန်မာပြည်ကနေ ထွက်ခွာခဲ့သောလဘဲ ဖြစ်နေလို့ပါ။

ဒါတင်ဘယ်ကမလဲ ဇူလိုင်ဟာ ကျွန်တော်တို့ မြန်မာတွေအတွက် အပြောင်းအလဲကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသလိုပါဘဲဗျာ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်တွေ စကောလောက်မှ ဇောက်မနက်တဲ့ မသမာသူလူတစ်စုကြောင့် ကျဆုံးခဲ့ရတဲ့လလည်းဖြစ်နေလို့ပါ။

ဒါ့ကြောင့် ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲက အလွတ်ကျက်ခဲ့ရသော ဤကဗျာလေးဖြင့် နှစ် (၆၀) မြောက် အာဇာနည်နေ့(သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များ ကျဆုံးသွားသောနေ့ကို ဂုဏ်ပြုလိုက်ပါသတည်း။


အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ

ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး +++

နိစ္စဒူဝ

လုပ်ပြောနှစ်ထွေ ညီလှစေ....

မလုပ်မပြော လုပ်မှပြော
အပြောချိုလှစေ

အပြောသာချဲ့ အလုပ်မဲ့
ကဲ့ရဲ့မလွတ်စေ။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်


မနက် ၆နာရီခွဲပြီဆိုရင် နိုးစက်က တခွီခွီနဲ့ မြည်တော့တာဘဲ။ ထုံးစံအတိုင်း ပြန်ပိတ်ပြီး ခဏလောက် ထပ်ပြီး မှိန်းနေလိုက်တယ်။ ၇ နာရီလောက်ကျတော့မှ အိပ်ယာထပြီး ကွန်ပျူတာစဖွင့်၊ ပြီးတော့ လုပ်နေကြအတိုင်း မေတ္တာပို့တေးသံသာနဲ့ မနက်ခင်းကို ကျက်သရေနဲ့လင်းစေတယ်။

ဘုရားသောက်တော်ရေနဲ့ ပန်းတွေကို ပြန်ပြီးသန့်စင်၊ နောက်တော့ မနက်စာအတွက် ကြက်ဥကြော်၊ ရေနွေးတည်ပြီး စားဖို့အသင့်ဖြစ်အောင်ပြင်ထား၊ ပြီးတော့ ရေချိုးတယ်။ ၇ နာရီ ၄၅ လောက်ရောက်တော့ အားလုံးအဆင်သင့်၊ ဒါနဲ့ မနက်စာ ကမန်းကတန်းစား၊ ၈ နာရီထိုးတာနဲ့ အိမ်ကစထွက်တယ်။ ကားဂိတ်ရောက်တော့ ကားမလာသေးရင်၊ သတင်းစာ အလကားပေးတဲ့ ဒေသန္တရဆေးခန်းထဲဝင်ပြီး ရလိုရငြားဝင်ကြည့်၊ ကျန်သေးရင် ယူလိုက်၊ မကျန်ရင်လဲ မတက်နိုင်။ ပြီးတော့ ကားလာရင် ခရီးဆက်။

ရုံးရောက်တော့ ၈နာရီခွဲ ကွက်တိ။ ပုဗ္ဗကိစ္စဖြစ်တဲ့ .. ရေအိမ်တက်ခြင်း၊ မြန်မာသတင်းလေးဘာလေးကို အင်တာနက်ကကြည့်ခြင်း၊ အာလာပ သာလာပလေးပြောခြင်း စတာတွေကိုလုပ်။ ၉နာရီလောက်ကျမှ
မဟာတာဝန်တွေကို စပါပြီ။ ရောက်လာတဲ့ အမှာစာ၊ ဈေးနှုန်းမေးမြန်းစာ၊ ပြဿနာရှာစာ စတာတွေကိုဖတ်ပြီး စာပြန်စရာရှိတာပြန်၊ ဈေးနှုန်းပေးစရာရှိတာတွေပေးပြီး စာတိုက်ပုံးကို ရှင်းသလိုဘဲ ကျွန်တော့်ရဲ့ အီးမေး စာပုံးကိုလည်းရှင်းလင်းရတယ်။ ပြီးတော့မှ လက်ခံပြီးသား အလုပ်တွေကို ဒီဇိုင်နာတွေနဲ့ ဆွေးနွေး၊ ရှင်းပြ၊ လာသမျှဖုန်းထဲက ကိုယ်သက်ဆိုင်ရာကိစ္စတွေကို လက်ခံပြောကြားတယ်။

ဆရာတော်ကြီးမိန့်တဲ့အတိုင်းဘဲ ကျွန်တော်ကိုယ်တိုင်က မလုပ်ဘဲနဲ့ လေမရှည်ချင်ဘူး၊ တကယ်လုပ်ပြီဆိုမှဘဲ လက်မထောင်ခြင်တဲ့သူဆိုတော့ တခြားသူတွေနဲ့ တခါတလေ ဆက်ဆံရတာ ကိုးလိုကန့်လန့် နိုင်လွန်းတယ်ဗျ.. မတတ်နိုင်ဘူးလေ။ လူအမျိုးမျိုး စိတ်အဖုံဖုံဆိုတော့..... လူကြီးရှေ့ကြရင် တစ်မျိုး ကွယ်ရာ တစ်မျိုး တော်တော်တက်နိုင်တဲ့သူတွေလို့ ဘဲမှတ်ယူပါတယ်။

ဒီလိုနဲ့ထမင်းစားချိန်ရောက်ရင် စား၊ နေ့လည်ကော်ဖီသောက်ချိန်ရောက်ရင်သောက်နဲ့ လောကကြီးရဲ့ စည်းစိမ်ကို တင်းပြည့်ကျပ်ပြည့်ခံစားတယ် ..ဟဲဟဲ.။

စိတ်ထဲတော့တွေးမိပါတယ်။ အင်း...သူများတွေကတော့ ပြောတယ် စင်္ကာပူမှအလုပ်လုပ်တာ တော်တော်ပင်ပန်းတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ ရန်ကုန်မှာလုပ်တုန်းကဆို တပတ်လုံးအလုပ်လုပ်ရတာ၊ နားရက် ၁ ရက်ရပြန်တော့လည်း အစည်းအဝေး တို့ ဘာတို့ကရှိနေတော့ ဘာမှမထူးဘူး။ မနက် ၇ နာရီလောက်စပြီးအိမ်ကထွက်တာ ည ၉နာရီကျော်မှ အိမ်ပြန် ရောက်တယ်။ ကျွန်တော့်ညီအငယ်ဆုံးဆိုရင် ကျွန်တော့်ကိုတောင်မမှတ်မိဘူး။ တွေ့လိုက်တိုင်း လူစိမ်းတစ်ယောက်လိုဘဲထင်နေတာ သူ တော်တော်ကြီးတဲ့အထိကိုဘဲ။

ကျွန်တော့်အတွက်ကတော့ အခုချိန်အထိ စင်္ကာပူမှာအလုပ်လုပ်ရတာ ရန်ကုန်ထက်စာရင် အပန်းဖြေတဲ့ရက် ပိုတောင်ရသေးတယ်။ စနေ တနင်္ဂနွေနားရက်ဆို အိမ်မှာနားရင်နား၊ မနားချင်ရင် သူငယ်ချင်းတွေနဲ့သွားတယ်။ တစ်နှစ်ကို ရန်ကုန်ကို ၂ ခေါက်ပြန်တယ်။ ဒါ့အပြင် အိမ်နီးနားချင်းနိုင်ငံ တွေကို အားတဲ့အခါ၊ ငွေနဲနဲရွှင်တဲ့အခါ လျောက်လည်တယ်။ ရန်ကုန်မှာဆို နိုင်ငံခြားသွားလည်ဖို့ဆိုတာ မဟာသူဌေးတွေသာ စဉ်းစားနိုင်တာ။

ဒီလိုနဲ့ ညနေပိုင်းအချိန်တွေကိုလည်းကုန်လွန်ရော အိမ်ပြန်ဖို့ သုတ်ခြေတင်တော့တာဘဲ။ ပြန်ရောက်တာနဲ့ ထမင်း ဟင်းမချက်ရသေးဘူးဆိုရင် ရှိတာတွေကိုထုတ်ချက်၊ အချိန်ရရင် အိမ်ဘေးနားက တူးမြောင်းတလျောက် အပြေးလေ့ကျင်တယ်။ လေ့ကျင်ခန်းမလုပ်ဖြစ်တာ ကြာပြီဆိုတော့ ခန္ခာကိုယ်က တဖြည်းဖြည်းနဲ့ ၀ိတ်ပေါကြီးဖြစ်လာပြီ။ တစ်ခါတစ်လေတော့ ရေကူးဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြန်လာတာနဲ့ ရေချိုး၊ အတူနေသူငယ်ချင်းတွေနဲ့ ညစာစားကြ၊ ပြီးတော့ ကျွန်တော့် အီးမေးတွေစစ်၊ အင်တာနက်ကြည့်နဲ့ ညကို အချိန်ကုန်လွန်စေပြန်တယ်။ ည ၁၂နာရီ ထိုးပြီဆိုတော့မှဘဲ
စိတ်ဒုန်းဒုန်းချ၊ ဘုရားကို ပုစိန်ပေါက် ပေါက်ရှိခိုးပြီး အနားယူတော့တာပါဘဲဗျာ...........

စိတ်ထဲကတော့... အားလုံး အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေလို့ ............

Tuesday, July 17, 2007

ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ (၂)

ရှည်ကြောထပြီး နံပါတ်တက်လိုက်တော့ ဒီအကြောင်းကို ဆက်ရေးရမလိုဖြစ်နေတာနဲ့ မထူးဘူးလေဆိုပြီး အခုတော့ ကိုတင်ညွန့် (Continue) လုပ်ရဦးမယ်ဗျ။ ပြောရင်းနဲ့ ခေါင်းထဲ ကိုတင်ညွန့်အကြောင်းကပေါက်ချလာတယ်။ ကျွန်တော် ရန်ကုန်က ကွန်ပျူတာစင်တာ တစ်ခုမှာ အလုပ်လုပ်တုန်းက အဖြစ်အပျက်ပါ။

ကျွန်တော်
“ကလင် ကလင် ကလင်……
ဟုတ်ကဲ့ အေဘီစီ ကွန်ပျူတာစင်တာကပါ။
မေးသူ
အေဘီစီ ကွန်ပျူတာ စင်တာကပါလား။
ကျွန်တော်
ဟုတ်ပါတယ်။ ဘာအကူအညီပေးရမလဲခင်ဗျ။
မေးသူ
ကျွန်မကွန်ပျူတာမှာ လက်ကွက်ကျင့်တဲ့ ဆော့်ဝဲလ် ထည့်တာ လုပ်လို့မရလို့ရှင့်။
ကျွန်တော်
စကားပြောသံက ၀ဲတဲတဲနဲ့ ရှမ်းလိုလို ကရင်လိုလို ဘာမှန်းမသိ။ အင်္ဂလိပ်လို မြန်မာလို ဟိုညှပ်ဒီညှပ်ပြော။ နားထောင်ရတာ မြန်မာလိုပြောနေတာလို့ ထင်ရခက်တဲ့ ပြဿနာအိုးနဲ့ စောစောစီးစီးစတွေ့တော့တာပါဘဲ။

အဲဒါနဲ့ ကျွန်တော်လည်း -
ဘာ အမှားတွေ တွေ့ရလို့လဲ။ တစ်ချက်လောက်ပြောပြပါခင်ဗျာ။
မေးသူ
ဟုတ်ကဲ့။ ကိုတင်ညွန့် နှိပ်ပြီး ဆက်သွားလို့ မရလို့ပါ။
ကျွန်တော်
ဘာဖြစ်လို့ ကိုတင်ညွန့်ကို နှိပ်ခိုင်းရတာလဲ။
မေးသူ
မဟုတ်ဘူးရှင့် - ကိုတင်ညွန့်ကိုဘဲနှိပ်တာပါ။ ပြီးတော့ဘာမှ မပေါ်လာတော့ဘူး။
ကျွန်တော်
ကျွန်တော်လည်းစိတ်ပေါက်ပေါက်နဲ့
ခင်ဗျား ကိုတင်ညွန့်က ဘယ်လောက်တတ်လို့လဲ။

ဒီတော့မှ မအ၀ှာက ပေါက်သွားပြီး အင်္ဂလိပ်စာလုံးကို တစ်လုံးချင်းရွတ်ပြမှဘဲ ကျွန်တော့မှာ ငိုရမလို ရယ်ရမလိုနဲ့ အရှက်ပြေ --
အဲလိုဆိုရင် အစ်မစက်ကို ရုံးကို ယူလာခဲ့ပေါ့။ ဒီမှာ ထည့်ပေးမယ်ဆိုပြီိး ပြောလိုက်ရတယ်ဗျာ……….”

အခုတော့ မအ၀ှာပြောသလို့ ကျွန်တော့်အကြောင်းကို ဆက်ရအုံးမယ်။ လေကြောကတော့ ရှည်သွားပြီ။ ကိုယ့်ကိုယ်ကိုတောင် စိတ်မရှည်တော့ဘူး။ မြန်မာစာရိုက်ရတာက ၁နာရီ ၁မိုင်နှုန်းနဲ လိပ်ရိုက် ရိုက်နေရတာဆိုတော့။

ကျွန်တော်ဒီလိုနဲ့ ဖုတ်လိုက် ဖုတ်လိုက် ၁၀တန်းအောင်ပြီးတော့ မဟာသံဝေဂတွေက ဟိုကဒီက ထွက်လာတယ်။ သြော် …. လူ့လောက .. လူ့လောက … ဘယ်လောက်ပဲ ကြိုးစား ကြိုးစား တစ်ချိန် ကျတော့လည်း အားလုံးကို စွန့်ခွာပြီး ထားခဲ့ရမှာပါလား ဆိုပြီး သာသနာဘောင်ကို ၀င်ချင်လာတယ်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ကိုပြောပြတော့ မိသားစုကတော့ ဘယ်ဝင်စေချင်မလဲ။ ငယ်တဲ့အရွယ်ဆိုတော့ စိတ်ကူးပေါက်ရာ လုပ်တယ်လို့ဘဲ ပြောကြတယ်။ နောက်ပြီး ကျွန်တော်က အကြီးဆုံးဆိုတော့ ကျန်တဲ့ ညီငယ်ညီမငယ်တွေကိုလည်း ကြည့်ဖို့တော့ စိတ်ထဲ နားလည်းပြီးသားပါ။ မေမေကတော့ တုံတိဘာဝေ - ဘာမှမပြောဘူး၊ ဒါပေမဲ့လည်း သူ့ရင်ထဲတော့ ဘယ်ခွဲသွားစေချင်မှာလဲလို့တော့ တွေးမိပါတယ်။

ဒါပေမဲ့ ကျွန်တော့်အကျင့်က လုပ်ချင်ပြီဆို လုပ်လိုက်ရမှ ကျေနပ်တာ။ ဒါနဲ့ ကျွန်တော့် ဘယ်သူ့ကိုမှ အသိမပေးဘဲ ရန်ကုန်မြိုကနေပြီး ရထားနဲ့ မန္တလေးကို တစ်ယောက်တည်း ထွက်ခဲ့တယ်။ စုထားတဲ့ ပိုက်စံ ၇၀၀ ကျော် (၁၉၉၇ အချိန်) လောက်နဲ့ အင်္ကျီ ပုဆိုး သုံးလေးထည်၊ ပြီးတော့ ဖတ်ချင်တဲ့စာအုပ်တွေကို စုထုပ်ပြီး ရိုးရိုးတန်းက စီးလာခဲ့တယ်။ ကိုယ်ကဘဲ ကံမကောင်းတာလားမသိ လက်မှတ်စစ်ကလည်း ၃ခေါက်စစ်တိုင်း ကျွန်တော့်အထုတ်ကိုဘဲ ၃ကြိမ်ထုတ်ကြည့်တယ်။ တော်သေးတာပေါ့ မှောင်ခိုတစ်ခုမှ မသယ်လာပေလို့ဘဲလို စိတ်ထဲတော့တွေးမိတယ်။

ငယ်ငယ်ကတည်းက မိဘတွေနဲ့ တစ်ခါမှ မခွဲဘူးသလို အခုလိုမျိုးတစ်ခါမှ ခရီးရှည်မသွားဘူးတော့ စိတ်ထဲတော့ နဲနဲအားငယ်မိတယ်။ ပြီးတော့ အခုသွားမည့် စစ်ကိုင်းကိုလည်း တစ်ခါမှ မသွားဘူးဘူးဗျ။ အဲဒါနဲ့ ခရီးဖော် အစ်ကိုတစ်ယောက်ကို မန္တလေးရောက်ရင် စစ်ကိုင်းကိုဘယ်လိုသွားရမလဲဆိုတာကို သေချာမေးပြီး ခရီးဆက်ခဲ့တယ်။

မနက် ၇ နာရီလောက်ရောက်တော့ ရထားက မန္တလေးဘူတာကို ချဉ်းကပ်လာပြီ။ ဒါနဲ့ကျွန်တော်လည်း အထုတ်တွေကို စင်ပေါ်ကချပြီး ဆင်းဖို့တကဲကဲ လုပ်နေတယ်။ ရထားဆိုက်တော့ အထုပ်ဆွဲပြီး အထွက် ဘူတာမှာ ခရီိးသည်တင် ဆိုက်ကားဆရာတွေက အတင်း အထုပ်ကှိုဆွဲပေးမယ်ဆိုပြီးယူတော့ ကျွန်တော်လည်း ဘုမသိ ဘမသိနဲ့ သူနောက်က လိုက်သွားလိုက်တယ်။ ဆိုက်ကားနားရောက်တော့မှ ဘယ်သွားမှာလဲမေးတော့ ကျွန်တော်လည်း စစ်ကိုင်းကားဂိတ်ကို သွားမယ်လို့ပြောလိုက်တယ်။ ကိုယ်တော်ချောက ၅၀ ကျပ် တောင် တောင်းတော့ ပေးခဲ့ရသေးတယ်။ စစ်ကိုင်းကားဂိတ်ရောက်တော့ ကားကလည်းထွက်ဖို့ အဆင်သင်ဖြစ်နေတာနဲ့ ကွက်တိဖြစ်သွားတယ်။

ဆက်ရန်။

မွေးနေ့ဆုမွန်

ဒီကနေ့ ညနေ ၅ နာရီ ခွဲလောက်က ကျွန်တော့်ဖုန်းထဲ အက်စ်အမ်အက်စ် (sms) စာတစ်စောင်ရောက်လာတော့ ဖတ်ကြည့်လိုက်တယ်။

“ဟေး ဒီနေ့ဟာ ငါ့မွေးနေ့ဖြစ်လို့
အပြင်ကဘာမှ စားမလာကြနဲ့။
စားစရာတွေ ငါဝယ်လာခဲ့မယ် …. ကိုဟ၀ှာ”


အတူနေတဲ့ သူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့မှာ ကျွေးမယ်ဆိုတဲ့ စာဖြစ်နေတယ်။ စိတ်ထဲတော့ တွေးမိတယ်။ သူ့ဟာက ဘာတွေဝယ်လာမှာမို့လို့အပြင်ကမစားဖို့ ပြောပြီး ဗိုက်မ၀တာဆိုရင်တော့ ဒုက္ခဘဲ။ မနက်ကတည်းက ကြိုလည်းမပြောဘူး၊ ဒီလိုမှန်းသိ မနက်စာနဲ့ နေခင်းစာကို လျော့ပြီး စားထားမှာပေါ့။ မတက်နိုင်ဘူး၊ စောင့်ကြည့် ရသေးတာပေါ့ဆိုပြီး သိပ်မယုံချင် ယုံချင်နဲ့ဘဲ “အင်း” ဆိုပြီး ပြန်ပြောလိုက်တယ်။

ညနေရုံးဆင်းတော့မှ သူက ၀ယ်စရာတွေကို ဈေးမှာ သွားဝယ်မယ်ဆိုလို့ အဖော်လိုက်သွား ရသေးတယ်။ ဟိုရောက်တော့ ကိုစားချင်တာတွေကို အတင်း လိုက်ဝယ်တယ်။ အင်း ဆိုးတော့ မဆိုးပါဘူးလေ…….၀ယ်ထားတဲ့အထဲမှာ
ပုစွန် ၊ ကြက်ကောင်လုံးကင်၊ ၀က်ခေါက်ကင်၊ ဘဲကင်၊ မြေပဲကြော်၊ အစိမ်းကြော် အပြင် နဲနဲပါးပါး ဘီယာလေးဘာလေး ကို မရမက ပါအောင် ၀ယ်ခဲ့တယ်။ အပြန်ကြတော့ တော်တော်လေးကို ဗိုက်စာနေတာနဲ့ အငှားကားစီးပြီး သုတ်ခြေတင် ပြန်ခဲ့ကြတယ်။

အိမ်ရောက်တော့မှ ကျန်သူငယ်ချင်းတွေလည်း ပြန်လာကြပြီဆိုတော့ သူ့ရဲ့ မွေးနေ့ညစာ စားဖို့ အင်တိုက် အားတိုက်ပြင်ဆင်ကြတယ်။ ပင်ပန်းလိုက်တာ သူ့မွေးနေ့က အေးအေး ဆေးဆေးမစားရဘူး။ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ည ကို ၈နာရီဒေါင်ဒေါင်မြည်သွားတယ်။ မထူးပါဘူး ရေလည်းနောက်မှ ချိုးမယ်ဆိုပြီး ဟိုဟာဒီဟာတွေ ပေါင်းစပ်ရောထားတဲ့ တန်ဖိုးကြီိး မွေးနေ့ညစာကို စတင်ကြတယ်။

ကျွန်တော်တို့လည်း မကောင်းတတ်တာနဲ့ အစဉ်အလာအရ ဖယောင်းတိုင်မီးတွေ ဘာတွေ မထွန်းတော့ဘဲ “Happy Birthday” လို့ပြောပြီး ခေါင်းမဖော်တန်း စားသောက်လိုက်ကြတာ၊ ဘာပြောကောင်းမလဲ ၀ယ်လာသမျှ အကုန်တက်တင်စင်တော့တာဘဲ။

စားရင်းသောက်ရင်း စိတ်ထဲတော့ ဟိုရောက်ဒီရောက် တွေးရင်းနဲ့ သူများကြွေးတဲ့ဟာတွေ စားထားပြီဆိုတော့ အာပတ်ပြေအောင် ဟဲဟဲ ဆုတောင်းပေးလိုက်ပါတယ်။

“အသက်တွေက တဖြည်းဖြည်းကြီးလာပြီဆိုတော့
ပိုမို ရင့်ကျက်တဲ့ လူတော်လူကောင်းတစ်ယောက် အပြင်
စင်္ကာပူရောက် ကျွန်တော်တို့ မြန်မာများ လိုလားတဲ့ ပန်းတိုင်ဖြစ်တဲ့
PR (Permanent Residence) အဖြစ်သို့ လျင်စွာ မုချ ဧကန်ရောက်ပါစေဆိုပြီး……..”

Sunday, July 15, 2007

ကျွန်တော်နှင့် အုလု အုလု ခရီး


စိတ်ပြေလက်ပြောက် တခါတလေ ခရီးထွက်တဲ့အခါတိုင်း တစ်ခုမဟုတ် တစ်ခုကတော့ အမှတ်ထင်စရာကို ကျန်ခဲ့အတာက ကျွန်တော့် စတိုင်။ ဒီနှစ် ဇွန်လက ရန်ကုန်က အလည်ပြန်လာပြီး စိတ်ထဲ အပန်းဖြေအငွေ့တွေက မကုန်သေးတာနဲ့ သူငယ်ချင်းအဖော်နဲ့အတူ စင်္ကာပူ နယ်စပ်အနီးက မလေးရှားကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ ဂျိုဟိုးကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့က စနေနေ့၊ ပုံမှန်ဆိုရင် အလုပ်တော့ မဆင်းရဘူး။ ဒါပေမဲ့ လောပန်ဇနီးမောင်နှံက ဟောင်ကောင်မှာ ရောက်နေတော့ ရုံးကို ကြည့်ပေးပါဆိုတာနဲ့ အခမဲ့ အချိန်ပိုမရတဲ့ နေ့တ၀က်လောက်ကို ရုံးမှာ ဘာလိုလို ညာလိုလို လုပ်ရင်းနဲ့ လှူခဲ့ရသေးတယ်လေ။

အချိန်အားဖြင့် နေ့လည် ၁နာရီလောက် စင်္ကာပူကနေထွက်လာပြီး လိုင်းကားနဲ့ မလေးရှားဘက်ကို ကူးခဲ့တယ်။ မလေးရှားဘက်ကူးမဲ့ကားပေါ်တက်ကတည်းက စပြီး မလေးရှားရဲ့ အငွေ့အသက်ကို စတင်ခံစားရပါပြီ။ ကားဆရာက ကားအပြင်အောက်ကနေ မှန်တံခါးပေါက်တွေကို တဒုန်းဒုန်းနဲ့အော်ဟစ်ထုပြီး မတ်တပ်ရပ် ခရီးသည်တွေကို ကားနောက်ပိုင်းကို တိုးရန် အော်ဟစ်ပြောတော့တာဘဲ။ တစ်ခါမှ ဒီလိုအတွေ့အကြုံမျိုးကို စင်္ကာပူမှာ မကြုံဘူးပါဘူး။ ကျွန်တော့်တို့လည်း အတင်းတိုးဝှေရင်း အဆင်းပေါက်နဲ့နီးတဲ့နေရာလောက်မှာ ဆင်းရလွယ်အောင်လို့ ခိုကပ်ပြီးလိုက်ခဲ့တယ်။

ကားရပ်တော့ ကားပေါ်ကပြေးဆင်းပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးကောင်တာမှာ အပြေးအလွှားတန်းဆီကြ။ အားလာလာ.... နိုင်ငံခြားသားဆိုတဲ့ ဂိတ်မှာ လူပေါင်းမြောက်များစွာ ....ရာသီကပူပူ၊ အဲယားကွန်းက လက်တစ်ဆစ်လောက် အေးအေး၊ တန်းဆီတဲ့ဆီ မရောက်နိုင်တဲံ ပန်ကာလေက တဝှေ့ဝှေ၊ နံလိုက်တဲ့ အမွှေးနံ့နဲ့ လူစော်က စိတ်ပျက်စရာ အစီစီ၊ ကောင်တာက ပတ်စပို့စစ်တဲ့ အရာရှိတွေက ဘယ်သူမှ ဂရုမစိုက်တဲ့မျက်နှာထားနဲ့ ပက်ကျိသွားသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်ကို စစ်ဆေးနေတော့ အရပ်ကတို့ရေ ၁နာရီကျော်လောက်ကြာကြာ ကျမှ ကျွန်တော့်တို့အလှည့်ရောက်တယ်။ မြန်မာပတ်စပို့ဆိုတော့ သိတဲ့အတိုင်းပါဘဲဗျာ ဟိုလှန် ဒီလှန် ဟိုကြည့် ဒီကြည့် သူ့ဆွေမျိုးမဟုတ်တဲ့အတိုင်း မျက်နှာကြည့်လိုက် ပတ်စပို့ကိုကြည့်လိုက်နဲ့ စိတ်ပိန်စရာ ၀န်ဆောင်မှုနဲ့ ပေးချင်မပေးချင် ၀င်ခွင့် ပေးခဲ့တယ်လေ။ ဒါတောင် တော်သေးတယ်ဗျာ မြန်မာပြည်လို ကြားဖြတ်တဲ့ဆွေတော်မျိုးတော်တွေမရှိလို့။

မြန်မာပြည်ကို ပြန်ရောက်သွားသလိုပါဘဲဗျာ ... ဆိုင်ကယ်သံ ကားသံ လူသံတွေက တညံညံနဲ့ ဒီကြားထဲ အငှားကားဆရာတွေက သူ့ထက်ငါ အပြိုင် စီးကြဖို့ လိုက်မေးနေတော့ ကျွန်တော်တို့လည်း ခပ်ဝေးဝေးကသွားပြီး အနီးစပ်ဆုံး စီးတီး စကွယ်လ် ရှောပင်းမောကို သုတ်ခြေနှင်တော့တာပါဘဲ။ ရှောပင်းမောထဲရောက်တော့မှဘဲ အေးအေးလူလူ အနားယူကြရတယ်။ ငယ်ငယ်တုန်းကတော့ ကြားဖူးတယ် - သစ်ပင်ရိပ်ဟာ အေးမြတယ်တဲ့ . ဒီနေရာမှာတော့ ကျွန်တော့ကတော့ အဲယားကွန်းက ပိုပြီးအေးမြတယ်လို့ ပြောရမလိုလို။ အထဲမှာ လျောက်ကြည့်၊ ဈေးပေါတာလေးတွေလိုက်စား၊ အနုအရွလေးတွေလိုက်ကြည်ရင်းနဲ့ နေ့လည်ကို ကုန်လွန်စေတယ်။ နောက်မကြာ ၅ နာရီလောက်မှာ မလေးရှားမှာ အလုပ်လုပ်နေတဲ့ အသိမိတ်ဆွေရောက်လာတာနဲ့ သုံးယောက်သား ဂျိုဟိုးကမ်းခြေတစ်ခု ဖြစ်တဲ့ ဒန်ဂါဘေး ကိုသွားကြ။ လိုင်းကားစီးရတာ အဆင်မပြေတာကတစ်ကြောင်း၊ မလေးဘာသာစကားကို မပြောတတ်တာတကြောင်းကြောင့် အငှားကားကို ပုတ်ပြတ်ငှားစီးပြီး ထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ အချိန်က ညနေသာပြောတာ နေကပူချစ်နေတုန်းဆိုတော့ အဲယားကွန်းရှိတဲ့နေရာကို လိုက်ရှာပြီး ခဏနားကြတယ်။ ပြီးတော့မှ သုံးယောက်စီး စက်ဘီးကို ၁နာရီငှားပြီး ကမ်းခြေတစ်လျောက်နင်းရင်း အပန်းဖြေကြတယ်။ စိတ်ပန်စရာဗျာ မလေးရှားသူတွေက အကုန်လုံး ခေါင်းစခြေဆုံး အဖုံးဖုံးအင်္ကျီတွေကို ၀တ်ထားကြလိုက်တာ သူတို့အစား သေတောင်သေချင်မတယ်။ မပူဘူးလားမသိဘူး။

ဒီလိုနဲဘဲ ကျွန်တော့်တို့တစ်တွေ ညပိုင်းရောက်တော့ ကမ်းခြေစားသောက်ဆိုင်တစ်ခုမှာ စင်တင်တေးဂီတကို နားထောင်ရင်းနဲ့ ညစားစားကြတယ်။ ညမိုးချုပ်တော့ မထူးပါဘူး ရောက်တုန်းရောက်ခိုက် ဟိုဟာဒီဟာလေးများ ကြည့်လို့ရမလားဆိုပြီး ဂျိုဟိုးမှာရှိတဲ့ နာမည်ကြီး ကလပ်တစ်ခုကို ခရီးနှင့်ခဲ့ကြတယ်။ ဟိုရောက်တော့ ညက ၁၁နာရီလောက်ရှိနေပြီ။ ဧည့်ကြိုတွေက ၀မ်းပန်းတသာ ကြိုဆိုပြီး ဖျော်ဖြေရေးစင်နီးရာသို့ ခေါ်သွားပေးတယ်။ ကျွန်တော်ကလည်း နဲနဲရှက်တတ်တော့ အနီးဆုံးတော့ မသွားဘူးဆိုပြီး အပေါ်ထပ်ကနေ ကြည့်မယ်လို့တောင်းဆိုတော့ သူတို့က အပေါ်ထပ်မှာ စီစဉ်ပေးတယ်။ ဒါနဲ့ဘဲ အဲဒီကလပ်မှာ နားသောတ၊ မျက်စိပသာဒ ခံပြီး ဈေးအချိုဆုံးထင်ရတဲ့ ကိုကာကိုလာကို သောက်လည်းသောက် ကုန်လည်းမကုန်စေဆိုတဲ့ ဆောင်ပုဒ်အတိုင်း လိုက်ဖ်တေးဂီတကို နားထောင်ရင်း အပန်းဖြေကြတယ်။ အားလာလာ...ဒီဂျေ ရဲ့ တီးခတ်နှုန်းက ပြင်းလိုက်တာမပြောနဲ့ နှလုံးရောဂါသည်ဆိုရင် တစ်ခါတည်းအသက်ပါ ပျောက်သွားမလား အောက်မေ့ရတယဗျာ။ ထူးခြားတာက အဆိုတော်တွေတော်တော်များများက မလေးရှားကမဟုတ်ဘဲ ဖိလစ်ပိုင်လူမျိုးတွေဖြစ်နေတယ်။ သူတို့ကတော့ အင်္ဂလိပ်သူချင်းတွေကို အဓိကဆိုကြတယ်။ ကောင်းသလားမပြောနဲ့ အင်္ဂလိပ်အသံထွက်တွေကလည်း ဟိုးအမေရိကက အဆိုကျော်တွေအတိုင်းနီးပါးကို ကောင်းတာဗျာ။ တိုက်တိုင်းနစ်ထဲက သီချင်းကိုဆိုသွားတာများ အောင်မလေးဗျာ .... ဘယ်လိုပြောရမှန်းကိုမသိဘူး .... ကောင်းချက်က..။ ဒီတစ်ခါတော့ တန်သွားပြီဗျို့။ ဈေးနဲနဲပေးပြီး လိုက်ဖ် ဂီတကို ကြည့်ရတာ။ ပြီးတော့ မရပ်မနား သူတို့က ကကြတယ်..မျက်စိပသာဒကတော့ တော်တော်လေးကို လွန်လွန်းနေပြီ။

ည ၁နာရီလောက်ကျတော့ မျက်လုံးတွေ နားတွေက မရတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ နီးစပ်ရာ ဟိုတယ်မှာ နားဖို့ရည်ရွယ်တုန်း အသိက သူ့ဘန်ဂလိုမှာ လိုက်တည်းဖို့ ဖိတ်ခေါ်တာနဲ့ ရက်ရက်ရောရော အငှားကားစီးပြီး ပြန်ခဲ့တယ်။ သူနေတဲ့နေရာက အုလု သီလန်တဲ့....အုလုဆိုတာက မလေးရှားလိုပြောရင် တောတို့ လျိုမြောင်တို့လိုပုံစံမျိုး၊ တခြားလိုဆိုရင် မသန့်ရှင်းတဲ့နေရာတို့ ဟိုလိုလို ဒီလိုလိုလူတွေကို ခေါ်တယ်လို မလေးရှားသူငယ်ချင်းက ပြောဖူးတဲ့အတိုင်းဘဲ သူ့နေရာက တစ်ကယ်ကို အုလု အုလု ပါဘဲ။ တော်တော်လေးကို ခရီးနှင်ရတယ်။ သူကပြောပြတယ်။ ညဘက်ဆိုရင် သူတစ်ယောက်တည်း အပြင်မထွက်ဘူးတဲ့။ ဟဲဟဲ စိတ်ထဲတတော့ တင်းထားပြီး လိုက်သာလာခဲ့ရတာ အားကောင်းမောင်းသန် ဆိုလို့ ပြေးကြည့်စရာ မရှိ။ ဟိုရောက်တော့ နေရာလေးက တော်တော်လေးကောင်းပါတယ်။ ဒါနဲ့ သက်ပြင်းချပြီး ညကို အချိန်ကုန်စေခဲ့တယ်။

နံနက်ခင်း မိုးလင်းတော့မှ အိပ်ယာနိုးပြီး နာရီကြည့်လိုက်တော့ ၉ နာရီရှိနေပြီ။ ဒါနဲ့ ကိုယ်လက်သုတ်သင်ပြီး သုံးယောက်သား နံနက်စာစားဖို့ နီးစပ်ရာ ဈေးနားကို ထွက်ခဲ့ကြတယ်။ အဲဒီဈေးနားမှာ မြန်မာဆိုင်တွေရှိတယ်ဆိုလို့ တော်တော်လေးဝမ်းသာသွားတယ်။ ဟိုရောက်တော့ မြန်မာဆိုင်အရင်ရှာမတွေ့တာနဲ့ တွေ့ရာဆိုင်တစ်ဆိုင်မှာ စားကြပြီး ခဏအနားယူကြတယ်။ ပြီးတော့မှ အနားမှာရှိတယ် တရုတ်တွေကို မတောက်တခေါက် တရုတ်လိုမေးကြည့်တော့မှ မြန်မာဆိုင်က မြေညီထပ်မှာ မဟုတ်ဘဲ ပထမထပ်မှာ ဆိုလို့ တက်ကြည့်တော့မှ တွေ့ပါပြီ ကိုမြန်မာဆိုင်။ အထဲရောက်တော့ အုလု အုလု ကိုမြန်မာတွေတစ်သိုက် စောစောစီးစီး ဘီယာနဲ့ မျက်နှာသစ်နေကြတယ်။ အော် ဒါကလည်း အပန်းဖြေတဲ့ နည်းတစ်မျိုးဘဲဆိုလား ဘာလား ညာလား မသိပါဘူးဗျာ။ ဒါနဲ့ ကျွန်တော်တိုလည်း မြန်မာစာ လက်ဘက်ရည်နဲ့ ဆိုင်ချက် မုန့်ဟင်းခါးကို စားပြီး ပြန်ထွက်လာခဲ့ကြတယ်။

ကျွန်တော်တို့ အဲဒီကနေပြီး နံနက် ၁၁ နာရီလောက် အငှားကားဖြင့် နယ်စပ်ကိုပြန်လာကြတယ်။ ကားဆရာကို ကြည့်လိုက်တော့ သူ့ပုံစံကလည်း အုလု အုလု ဗျ။ လူပုံစံက ညှင်းသိုးသိုး ကုလား။ ဂျစ်ကန်ကန်ရုပ်။ ဒါနဲ့ ကျွန်တော်က နယ်စပ် ကိုတာယာယားကို သွားမယ်လို့ပြောပြီး ထွက်လာကြတယ်။ ဟိုရောက်တော့ အဲဒီအုလု အုလုက နယ်စပ်နားမရပ်ပေးဘဲ၊ တခြားရပ်ပေးတော့ ကျွန်တော်နဲ့ စပြီး စကားများရတော့တာဘဲ။ ဒါနဲ့ကျွန်တော်လည်းစိတ်တိုပြီး ဆက်ကပြောနဲ့လို့ ပြင်းပြင်းထန်ထန် ပြောပစ်လိုက်တယ်။ ဒီတော့ ငနဲက ရုတ်တရက်ကားထဲက ထွက်လာပြီး ကျွန်တော်ကို ထိုးမယ် ကြိတ်မယ်လုပ်တော့တာဘဲ။ ကျွန်တော်လည်း တခြားနိုင်ငံမှာ ရန်မဖြစ်ချင်တာရယ်၊ ဒင်းကို ရွံကြောက်တာရယ်ပေါင်းပြီး ပြန်တောင်းပန်လိုက်တယ်။ တော်သေးတာပေါ့ ဘာမှ မဖြစ်လို့။ ပြီးတော့မှ ကျွန်တော်တို့လည်း လမ်းလျောက်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးနေရာကို သွားခဲ့ကြတယ်။ ထိုကတဆင့် စင်္ကာပူကို ပြန်ခဲ့ကြတယ်။ စိတ်ထဲကတော့ တော်တော် အုလု အုလု နိုင်တဲ့ ခရီးဘဲလို့ ............

ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ (၁)

...တွေးကြည့်တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်သနားစရာကောင်းတဲ့ သတ္တ၀ါ...(အခုလိုပြောလိုက်လို့ စိတ်မရှိပါနဲ့ အရပ်ကတို့ရေ - သင်ကြားဖူးတဲ့ သတ္တဗေဒဘာသာရပ်မှာ အပင်နဲ့သတ္တ၀ါဘဲရှိတယ်ဆိုလို့ပါ) ပါလားလို့ ထင်တောင်ထင်မိပါတယ်။ အမေက မွေးပြီးကတည်းက အမေကလွဲလို့ အဖေဆိုတာ ဘယ်ဆီနေမှန်းတောင် မသိခဲ့ရဘူး။ ကိုးတန်းကျောင်းသားဘ၀တုန်းက သင်ခဲ့ရတဲ့ မျက်မမြင်ကောင်လေး ကဗျာကို သွားပြီးသတိရမိတယ်။ သူက မွေးကတည်းက မျက်မမြင်ခဲ့တဲ့အတွက် သူကိုယ့်သူ အများနဲ့နှိုင်းယှဉ်ရင် ဆုံးရှုံးသူလို့မမှတ်ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူဟာ မွေးလာကတည်းက မျက်စိနှစ်ကွင်း အလင်းရောင်ဆိုသော အရာကို ပိုင်ဆိုင်မထားလို့တဲ့။ ဒီတော့ သူအတွက် မမြင်တာဟာ ဆုံးရှုံးမှုလို့ သူမမြင်ဘူး။ ဒီလိုပါဘဲလေ ... ကျွန်တော်ကိုယ် ကျွန်တော်လည်း အဖေမရှိလို ဒီလောကကြီးထဲမှာ ဆုံးရှုံးသူလို့ ကိုယ့်ကိုယ်ကို မထင်မှတ်ချင်ဘူး။ တခါတလေ စင်္ကာပူမှာ အလုပ်လုပ်ရင်း ပြောလေ့ပြောထရှိတဲ့ ရွေးစရာလမ်းမရှိ -NO CHOICE- ဆိုတဲ့စကားကိုဘဲ စွဲပြောရမလိုဖြစ်နေတယ်။ မတတ်နိုင်ဘူးလေ။ လူဆိုတာ သူ့ကံနဲ့သူဖြစ်လာတာဘဲ။ ကိုယ်ကိုယ်တိုင်က အတိတ်ဘ၀ကာလများဆီက ဘာမဟုတ်တာတွေလုပ်ခဲ့မိလည်းမှ မသိတာ။ ဒီတော့ ယခုမျက်မှောက်ကာလမှာ အတတ်နိုင်ဆုံး မိမိကိုယ်ကို ထိန်းမတ်ဖို့ အမြဲတည်း သတိပေးနေရတယ်ဗျ။

ဒီနေရာမှာ မြတ်စွာဘုရားပြောခဲ့တဲ့ စကားကို ကျွန်တော်အမြဲသတိရမိပါတယ်။
“မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ စကားပါဘဲ။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ဒီနေရာမှာ နဲနဲလောက် လေရှည်ချင်ပါတယ်ဗျာ။ မွေးကတည်းက အမေ့ရင်ခွင်မှာကြီးပြင်းလာတာ .. သိပ်မကြာပါဘူး..မေမေက ကျွန်တော် ဒုတိယတန်းနှစ်မှာ ဒုတိယအိမ်ထောင်ပြုတယ်။ သူဘက်ကကြည့်တော့လည်း အသက်က နှစ်ဆယ်ဝန်းကျင်အရွယ်ဆိုတော့ ဒီအတိုင်းဆက်သွားမယ်ဆို ဘယ်တင့်တယ့်ပါမလဲ။ ဟုတ်တာပေါ .. ကျွန်တော့်ဘက်ကကြည်ပြန်ရင်လည်း တစ်ယောက်တည်း အထီးကျန်မဲ့အတူတူ ညီလေးညီမလေးတွေရှိတော့ ပျော်စရာကြီးပေါ့ဗျာ။ တစ်ကယ့်ကို ပျော်စရာကြီးပါဘဲ - နောက်ထပ်ပြီးမွေးလိုက်တာ ကျွန်တော်မပါ ၅ ယောက်၊ ဒါတောင် ကြား ၁ယောက်က မွေးပြီးမကြာ ဆုံးသွားလို့။ ဒါတင်ဘယ်ကမလဲ မေမေ့ညီမ ကျွန်တော့်အဒေါ်က မွေးခဲ့တဲ့ သမီးလေး ၂ ယောက်ကလည်း အဒေါ်နဲ့ သူ့အမျိုးသား ရှေ့ဆင့်နောက်ဆင့် ဆုံးသွားပြီးကတည်းက ကျွန်တော့်တို့နဲ့အတူနေကြတာဆိုတော့ အရပ်ကတို့ရေ တွက်သာကြည့်ပေတော့။ အားလုံးပေါင်းဆို ကျွန်တော်အပါ ကလေး ၈ ယောက်ဗျ။ ရှေးတုန်းကကြားဖူးတဲ့ စကားအတိုင်းဆို ကလေးရှိတော့ အိမ်သာတယ်ဆိုလားဘာလား မသိဘူးဗျာ ကျွန်တော့်တို့အိမ်မှာကတော့ ပွက်လောကို ရိုက်နေတာဘဲ။ စဉ်းစားသာကြည့်ပါတော့ဗျာ။

အဲဒီတော့ကျွန်တော်ပြောချင်တာက စက်ရုံကထပ်မထုတ်နိုင်တော့တဲ့ (ကျွန်တော့်အဖေဆုံးသွားလို့နော်) တစ်ကောင်ကြွက်ဘ၀ကနေပြီး ဘယ်ဒါရိုက်တာ စေခိုင်းလိုက်လဲမသိဘူဗျာ အလိုလိုနေရင်းနဲ့ အစ်ကိုကြီးဘ၀ကို ရောက်ခဲ့ရပါတယ်။

အစ်ကိုကြီးတော့ အဖရာတဲ့။ ဘယ်သူက စလိုက်လဲမသိပါဘူးဗျာ။ စားသတိ၊ သွားသတိ၊ နေသတိ၊ ထိုင်သတိနဲ့ တကတည်းကိုမှ သတိကို ကပ်ပြီးနေရတာ တော်တော်ကို စိတ်ပိန်စရာ။ ဒီတော့ လူငယ်ဖြစ်ပြီး မကောင်းမှုကို လုပ်ချင် စမ်းချင်တာတောင် အောင့်မျလေး ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်ဧ။် ဆိုတဲ့ အသိက ခေါင်းထဲဝင်လာ။ မဖြစ်သေးပါဘူးလေ ဆင်ခြင်ဦးမှ အရပ်ကတို့ရေ။ ဒါ့ကြောင့် ရှေ့ဆောင်နွားကြီး အနေအဖြင့်လည်း ကျွန်တော်ဟာ ကောင်းမှုဆိုတဲ့ အရာတွေကို ကြိုးစားပြီးလုပ်နေရပါတယ်ဗျာ။ သြော် ….. အစ်ကိုကြီးဖြစ်ရတဲ့ ဒုက္ခ။

စိတ်ကတော့ဗျာ အရပ်ကတို့တို့ သိတဲ့အတိုင်းဘဲ … ပုထုဇဉ်ဆိုတော့ ဟဲ ဟဲ ॥ မပြောတတ်ဘူးလေ ……အတတ်နိုင်ဆုံးတော့ ဖြူအောင်ထားနေရတယ်။ ဖြူလိုက် ခဲရောင်သန်းလိုက်ပေါ့ဗျာ (မဲတော့မမဲသေးဘူး)။


ဆက်ရန်။


Friday, July 13, 2007

welcome to ကျွန်တော့် blog

This blog is updating from time to time and please come back to check if you have time.

Please stay in touch.

Have a nice visit to my blog....